09-261334475

ရန်ကုန်မြို့က အများပိုင်မြေများ ပြန်လည်ရရှိရေးအဆို လွှတ်တော်မှာ အနိုင်ရရှိ

ရန်ကုန်မြို့က အများပြည်သူပိုင်မြေနေရာတွေကို အများပြည်သူပြန်လည်ရရှိရေးအတွက် တောင်းဆိုတဲ့အဆိုကို ရန်ကုန်မြို့တော်ဝန်က ကန့်ကွက်ခဲ့ပေမဲ့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး မဲအသာနဲ့ အနိုင်ရရှိပါတယ်။

သည်လ ၁၆ ရက်နေ့က ကျင်းပတဲ့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)က ဦးနေမျိုးကျော်(ခ)ဦးနေဘုန်းလတ်က အများပြည်သူပိုင်နေရာများကို အများပြည်သူကိုပြန်လည် ပိုင်ဆိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးဖို့ လွှတ်တော်မှာ တိုက်တွန်းဆွေးနွေးခဲ့တာ ဖြစ်ပါတယ် ။

သည်အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးက ထောက်ခံဆွေးနွေးကြပါတယ် ။ ဘောလုံးကွင်းတွေ ၊ အများပြည်သူအပန်းဖြေရာနေရာ ပန်းခြံတွေ ၊ မီးရထားလမ်းတွေ စတာတွေကို ဌာနဆိုင်ရာအမည်ပေါက်နဲ့ရယူတာ ၊ ပုဂ္ဂလိကကို နှစ်ရှည်ငှားရမ်းတာ ရောင်းချတာတွေ ဆောင်ရွက်နေတယ်လို့ ဆွေးနွေးကြပါတယ် ။

သင်္ဃန်းကျွန်းဈေးဘေးမှာ တည်ဆောက်ထားတဲ့ အရှေ့ပိုင်းခရိုင်ဈေးစည်ပင်ရုံးနဲ့ပတ်သတ်ပြီး ရန်ကုန်မြို့တော်ဝန်က ဥပမာပေးဖြေကြားပါတယ် ။ ပြန်လည်ဖြို့ဖျက်ရင် အစိုးရရဲ့ ဘတ်ဂျက်ငွေ ဆုံးရှုံးစေတယ်ဆိုပြီး အဆိုကို မှတ်တမ်းအနေနဲ့သာ ထားဖို့ ပြောပါတယ် ။

ဦးနေဘုန်းလတ်က ‘သင်္ဃန်းကျွန်းက ဟာက ဥပမာပေးတာပါ ၊ ၂၀၁၄ ခုနှစ်စက်တင်ဘာလ ၂၉ ရက်နေ့က ပြည်ထောင်စုတရားလွတ်တော်ရုံးချုပ်က ဒီအဆောက်အအုံဟာ တရားဥပဒေနဲ့မညီဘူးလို့ အပြီးသတ်အမိန့်ချပြီးဖြစ်ပါတယ်’ လို့ပြောပါတယ်။

စည်ပင်ဆိုတာ အုပ်ချုပ်ရေးမဏ္ဍိုင်ပါ ၊ တရားစီရင်ရေးမဏ္ဍိုင်က တရားဥပဒေနဲ့ မညီဘူးလို့ ဆုံးဖြတ်ချက်ချထားတယ် ၊ စည်ပင်က သည်ဟာကိုမဖျက်ဘူး ၊ ဒါကိုကျွန်တော်နိုင်ငံရေးလို့မြင်တယ် ၊ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားဥပဒေစိုးမိုးရေးမဏ္ဍိုင်မဖုအကျိတ်သဘောမျိုးဆောင်ပါတယ် ၊ တရားဥပဒေစိုးမိုးရေးလို့ ပြောနေရင် တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူးလို့ ဦးနေဘုန်းလတ်က ဆက်လက်ပြောကြားပါတယ် ။

သင်္ဃန်းကျွန်းဈေးဘေးနားမှာရှိတဲ့ ရပ်ကွက်ဖြတ်လမ်းလမ်းတိုလေးပေါ်မှာ စည်ပင်က တည်ဆောက်ထားတဲ့ အရှေ့ပိုင်းခရိုင် ဈေးစည်ပင်ရုံး နှင်ထပ်အဆောက်အအုံတည်ဆောက်စဉ်ကပင် ဈေးသူဈေးသားတွေနဲ့ ရပ်ကွက်နေပြည်သူတချို့က ကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ် ။

လွှတ်တော်ဥက္ကဌက အဆိုရှင်နဲ့ ရန်ကုန်မြို့တော်ဝန်တို့ သဘောထားကွဲလွဲတာကြောင့် လွတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်ရဲ့အဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် ထောက်ခံသူများပြီး မဲအပြတ်အသတ်နဲ့ လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ် ။

မြို့တော်ဝန် ဦးမောင်မောင်စိုးက ‘အဖြေရှာတဲ့နေရာမှာ မှတ်တမ်းအရ အဖြေရှာတာပါ ၊ အများပြည်သူနေရာမှာ အများပြည်သူပိုင်ဆိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးတဲ့ အဆိုကိုတော့ ကျွန်တော်ထောက်ခံပါတယ် ၊ ကျွန်တော်ဒီအဆိုကို ကန့်ကွက်တာမဟုတ်ပါဘူး ၊ စည်ပင်ကို စည်ပင်လို့ကြည့်လို့မရပါဘူး ၊ စည်ပင်ဆိုတာကလဲ အစိုးရပါပဲ’ လို့ပြောပါတယ် ။

အစိုးရပိုင်မြေပေါ်မှာ အစိုးရအဆောက်အအုံတွေကို အများပြည်သူအတွက် အလို့ငှာဆိုတာ သူ့ရဲ့မှုလအဆို ၊ ကျွန်တော့်ရဲ့ တင်ပြချက်အဆိုက case study အနနဲ့သုံးသပ်တာ ၊ သူက nation level အနေနဲ့သုံးသပ်တာ ၊ သည်အဆိုကို ကျွန်တော်က ကန့်ကွက်တာမဟုတ်ဘူးလို့ ဦးမောင်မောင်စိုးက ရှင်းလင်းပြောကြားပါတယ် ။

Source: The Kumudra

Facebook comments