ကျူးကျော်အိမ်ရာဖြေရှင်းရာ ဖွေရှာနည်းလမ်းသစ်
စာရေးသူတို့နိုင်ငံရဲ့ မြို့ပြအိမ်ရာဖွံ့ဖြိုးမှုသမိုင်းကို လေ့လာကြည့်ရင် ကျူးကျော်အိမ်ရာတွေကို အနည်းဆုံး ဆယ်စုနှစ်တစ်စုကြာမျှအထိ စုပုံထားပြီး တပ်မတော်အစိုးရအာဏာရတဲ့ ခေတ်အခါကျမှ ‘စုပုံရှင်း’ ပြုလုပ်လေ့ရှိတာကို တွေ့ရှိရပါတယ်။ လွတ်လပ်ရေးရရှိတဲ့ ၁၉၄၈ ခုနှစ်မတိုင်မီ ဗြိတိသျှကိုလိုနီဘဝမှာရှိခဲ့တဲ့ ကျူးကျော်အိမ်ရာတွေနဲ့ ၁၉၄၈ ခုနှစ်မှ၁၉၅၈ ခုနှစ်အကြား ဆယ်စုနှစ်တစ်စုအတွင်း တိုးပွားလာတဲ့ ကျူးကျော်အိမ်ရာတွေဟာ ရန်ကုန်မြို့တော်ကြီးရဲ့ နေရာအနှံ့အပြားမှာ စုပုံများပြားပါတယ်။ အဲဒါကို ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်မှာ မြို့သစ် ၃ မြို့ တည်ပြီး ‘စုပုံရှင်း’ လုပ်ခဲ့တာ တွေ့ရှိရပါတယ်။ အဲဒါကို ပထမအကြိမ် ‘စုပုံရှင်း’ လို့ ခေါ်ဆိုနိုင်ပါတယ်။၁၉၅၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အနှစ် ၃၀ ကာလအတွင်း ကျူးကျော်အိမ်ရာတွေ ထပ်မံပြီး စုပုံများပြားလာပြန်လာပါတယ်။ ၁၉၆၅ ခုနှစ်မှာ သုဝဏ္ဏမြို့သစ် တည်ခဲ့ပေမယ့် ကျူးကျော်အိမ်ရာများ ပြောင်းရွှေ့နေရာချထားမှု မပါဝင်ခဲ့ပါဘူး။ ၁၉၈၈ ခုနှစ် န.ဝ.တ အစိုးရ တက်လာတဲ့အချိန်မှာတော့ မြို့သစ် ၇ မြို့ တည်ဆောက်ပြီး ဒုတိယအကြိမ် စုပုံရှင်း လုပ်ခဲ့ပြန်ပါတယ်။ ကျူးကျော်အိမ်ရာများကို ဖျက်သိမ်းပြီး မြို့သစ်များမှာ ပြောင်းရွှေ့နေရာချထားပေးမှုဟာ ၁၉၉၆ ခုနှစ်ဝန်းကျင်မှာ နိဋ္ဌိတံခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၆ မှ ၂၀၁၅ ခုနှစ်အထိ နှစ် ၂၀ အချိန်ကာလအတွင်းမှာ ကျူးကျော်အိမ်ရာတွေ တတိယအကြိမ် ထပ်မံစုပုံလာပြန်ပါတယ်။ အဓိကအားဖြင့် နောက်ဆုံးတည်တဲ့ မြို့သစ်တွေမှာပဲ အများဆုံး တိုးပွားလာခဲ့ကြောင်း တွေ့ရှိရပါတယ်။ အမှန်တော့ ၁၉၉၆ မှ ၂၀၀၅ ခုနှစ်အထိ ၁၀ နှစ်တာကာလအတွင်းမှာ ကျူးကျော်အိမ်ရာတွေ သိသိသာသာတိုးပွားမှု မရှိသေးပါဘူး။ အဲဒီကာလမှာ တဲပေါ်မှ တိုက်ပေါ်တင်တဲ့ စီမံကိန်းနဲ့ ကျူးကျော်များကို နေရာချထားပေးမှုအပြင် လုပ်သက် ၁၅ နှစ် ပြည့်တဲ့ ဝန်ထမ်းများကိုလည်း မြေကွက်တွေ အမြောက်အမြားချထားပေးမှုတွေ ရှိနေခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်အတွင်း န.