ပြည်တွင်းအခွန်များဦးစီးဌာနနဲ့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)တို့ ညှိနှိုင်းမှုတွေအရ ဒီနှစ်အတွက် ရန်ကုန်မြို့ရဲ့အိမ်ခြံမြေ တစ်ပေပတ်လည် စံနှုန်းတွေက အရင်နှစ်တွေထက်လျော့နည်းပြီး သင့်တင့်တဲ့နှုန်းထားတစ်ခု ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
'ပြည်တွင်း အခွန်များဦးစီးဌာနနဲ့ ကျွန်တော်တို့ အိမ်ခြံ မြေဝန်ဆောင်မှုအသင်းကို ဖိတ်ခေါ်ညှိနှိုင်းပြီးမှ တင်ပြချက်တွေကို ညှိနှိုင်းပူးပေါင်း အကြံပြုထားတာ ဖြစ်ပါတယ်။ သူတို့နဲ့ ညှိနှိုင်းတဲ့အခါ ဒေသပေါက်ဈေးထက် သက်သာနေတာကိုတောင် တွေ့ရပါတယ်''လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ပြောပါတယ်။
ပြည်တွင်း အခွန်များဦးစီးဌာနကနေ တင်ပြလာတဲ့ မြို့နယ်တချို့ရဲ့တစ်ပေပတ်လည် စံနှုန်းတွေက ပြင်ပပေါက်ဈေးကျပ်သိန်း ၅၅ဝ၊ ၆ဝဝ ပတ်ဝန်းကျင်ကို ကျပ်သိန်း ၃၂ဝ ကျော်ပဲ သတ်မှတ်ပေးထားတာလို့ သိရပါတယ်။
လက်ရှိဆွေးနွေးညှိနှိုင်းထားတာတွေကို အတည်ပြုသတ်မှတ်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရကိုတင်ပြသွားမှာဖြစ်ပြီး တစ်ပေပတ်လည် စံနှုန်းတွေ သတ်မှတ်တာကို အိမ်ခြံမြေအရောင်းအဝယ်၊ တည်ဆောက်မှုနဲ့ ပြုပြင်တာတွေ၊ အခွန်ဆောင်ရာမှာ ပြောင်းလဲလာတဲ့ ဈေးနှုန်းတွေနဲ့ ကိုက်ညီမှုရှိအောင် ပြင်ဆင်သတ်မှတ်တာလို့ သိရပါတယ်။
Source : Yangon Times