ကန်ထရိုက်တွေကို အခန်းတန်ဖိုးတ၀က်ပေးပြီး ကျန်တဲ့ငွေကို အရစ်ကျရောင်းချမှုတွေရှိသလို ကွန်ဒိုတိုက်ခန်း တွေကို ၀ယ်ယူထားသူတွေကလည်း အရစ်ကျပုံစံနဲ့ တစ်ဆင့်ပြန်လည်ရောင်းချနေကြတာတွေလည်း ဈေးကွက်ထဲမှာ ရှိလာတယ်လို့ သိရပါတယ်။
ရွှေမေတ္တာအကျိုးဆောင်က ဦးအောင်ကျော်က အရစ်ကျကို တိုက်ခန်းတွေလောက်ပဲရောင်းတာများတယ်၊ကွန်ဒိုတွေကတော့ ပြန်ရောင်းတာမျိုးမရှိဘူး၊အခုမှ ကွန်ဒိုတွေကိုပါ ရောင်းလာတာ၊ကွန်ဒိုဥပဒေကြောင့် နဲ့လဲ သက်ဆိုင်နိုင်ပါတယ်လို့ပြောပါတယ်။
ကွန်ဒိုတိုက်ခန်းတွေနဲ့ အဆင့်မြင့်တိုက်ခန်းအချို့ကို အခန်းတန်ဖိုး တစ်ဝက်ပေးပြီး ကျန်တဲ့ငွေကို အရစ်ကျရောင်းချမှုတွေ ဈေးကွက်ထဲမှာ ရှိလာပါတယ်။ဈေးကွက်ထဲမှာ အရောင်းအ၀ယ် ဈေးကွက်အေးနေတာကြောင့် တချို့ကတိုက်ခန်းကိုပဲ အရစ်ကျငွေပေးလို့ရပြီး ဈေးရောအရစ်ကျသွင်းရမယ့်အချိန် အတိုင်းအတာကိုပါ ညှိနှိုင်းပြီး ၀ယ်လို့ရတဲ့ အထိဈေးကွက်ထဲမှာ လျှော့ဈေးနဲ့ ပုံစံပြောင်းရောင်းချနေကြတာဖြစ်ပါတယ်။
သည်လို ရောင်းချမှုရှိတဲ့ ကန်ထရိုက်တာတွေရှိသလို ၀ယ်ယူထားတဲ့ သူတွေကပါ အခုလိုအရစ်ကျပုံစံ ပြန်လည်ရောင်းချနေကြပါတယ်။တချို့ကတစ်နှစ်၊တစ်နှစ်ခွဲနဲ့ ခြောက်လအတွင်း ငွေအကျေချေရမှာ ဖြစ်ပါတယ်။ငွေတစ်ဝက်ပေးပြီး တက်နေလို့ရတယ်စတဲ့ ပုံစံတွေနဲ့ ဈေးကွက်အတွင်း မှာ ၀ယ်သူစိတ်ဝင်စားအောင် ရောင်းချလာကြပါတယ်။တချို့တွေကလည်း နှစ်ရှည်နှစ်နှစ်၊သုံးနှစ်စတဲ့ အချိန်ကာလတွေအထိ အရစ်ကျရောင်းတာတွေလည်းရှိပါတယ်။ဥပမာ အခန်းကကျပ်သိန်း ၂၀၀၀ တန်ကိုသိန်းတစ်ထောင်အရင်သွင်းရတယ်။စာချုပ်ချုပ်ဆိုပြီး ၀ယ်တဲ့နေ့မှာ ပေးရတာဖြစ်ပါတယ်။ကျန်တဲ့ သိန်း၁၀၀၀ကို အရစ်ကျငွေပေးချေစနစ်နဲ့ ချေရတာမျိုးပါ။
ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးဇော်လင်းက ရောင်းတဲ့ ပုံစံတွေကတော့ အမျိုးမျိုးပါပဲ ၊သေချာလေ့လာပြီးမှ ၀ယ်တာတော့ အကောင်းဆုံးပါ၊ကွန်ဒိုကို ဒီလိုရောင်းလို့တန်တယ် ၀ယ်မယ်ဆိုတာမျိုးမဟုတ်ပဲ ကိုယ်ပိုင်ဆိုင်ခွင့်ရမယ့် အခွင့်အရေးတွေ ၊အချက်အလက်တွေကို စိစစ်သင့်တယ်၊ဈေးအရမ်းတန်နေလေ သတိထားသင့်တာပါပဲလို့ ပြောပါတယ်။
တချို့ဈေးကွက်ထဲမှာ ဈေးလျှော့ရောင်းတာတွေကခွင့်ပြုချက်မဲ့တွေ၊စည်းကမ်းချက်နဲ့ မကိုက်ညီတဲ့ အခန်းတွေကို ရောင်းတာတွေလည်းရှိတာကြောင့် သတိပြုဝယ်ယူသင့်တာလို့ သိရပါတယ်။ကွန်ဒိုကိုဝယ်တဲ့ အခါမှာ ပိုသတိထားသင့်တယ်လို့ ပြောပါတယ်။ကွန်ဒိုတကယ်ဟုတ်ရဲ့လား၊အဆင့်မြင့်တိုက်ခန်းလား သေချာကွဲပြားသင့်တယ်၊မြေပိုင်ဆိုင်မှုတွေကအစ မြေအမျိုးအစားတွေ ကွန်ဒိုဥပဒေအတိုင်း လျှောက်ထားပြီးပြီလားကအစ စိစစ်သင့်တယ်လို့ သိရပါတယ်။
Source : The Modern