ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် မြို့ပြ စီမံကိန်းပညာရှင်များ စုပေါင်းရေးဆွဲထားသည့် မြို့ပြမြေအသုံးချမှုနှင့် အထပ်မြင့်နယ်မြေသတ်မှတ်ချက်များ ပါဝင်သည့် (Zoning plan) ကို အများပြည်သူများအကြား ထပ်မံဆွေးနွေးရန် လိုအပ်နေသဖြင့် ယခု အစိုးရသက်တမ်းအတွင်း အတည်ပြုနိုင်မည် မဟုတ်ကြောင်း သက်ဆိုင်ရာက ထုတ်ပြန် ကြေညာလိုက်သည်။
"မြေအသုံးချမှုဇုန် သတ်မှတ်ချက်တွေကို အများပြည်သူကိုလည်း သေသေချာချာ ချပြဖို့ လိုသေးတယ်။ အသေးစိတ်လုပ်ရမယ့် အပိုင်းတွေရှိသေးတယ်။ အခု တည်ဆောက်နေတဲ့ စီမံကိန်းတွေကလည်း အထပ်မြင့်ဇုန် သတ်မှတ်ချက် မရှိတဲ့ အချိန်မှာ တက်လာတာဖြစ် တဲ့အတွက် သတ်မှတ်ချက်တွေနဲ့အညီ ပြန်လည် ညှိနှိုင်းလုပ်ပေးပါတယ်။ ဒီသတ်မှတ် ချက်တွေကို နောက်လာမယ့် အစိုးရသက် တမ်းတွေမှာ အတည်ပြုနိုင်မယ်လို့ ထင်ပါတယ်။ ကုလသမဂ္ဂရဲ့ သတ်မှတ်
ချက်တွေ လည်း ဒီမြေအသုံးချမှုဇုန် သတ်မှတ်ချက်ထဲ ထည့်သွင်းသွားမှာပါ" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း နှင့် မြေစီမံခန့်ခွဲရေးဌာန၊ ဒုတိယဌာနမှူး ဦးတိုး အောင်က ပြောသည်။
ကုလသမဂ္ဂမြို့ပြအိမ်ရာများဆိုင်ရာ အစီအစဉ်၏ အဆိုပြုချက်အရ ကမ္ဘာ့နိုင်ငံများရှိ မြို့ကြီးများတွင် အထပ်မြင့်အဆောက်အအုံနှင့် လူနေအိမ်ရာစီမံကိန်းများ ဖော်ဆောင် ရာ၌ စုစုပေါင်းမြေအကျယ်အ၀န်း၏ ၃၀ နှင့် ၃၅ ရာခိုင်နှုန်းကို
လမ်းမြေအဖြစ်နှင့် စုစုပေါင်း မြေ၏ ၁၅ ရာခိုင်နှုန်းနှင့် ၂၀ ရာခိုင်နှုန်းကို အများပြည်သူအသုံးနိုင်သည့် မြေနေရာများ အဖြစ် သတ်မှတ်ရန်ဖြစ်ပြီး၊ အဆိုပါ အကြံ ပြုချက်များကို အသစ်ထွက်ပေါ်လာမည့် မြို့ပြမြေ အသုံးချမှု
ဇုန်တွင် ထည့်သွင်းရေးဆွဲ သွားမည်ဖြစ်သည်။
လက်ရှိတွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းဆောင်ရွက် ရေးဆွဲခဲ့သည့် မဟာ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း (Greater Yangon)
တွင်လည်း ရန်ကုန် မြို့တော်ဖွံ့ဖြိုးရေးနှင့် မြို့ပြလက္ခဏာများ၊ ယဉ်ကျေးမှု အဆောက်အအုံများ ကာကွယ် ထိန်းသိမ်းနိုင်ရန် အထပ်မြင့် အဆောက်အအုံ သတ်မှတ်ချက်များကို ထုတ်ပြန်ခဲ့ပြီးဖြစ် သည်။ မြေအသုံးချမှုဇုန်များကို တိတိကျကျ
