ဆိုင်းငံ့အထပ်မြင့်အဆောက်အအုံတွေ တည်ဆောက်ခွင့်ပြုဖို့ စစ်ဆေးရေးကော်မတီ ဖွဲ့စည်းမည်
ရန်ကုန်မြို့တွင်းက တည်ဆောက်ခွင့်ဆိုင်းငံ့ခံထားရတဲ့ အထပ်မြင့်အဆောက်အအုံတွေကို အသေးစိတ်ပြန်လည်စစ်ဆေးပြီး တည်ဆောက်ခွင့်ပြုဖို့ စစ်ဆေးရေးကော်မတီကို သည်အပတ်အတွင်းဖွဲ့စည်းမယ်လို့ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဌဆိပ်ကြီးခနောင်တိုမြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါတယ် ။ဒေါ်စန္ဒာမင်းက ‘ဒီ ၁၆ ရက်နေ့ပဲ ဝန်ကြီးကပြောသွားတယ် ၊ ခေတ္တရပ်ဆိုင်းခံရတဲ့ အဆောက်အအုံတွေကို သူတို့က ဆောက်လုပ်ရေးလုပ်ငန်းတွေကို အသေးစိတ်စစ်ဆေးရေးအဖွဲ့က စိစစ်ခွင့်ပြုမယ်ပြောတယ် ၊ စိစစ်ခွင့်ပြုရေးအဖွဲ့ကို ဒီအပတ်ထဲမှာ ဖွဲ့စည်းမယ်လို့ သိရတယ်’ လို့ပြောပါတယ် ။စစ်ဆေးရေးအဖွဲ့ကို လွှတ်တော်ကိုယ်စားလှယ်တွေ ၊ ပညာရှင်တွေ ၊ လုပ်ငန်းရှင်တွေ ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့နဲ့ ဖွဲ့စည်းမယ်လို့ သိရပါတယ် ။ မေလ ၂၀ ရက်နေ့က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရန်ကုန်မြို့က အထပ်မြင့်အဆောက်အအုံအလုံး ၁၄၀ ကျော်ကို မြို့ပြအင်္ဂါရပ်နဲ့ ကိုက်ညီအောင် အသေးစိတ်ပြန်လည် စိစစ်ဖို့ ကြေညာချက်ထုတ်ထားတာ ဖြစ်ပါတယ် ။သည်ကြေညာချက်အရ အထပ်မြင့် ၁၄၀ ကျော် တည်ဆောက်ခွင့်ရပ်ဆိုင်းထားရတာဖြစ်ပါတယ် ။ ကြေညာချက်ထုတ်ပြီး ရပ်ဆိုင်းရတာက ပြီးခဲ့တဲ့အစိုးရလက်ထက်က မှုအားဖြင့် ခွင့်ပြုခဲ့တဲ့ အထပ်မြင့်အဆောက်အအုံတွေက ဥပဒေနဲ့အညီညွတ်တာတွေတွေ့ရတယ် ။ ဒါကြောင့် လက်ရှိအစိုးရသစ်က အထပ်မြင့်အဆောက်အအုံတွေကို စိစစ်ချင်လို့ ရပ်ဆိုင်းထားတာဖြစ်တယ်လို့ ဒေါ်စန္ဒာမင်းက ရှင်းပြပါတယ် ။တည်ဆောက်ရေးတွေရပ်ဆိုင်းခံရလို့ နစ်နာမှုတွေဖြစ်နေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက လွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြတာတွေရှိပါတယ် ။ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားပေမဲ့ အလုပ်သမားတွေကို ထိန်းသိမ်းဖို့ နေ့စဉ်လုပ်ခတွေ ပေးနေရတယ်လို့ဆိုပါတယ် ။ အထပ်မြင့်တွေမှာ လုပ်တဲ့ အလုပ်သမားတွေက ကျွမ်းကျင်လုပ်သားတွေဖြစ်ပြီး တစ်နေ့ကို နေ့တွက်ခ ကျပ် ၁၀,၀၀၀ ကျော်ပေးရတယ်လို့ သိရပါတယ် ။ ရပ်ထားတဲ့ အချိန်မှာ နေ့တွက်ခတွေ မပေးရင် တခြားဆောက်လုပ်ရေးတွေကို ရောက်သွားနိုင်တယ် ။ အဲသည်အခါ အစိုးရက ပြန်ပြီးတည်ဆောက်ခွင့်ပြုတာနဲ့ လုပ်ငန်းချက်ချင်းပြန်စဖို့ ခက်ခဲသွားနိုင်တယ်လို့ ဆိုပါတယ် ။ဒါ့အပြင် တချို့လုပ်ငန်းတွေက ဖောင်ဒေးရှင်းဘိုးပိုင်ခ်တူးတဲ့ လုပ်ငန်းတွေလုပ်ထားပြီး မိုးရာသီမှာ လုပ်ငန်းရပ်ထားရလို့ မြေပြိုကျတဲ အန္တရာယ်တွေလည်း ရှိနေတယ်လို့ သိရပါတယ် ။ စည်ပင်သာယာက မြေပြင်ကွင်းဆင်းစစ်ဆေးတာအားနည်းတာနဲ့ ဥပဒေအတိုင်း မဆောင်ရွက်တာတွေကြောင့် ဖြစ်တယ်လို့ ဒေါ်စန္ဒာမင်းက ပြောပါတယ် ။ပြသနာများစွာသူက ‘ကျွန်မတို့ မြေပြင်ကို သွားစစ်ခဲ့တယ် ၊ ရှေ့လမ်းလေးက ၁၂ ပေပဲရှိတယ် ၊ ရှစ်ထပ်ခွဲဆောက်ထားတယ် ၊ ဘေ့စ်မန့်နဲ့ ပန့်ဟောက်စ်ပါဦးမယ် ၊ ဒီအဆောက်အအုံဆောက်ဖို့ ပတ်ဝန်းကျင်ကို လက်မှတ်ထိုးခိုင်းတော့ သုံးထပ်ခွဲနဲ့ ၊၊ မြေပြင်ကိုသွားစစ်တော့ အမှုဖြစ်နေတဲ့ သုံးနှစ်လုံး စည်ပင်သာယာက အဲဒီအဆောက်အအုံကို တစ်ခါမှလာမစစ်ဘူးလို့ သိရတယ်’ လို့ ပြောပါတယ် ။ရန်ကုန်မြို့ရဲ့ အထပ်မြင့်ပြသနာတွေက အမှုအခင်းဖြစ်နေတဲ့ ဆောက်လုပ်ရေးတွေကိုတောင် စည်ပင်သာယာက မြေပြင်ထိ ကွင်းဆင်းမစစ်ဆေးတာ ၊ ရန်ကုန်မြို့ရဲ့ အထပ်မြင့်နဲ့ ပတ်သက်တဲ့ တရားဝင်ပြဌာန်းထားတဲ့ ဇုန်သတ်မှတ်ချက်မရှိတာတွေကြောင့် ဖြစ်ပါတယ် ။ရန်ကုန်မြို့မှာ အထပ်မြင့်သတ်မှတ်ချက် ZONING LAW ကို ဥပဒေအဖြစ်အတည်ပြုနိုင်ရင် ဘယ်နေရာမှာ ဘယ်လောက်ဆောက်ရမယ်ဆိုတဲ့ အထပ်မြင့်ပြသနာတွေ ကင်းရှင်းသွားမှာဖြစ်ပါတယ် ။ဥပမာ ဆိတ်ငြိမ်ရပ်ကွက် အထပ်မြင့်မဆောက်ရမယ့်နေရာမှာ အထပ်မြင့်တွေဆောက်တယ် ။ ဒဏ်ကြေးပေးပြီး မြန်မြန်ပြီးအောင်ဆောက်လိုက်မယ် ။ သည်အစိုးရကတော့ ပြန်မဖြိုခိုင်းလောက်ဘူးဆိုပြီး သူတို့ကို ပြန်ဖြိုဖျက်ခိုင်းရင် နစ်နာမယ် ။ သည်အတိုင်းထားရင် ဘေးပတ်ဝန်းကျင်က လူတွေက စိတ်အနှောင့်အယှက်ဖြစ်ပြီး တစ်သက်လုံးနေသွားရမယ် ။ ဈေးကြီးပေးဝယ်ထားရတဲ့ ဆိပ်ငြိမ်ရပ်ကွက်က မြေလည်းတန်ဖိုးကျသွားမယ် ။ သူတို့ကိုပြန်ဖြိုဖျက်ခိုင်းမလား ၊ သည်အတိုင်းပဲထားမလား ဆိုတာ လက်ရှိအစိုးရ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုဖြစ်နေတယ်လို့ သိရပါတယ် ။Source: The Kumudra
Facebook comments