မန္တလေးမြို့ အိမ်ခြံမြေအငှားဈေးကွက်တွင် တစ်လ ငှားရမ်းခဈေးနှုန်း ကျပ်သိန်း ၂၀၀ ၀န်းကျင်အထိ ငှားရမ်းမှုများရှိနေ
မန္တလေးမြို့ အိမ်ခြံမြေ အငှားဈေးကွက်တွင် တစ်လငှားရမ်းခ ဈေးနှုန်း ကျပ်သိန်း ၂၀၀ ၀န်းကျင်အထိ ရှိလာပြီး စံချိန်တင် ငှားရမ်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။၂၀၁၀ ခုနှစ်ခန့်မှ စတင်ကာ ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်ရန် ပြင်ဆင်လာမှုအရ မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်အတွင်း စံချိန်တင် အရောင်းအ၀ယ်များ ဖြစ်ပေါ်ခဲ့ပြီးနောက် အငှားဈေးကွက်တွင်လည်း တစ်လ ငှားရမ်းခဈေးနှုန်း ကျပ်သိန်း ၁၀၀ ခန့်ဖြင့် သမိုင်းစံချိန်တင် ငှားရမ်းမှုများ ဖြစ်ပေါ်ခဲ့ရာမှ ယခုအခါ ခြံဝန်းကျယ်များကို တစ်လလျှင် ကျပ်သိန်း ၂၀၀ ၀န်းကျင်အထိပေးကာ ငှားရမ်းမှုများ ရှိလာနေကြောင်း အိမ်ခြံမြေပွဲစားများထံမှ သိရသည်။“မန္တလေးမှာ အငှားဈေးကွက်ကို အမြင့်ဆုံးပေးနိုင်တာက အရင်ကတော့ ဘဏ်တွေပေါ့။ ဒုတိယက ဘီယာဆိုင်တွေပါ။ ခုတော့ ကေတီဗွီက အပေးနိုင်ဆုံးပေါ့ဗျာ။ ကေတီဗီဆိုင်တွေက မြို့ထဲမှာ ရှားသွားပြီး မြို့သစ်ဘက်ပိုင်းတွေမှာ သိန်း ၁၀၀၊ သိန်း ၂၀၀ တွေ နဲ့ ပေးငှားထားကြတယ်။ အဲဒါတွေက ခြံကျယ် ၀န်းကျယ်ကြီးတွေမှာ ၁၅ နှစ်စီမံကိန်းနဲ့ အဆောက်အအုံတွေ ပြင်ဆောက်တာမျိုး တစ်လကို သိန်း ၁၂၀ နဲ့ ငှားထားတာ ရှိသလို တစ်လကို သိန်း ၂၀၀ ပေးငှားပြီး လုပ်နေတာလည်း ရှိတယ်။ အချုပ်အနေနဲ့ပြောလို့ရတာကတော့ ကေတီဗွီ၊ ဘဏ်နဲ့ အရက်ဘီယာဆိုင်တွေကပဲ ခုလို ပေးငှားနိုင်ကြပြီး ကျန်တာတွေက မငှားနိုင်ကြတော့ဘူး”ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောကြားသည်။“မြို့လယ်ကောင်က စီးပွားရေးအချက်အချာ နေရာတွေမှာ တစ်လငှားရမ်းနှုန်း သိန်း ၄၀၊ ၅၀ လောက် ရှိတယ်။ အခုနောက်ပိုင်း အငှားတွေကတော့ တစ်နှစ်ပြီး တစ်နှစ် ၁၀ ရာခိုင်နှုန်း တက်လာလိုက်တာ အတက်လွန်သွားပြီး ငှားပြီး လုပ်ကိုင်မယ့်သူတွေက သက်သာမယ့် နေရာတွေ ပြောင်းနေကြရတယ်။ ရိုးရိုးသားသား လုပ်စားမယ့်သူတွေအတွက် အငှားဈေးကွက်က သိပ်ဈေးမြင့်တယ်။ ဘယ်လိုမှ ကိုယ့်အတွက်ကျန်ဖို့ မလွယ်ဘူး။ ၀န်ထမ်းစရိတ်က ရှိသေးတော့ အများစုက မကိုက်ကြပါဘူး။ ဒါကြောင့် သိန်း ၅၀ လောက်နဲ့ ငှားထားတဲ့အကွက်တွေက နှစ်နှစ်လောက်နဲ့ ပြန်အပ်နေကြတာလည်း များနေတယ်။ ဆက်မလုပ်နိုင်ကြတော့ဘူး”ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောကြားသည်။ယခုကဲ့သို့ တစ်လလျှင် ကျပ်သိန်းရာချီဖြင့် အငှားဈေးကွက် ဖြစ်ပေါ်လာမှုမှာ ကျပ်သိန်းသောင်းချီသော အိမ်ခြံမြေဈေးနှုန်းများအရ ဖြစ်ကြောင်း ၀ါရင့်မြေပွဲစားများက သုံးသပ်ခဲ့ပြီး အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက “မန္တလေးမြို့မှာ ဈေးအမြင့်ဆုံးက သိပ္ပံလမ်းပေါ်လို့ ပြောလို့ရတယ်။ သိန်းပေါင်း သောင်းချီနေတာပါ။ တစ်ဧကကို ကျပ်သိန်း ရှစ်သောင်းလောက် ခေါ်ဆိုဈေးရှိနေပြီး တေ့တေ့ဆိုင်ဆိုင် ၀ယ်မယ်ဆိုရင် အရောင်းဘက်က နောက်ဆုတ်သွားတာ များတယ်။ မြေအရောင်းအ၀ယ်ကတော့ မဖြစ်ပါဘူး။ နောက်ပြီး လမ်း ၃၀ နဲ့ လမ်း ၆၀ အထက်ပိုင်းတွေမှာဆိုလည်း တစ်ဧကကို ခုနစ်သောင်းခွဲလောက် ရှိပြီး အရောင်းအ၀ယ် ရှိလားဆိုတော့ မရှိပါဘူး။ ဒါကြောင့် အိမ်ခြံမြေဈေးကွက်ကတော့ မာမာအေးပေါ့ဗျာ။ ဈေးမာပြီး အရောင်းအ၀ယ် အေးနေတယ်”ဟု ဆိုသည်။ Source: Eleven Media Group
Facebook comments