အ.ဖ အစိုးရလက်ထက်မှာ ကျရောက်ခဲ့တဲ့ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်းမှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့မှုများဟာ အရှိန်အဟုန်မြင့်မားလာပြီး ၂၀၁၁ ခုနှစ် ဒီမိုကရေစီအစိုးရသစ်ရဲ့ ၅ နှစ်သက်တမ်းကာလ အတွင်းမှာတော့ ကျူးကျော်အရေအတွက်ဟာ စံချိန်တင်လောက်အောင် အများဆုံးဖြစ်ထွန်းလာတာ တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ၁၀ နှစ်အတွင်း ကျူးကျော်အိမ်ရာ စုပုံတိုးပွားမှုဟာ ထောင်ဂဏန်းမှ သိန်းဂဏန်းသို့ ရောက်ရှိလာခြင်း ဖြစ်ပါတယ်။အမှန်စင်စစ် အထက်ပါ ကာလအတွင်း ကျူးကျော်အိမ်ရာများ တိုးပွားမှုဟာ နာဂစ်မုန်တိုင်းသင့်မှုအကြောင်းတစ်ရပ်သာ မဟုတ်ဘဲ ‘‘ပြောင်းသုံးပြောင်း’’ ပေါ်ပေါက်လာခြင်းကြောင့်လည်း ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ပထမ ‘ပြောင်း’က ရန်ကုန်မြို့မှ နေပြည်တော်သို့ အစိုးရရုံးများ ပြောင်းရွှေ့သွားခြင်း ဖြစ်ပါတယ်။ တပ်မတော်အစိုးရဟာ နေပြည်တော်ရဲ့ ဖွံ့ဖြိုးမှုကိုသာ အထူးအာရုံစိုက်ပြီး ရန်ကုန်မြို့ရဲ့အိမ်ရာဖွံ့ဖြိုးရေးအပေါ် အာရုံစိုက်မှု လျော့ကျလာပါတယ်။ ရန်ကုန်မှာ ကမ္ဘာအေးဗီလာနဲ့ မြသီတာအိမ်ရာလို လူကြီးတွေနေမယ့် အိမ်ရာသစ်တွေနဲ့ မြေကွက်တွေ ရောင်းချဖို့သာ အားထည့်ဆောင်ရွက်ပြီး အိမ်ရာမဲ့ပြည်သူများအတွက် အိမ်ရာဖြည့်ဆည်းရေးနဲ့ မြေစီမံခန့်ခွဲမှုကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မှုများ အထူးအားပျော့လာပါတယ်။ဒုတိယ ‘ပြောင်း’က ၂၀၁၁ ခုနှစ်ကစပြီး အာဏာရှင်အုပ်ချုပ်မှုမှ ဒီမိုကရေစီစနစ်ကို ပြောင်းလဲလာခြင်း ဖြစ်ပါတယ်။ နိုင်ငံရေးအပြောင်းအလဲကြောင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုနဲ့ တည်ဆောက်မှုလုပ်ငန်းများ တိုးပွားလာပြီး အလုပ်အကိုင်အခွင့်အလမ်းများပြားရာ ရန်ကုန်မြို့ကို တခြားမြို့များနဲ့ ကျေးလက်မှ တိုးဝင်လာကြပါတယ်။ အလုပ်အကိုင်တွေရရှိပေမယ့် အိမ်ဈေး၊ မြေဈေးခေါင်ခိုက်နေလို့ ကျူးရိပ်မြုံမှာပဲ အလုံးအရင်းနဲ့ အခြေချနေထိုင်လာကြတာ တွေ့ရှိနိုင်ပါတယ်။တတိယ ‘ပြောင်း’ က မြို့သစ်များနဲ့ စက်မှုဇုန်များအားလုံးရဲ့ မြေစီမံခန့်ခွဲမှုလုပ်ငန်းကို