နိုင်ငံတစ်ဝန်း မြေဧက ၅ သိန်းကျော် သစ်တောမြေအဖြစ်မှ ပယ်ဖျက်
မြန်မာနိုင်ငံ တစ်ဝန်းရှိ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများမှ မြေဧက ၅ သိန်းကျော်ကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာနထံမှ သိရသည်။ရန်ကုန်တိုင်းဒေသကြီး အပါအဝင် မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အစရှိသည့် ဒေသများရှိ ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောများအတွင်း နှစ်ကာလ ကြာရှည်စွာ နေထိုင်လျက်ရှိသည့် အိမ်ခြေ ၅၀ အထက် ကျေးရွာများအတွက် မြေဧက ၅ သိန်းကျော်ကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်ကပြောကြားသည်။“အဓိက ကျေးရွာလူနေအိမ်၊ စာသင်ကျောင်း အများပိုင် မြေတွေနဲ့ စိုက်ပျိုးလုပ်ကိုင်နေတဲ့ လယ်မြေတွေကို စနစ်တကျ စိစစ်ပြီး အဆင့်ဆင့် ပယ်ဖျက်ပေးတာ ယာမြေကိုတော့ ပယ်ဖျက် မပေးဘူး”ဟု ၎င်းက ဆိုသည်။သစ်တောမြေအတွင်း နှစ်အတန်ကြာ နေထိုင်ခဲ့သည့် ကျေးရွာ ၁၂၁၃ ရွာ ဧရိယာအားဖြင့် ကျေးရွာမြေ ဧရိယာ ၂၄၄၄၇ ဒသမ ၄၄ ဧက၊ လယ်မြေဧရိယာ ၂၉၅၃၁၉ ဒသမ ၇၇ ဧကနှင့် အများပိုင်မြေနှင့် သာသနာ့နယ်မြေများ ၂၆၁၂၁ ဒသမ ၉၂ ဧက စုစုပေါင်း ဧရိယာ ၃ သိန်းကျော်ကို ၂၀၁၃ ခုနှစ်အတွင်းက ပထမအဆင့် ပယ်ဖျက်ပေးခဲ့ပြီး ယခု ၂၀၁၆ အထိ ဧက ၅ သိန်း ပယ်ဖျက်ပေးခဲ့ပြီးဖြစ်ကြောင်း သစ်တောဦးစီးဌာန အချက်အလက်များအရ သိရသည်။ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော (သစ်တောမြေ)အတွင်း ဆယ်နှစ်ကျော် ကျုးကျော်ဝင်ရောက် နေထိုင် စိုက်ပျိုး လုပ်ကိုင်သည့် ဒေသခံများအတွက်သာ စနစ်တကျ စိစစ်ကာ သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးခြင်းဖြစ်ပြီး ယာမြေများကိုမူ ပယ်ဖျက်ခြင်း မပြုဘဲ သီးနှံသစ်တော စနစ်နှင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောအဖြစ် လုပ်ကိုင်ခွင့်ပြုထားကြောင်း ဒေါက်တာညီညီကျော်က ရှင်းပြ ပြောဆိုသည်။
Source: The Voice News
Facebook comments