ပြဋ္ဌာန်းလာနိုင်သည်နှင့်အမျှ အဆောက်အအုံ စီမံကိန်းများကိုလည်း သတ်မှတ် ထားသည့် ဇုန်အတွင်း၌သာ စည်းကမ်းချက်များနှင့် အညီ တည်ဆောက် ရမည်ဖြစ်သည်။ မြို့ပြမြေ အသုံးချမှုဇုန် သတ်မှတ်ချက် များကို ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် မြို့ပြစီမံကိန်း ပညာရှင်များပူးပေါင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါမြို့မြေအသုံးချမှုဇုန် သတ်မှတ်ချက် မူကြမ်း
အရ ရန်ကုန်မြို့တော်ကို ဇုန်ပေါင်း ၁၁ ဇုန်အထိ ခွဲခြားသတ်မှတ်ထားသည်။ အဆိုပါ ဇုန်သတ်မှတ်ချက်မူကြမ်းတွင် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်း ရှင်များအသင်းနှင့် အခြားသော အဖွဲ့အစည်း များက ပြင်ဆင်သတ်မှတ်
လိုသည့်အချက် များ ရှိနေသည့်အတွက်လည်း လက်ရှိအစိုးရ သက်တမ်းအတွင်း အတည်ပြုသတ်မှတ်နိုင် ရန် ဖြစ်နိုင်ခြေမရှိသေးဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း၊ အတွင်းရေးမှူးတစ်ဦးဖြစ်သူ ဦးကျော်ကျော်စိုးက ပြောသည်။
"မြို့မြေအသုံးချမှုဇုန် သတ်မှတ်ချက်က တော့ ရှိကိုရှိသင့်တယ်။ သို့သော်လည်း အရင် ကတည်းက လက်လွန်သွားတဲ့ကိစ္စလေးတွေ အများကြီးရှိခဲ့တယ်။ ဥပမာအားဖြင့် Green Zone နေရာမှာ အဆောက်အအုံတွေ ပေးဆောက် လိုက်တာမျိုးပေါ့။ ဒီသတ်မှတ် ချက်တွေသာ အသက်ဝင်သွားရင် ကန်ထရိုက် တိုက်တွေတောင် ဆောက်ဖို့မလွယ်လောက် တော့ဘူး။ တကယ်သာ ထွက်လာခဲ့ရင် အလုပ် လုပ်ဖို့ ကန့်သတ်ချက်တွေ ဖြစ်လာနိုင်တဲ့အတွက် ပြန်လည်တင်ပြထားတာတွေ လည်း ရှိပါတယ် "ဟု ၎င်းကပြောသည်။
ထို့ပြင် အကျယ်အ၀န်းအားဖြင့် ၃၀၆ စတုရန်းမိုင်ရှိသည့် ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း ကုလအဆိုပြုချက်အတိုင်း အတိအကျလိုက်နာရန် အခက်အခဲ ရှိနိုင် သည့်အပြင် ရန်ကုန် ၃၃ မြို့နယ်အတွင်း ခေတ်အဆက်ဆက်တွင် အဆင်ပြေ သလို နေရာချထားခဲ့မှုကြောင့်လည်း အများပြည်သူ ကန့်ကွက်ချက်များနှင့် ကြုံတွေ့နေရသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးခင်မောင်တင့်က
ပြောသည်။
"မြေအသုံးချမှုဇုန် သတ်မှတ်ချက် ထွက် လာရင် ဘာမှကို ပြောစရာမလိုတော့ဘူး။ သတ်မှတ်ချက်အတိုင်း ဘယ်နေရာမှာ ဘာ ဆောက်၊ အထပ်မြင့်က ဘယ်လောက် ဆိုပြီး ပြဋ္ဌာန်းချက်အတိုင်း ဆောက်လိုက်လို့ရတယ်။ မထွက်သေးတဲ့ အခြေအနေမှာ အရင်က ချထားပေးခဲ့တဲ့ အထပ်မြင့်တချို့ကို ဘေးပတ်ဝန်းကျင် တွေက ကန့်ကွက် မှုတွေ ရှိလာတဲ့အတွက် ပြန်စိစစ်ရတာတို့ အထပ်လျှော့တာတို့ လုပ်နေ ရတယ်" ဟု လည်း ၎င်းကပြောသည်။
Source : http://myanmar.mmtimes.com/