09-261334475

ကျူးကျော်စာရင်း ကောက်ယူခြင်းမရှိကြောင်း တာဝန်ရှိသူများဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်နေထိုင်သူအရေအတွက်ကို တာဝန်ရှိသူများက 
စာရင်းကောက်ယူနေသည်ဟု နိုင်ငံပိုင်သတင်းစာများနှင့် အခြားမီဒီယာများတွင် ဖော်ပြထားသော်လည်း
လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခြောက်လကျော်နေထိုင်ပြီး
ဖြစ်သည့် နိုင်ငံတစ်ဝန်းက ရွှေ့ပြောင်းလုပ်သား အိမ်ထောင်စုအရေအတွက်ကိုသာ ကောက်ယူရန်
ပြင်ဆင်နေခြင်း ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

ရန်ကုန်မြို့အတွင်းရှိ ကျူးကျော်ရပ်ကွက်များနှင့် ပတ်သက်ပြီး ဖြေရှင်းရန် ပထမဦးဆုံးခြေလှမ်းမှာ 
လူဦးရေစာရင်းကောက်ယူခြင်းပင်ဖြစ်ကြောင်း မေလကုန်ပိုင်းတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် 
ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။ လူဦးရေစာရင်းကောက်ယူနေသည့်အချိန်အတွင်း 'ကျူးကျော်
ကွက်သစ်'များ ထပ်မံပေါ်ပေါက်လာခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် လက်ရှိကျူးကျော်
နေထိုင်သူများကို 'ပြန်လည်ထူထောင်ရေးစခန်း' များ၌ ယာယီနေရာချထားပေးမည်ဖြစ်ကြောင်း 
သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူဦးရေမှာ ၄၃ဝ,ဝဝဝ ကျော်ရှိကြောင်း
ရန်ကုန်တိုင်းဒေသကြီးအစိုးရက ခန့်မှန်းထားပြီး စက်မှုဇုန်အများဆုံးတည်ရှိရာ ရွှေ့ပြောင်း
လုပ်သားနှင့် ကျူးကျော် အများဆုံးနေထိုင်သည့် လှိုင်သာယာမြို့နယ်တွင် အလုပ်သမား သုံးသိန်း
ကျော်ရှိသည်ဟု ဆိုသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စတင်ဆောင်ရွက်နေသည့် 
လူဦးရေစာရင်းကောက်ယူနေခြင်းသည် ဝန်ကြီးဌာန၏ ရက် ၁ဝဝ စီမံကိန်းမှ လုပ်ငန်းစဉ်တစ်ခုအဖြစ် 
အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရန်ကုန်တိုင်းဒေသကြီးသို့ ရွှေ့ပြောင်းလာကြသည့် 
အလုပ်သမားများကိုသာ အဓိကထား စာရင်းပြုစုခြင်းဖြစ်သည်။ အဆိုပါလုပ်ငန်းစဉ်၏ ရည်ရွယ်ချက်မှာ 
လက်ရှိ နေထိုင်ရာတွင် ခြောက်လကျော်နေထိုင်နေသည့် ယာယီရွှေ့ပြောင်း နေထိုင်သူများကို 
အိမ်ထောင်စုစာရင်းထုတ်ပေးရန် ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဝန်ထမ်းများက ဇွန် ၁၅ ရက်မှစပြီး ရွှေ့ပြောင်းလုပ်သားစာရင်းကို
ကောက်ခံနေခြင်းသာဖြစ်ကြောင်းနှင့် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည့် သတင်းနှင့်
ပတ်သက်ပြီး အံ့အားသင့်မိကြောင်း မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးက
မြန်မာတိုင်း(မ်)ကို ပြောကြားခဲ့သည်။

အလားတူသတင်းများကို နိုင်ငံပိုင်ရေဒီယိုနှင့် ရုပ်သံများတွင်လည်း ဖော်ပြခဲ့ပြီး၊ မရမ်းကုန်းမြို့နယ်ရှိ 
ကျူးကျော်နေထိုင်သူစာရင်းကို ကောက်ခံနေကြောင်းသတင်းမှာ မဟုတ်မှန်ကြောင်း ၄င်းက ပြောသည်။

''ကျူးကျော်စာရင်းကောက်ဖို့ အစိုးရဆီကဘာညွှန်ကြားချက်မှ ကျွန်တော်တို့ ရမထားပါဘူး။ အဲဒီလို 
ကျူးကျော်စာရင်းကောက်တာမျိုးလည်း မရှိပါဘူး'' ဟု ဦးစောညီညီထွေးက ပြောသည်။ ''သတင်းစာမှာ
ဖော်ပြထားတဲ့ သတင်းက အမှားကြီးပါ။ တကယ်တော့ ဒေသတွင်းမှာ လာရောက်နေထိုင်တဲ့
ရွှေ့ပြောင်းလုပ်သားတွေရဲ့ အချက်အလက်တွေကို ကောက်ယူနေကြတာပါ'' ဟု ၄င်းက ပြောသည်။

လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက မြို့နယ်အဆင့်တာဝန်
ရှိသူများနှင့် ပူးပေါင်းပြီး လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားပြီး ကျူးကျော်နေထိုင်သူများကို 
ကိုယ်ရေးရာဇဝင်၊ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်နံပါတ်များကို မေးမြန်းခဲ့သည်ဟု နိုင်ငံပိုင် 
မီဒီယာများတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

လှိုင်သာယာမြို့နယ်တွင်လည်း ကျူးကျော်စာရင်းကောက်ယူနေခြင်းမျိုး မရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး 
ဦးတင်မောင်ကြီးက ပြောသည်။ ''ကျူးကျော်စာရင်းကောက်တာ ကျွန်တော်တို့မြို့နယ်မှာ မရှိပါဘူး။
ရွှေ့ပြောင်းလုပ်သားတွေရဲ့ အချက်အလက်တွေကိုပဲ စာရင်းလိုက်ကောက်နေတာပါ'' ဟု 
၎င်းက ပြောသည်။

လူဦးရေစာရင်းကောက်ယူခြင်း၏ ရည်ရွယ်ချက်သည် အလုပ်သမားများ၏ အချက်အလက်များကို
ပြုစုရန်ဖြစ်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဦးဆောင်ပြီး
ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောကြားခဲ့သည်။

''ကျူးကျော်တွေရဲ့ စာရင်းကို ကောက်တာမဟုတ်ပါဘူး။ တကယ်လို့ ကျူးကျော်စာရင်းကောက်မယ်ဆိုရင်
ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့ တိုက်ရိုက် မသက်ဆိုင်ပါဘူး။ အဲဒါကို လုပ်မယ်ဆိုရင် တိုင်းဒေသကြီး
အစိုးရက ဆောင်ရွက်ရမယ့် ကိစ္စပါ'' ဟု ၄င်းက ပြောသည်။

ပြည်တွင်းရွှေ့ပြောင်းလုပ်သား စာရင်းကောက်ယူခြင်းကြောင့် မွန်ပြည်နယ်ရှိ ဒေသခံများက
စိုးရိမ်ပူပန်လျက်ရှိပြီး အဆိုပါစာရင်းကောက်ယူမှုမှတစ်ဆင့် အိမ်ထောင်စုစာရင်းထုတ်ယူကာ 
မွန်ပြည်နယ်တွင် ဗမာလူမျိုးအရေအတွက် သိသိသာသာ တိုးတက်လာသည့် အနေအထားတစ်ရပ်
ပေါ်ပေါက်လာမည်ကို စိုးရိမ်သည့်အတွက် တိုင်းရင်းသားပါတီခေါင်းဆောင်များက ကန့်ကွက်ထားကြသည်။

ရွှေ့ပြောင်းလုပ်သား စာရင်းကောက်ယူခြင်းနှင့် ပတ်သက်ပြီး ပြန်လည်စဉ်းစားသုံးသပ်ပေးရန်
တောင်းဆိုထားသည့် စာတစ်စောင်ကို မွန်အရပ်ဘက်အဖွဲ့အစည်း ၁ဝ ဖွဲ့က ပြည်နယ်အစိုးရထံ 
ယခုလဆန်းတွင် ပေးပို့ခဲ့သည်။

''ကျွန်တော်တို့ ပါတီကတော့ ဒီအစီအစဉ်ကို ကန့်ကွက်ပါတယ်။ ဒီကိစ္စတွေကို ကျွန်တော်တို့ 
ကိုယ်စားလှယ်တွေက လွှတ်တော်ကို တင်ပြသွားမှာပါ'' ဟု မွန်အမျိုးသားပါတီ အတွင်းရေးမှူး
နိုင်စိုးမြင့်က ပြောသည်။ ''ဒီစာရင်းဟာ ကျွန်တော်တို့ပြည်နယ်ရဲ့ လူဦးရေစာရင်းအပေါ် သက်ရောက်မှု 
တစ်ခုခုဖြစ်မှာ၊ လာမယ့်ရွေးကောက်ပွဲမှာ သက်ရောက်မှု တစ်ခုခုဖြစ်မှာ ကျွန်တော်တို့ 
စိုးရိမ်ပါတယ်'' ဟု ၄င်းက ပြောသည်။

Source: Myanmar Times

Facebook comments