မြို့အိုးဦးစီးဌာနက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို လွှဲပြောင်းပေးခြင်း ဖြစ်ပါတယ်။ ဌာန ၂ ခု အပြောင်းအလဲလုပ်နေတဲ့အချိန်မှာ မြေစီမံခန့်ခွဲမှုတာတမံ ကျိုးပေါက်မှုတွေ ရှိလာခဲ့ပါတယ်။ သူလိုလို ကိုယ်လိုလိုနဲ့ တားဆီးထိန်းသိမ်းမှု အားနည်းတဲ့အချိန်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ အပေးအယူလုပ်ပြီး ကျူးကျော်‘ဂိုး’ တွေ ဆက်တိုက်သွင်းတာ ခံလိုက်ကြရပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်တိုင် ထိရောက်စွာ ကြီးကြပ်မှုမရှိခဲ့တာလည်း တွေ့မြင်နိုင်ပါတယ်။ဒီလိုနဲ့ ၂၀၁၆ ခုနှစ်မှာ ပြည်သူများ တစ်ခဲနက်ဆန္ဒမဲပေးပြီး ရွေးချယ်ခံရတဲ့ အင်န်အယ်လ်ဒီ(NLD)အစိုးရသစ်ရဲ့ ပခုံးပေါ်ကို တတိယအကြိမ်မြောက် ‘စုံပုံရှင်း’တာဝန်ကြီး ရောက်ရှိလာခဲ့ပါတယ်။ ယခင် စုပုံရှင်း ၂ ကြိမ်ကို တာဝန်ယူဆောင်ရွက်ခဲ့တာ တပ်မတော် အစိုးရအဆက်ဆက် ဖြစ်ပါတယ်။ ယခု စုပုံရှင်းကို တာဝန်ယူဆောင်ရွက်မယ့် အစိုးရက ပြည်သူ့အစိုးရ ဖြစ်ပါတယ်။ ဒါကြောင့် ယခင်နဲ့မတူ တစ်မူထူးခြားတဲ့ နည်းလမ်းများနဲ့ လုပ်ငန်းအောင်မြင်မှု အပြည့်အဝ ရရှိစေချင်ပါတယ်။ ပြည်သူများကိုယ်တိုင် ပူးပေါင်းဆောင် ရွက်ဖို့လည်း လိုအပ်ပါတယ်။အထူးအံ့ဩဖွယ်ကောင်းတဲ့အချက်က ၁၉၈၈ ခုနှစ် န.ဝ.တ အစိုးရအာဏာရတဲ့အချိန်မှာ အိမ်ရာလိုအပ်ချက်ရှိတဲ့ အိမ်ထောင်စုဦးရေ ၁၂၀,၀၀၀ (၁ သိန်း ၂ သောင်း) ခန့် ရှိကြောင်း၊ ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၆ ခုနှစ်အထိ မြို့သစ်တွေမှာ နေရာချထားပေးတဲ့ ကျူးကျော်အိမ်ထောင်စုပေါင်း ၈၄,၀၁၇ စုရှိပြီး ဝန်ထမ်းအိမ်ထောင်စုပေါင်းမှ ၇၈,၃၂၅ စုရှိကြောင်း၊ ၂ ရပ်ပေါင်း ၁ ဒသမ ၆ သိန်းခန့်သာ ရှိခဲ့ကြောင်းနဲ့ လက်ရှိကျူးကျော်အိမ်ထောင်စု ၁ သိန်းကျော်ထိ ရှိနေကြောင်း တွေ့ရှိရခြင်းပဲ ဖြစ်ပါတယ်။ကျူးကျော်များကို အိမ်ရာဖြည့်ဆည်းရေး ဆောင်ရွက်ပေးကြရာမှာ နည်းလမ်း ၄ ရပ် ရှိခဲ့ကြောင်း တွေ့ရှိရပါတယ်။ ပထမနည်းလမ်းက မူလနေရာမှာပဲ ပြန်လည်အကွက်ရိုက်ပြီး နေရာချထားခြင်း (Slum Upgrading Scheme) နည်းလမ်းနဲ့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ On Site Relocation လို့လည်း ခေါ်တွင်ကြပါတယ်။ မြေအကျယ်အဝန်း၊ အိမ်အရေအတွက်၊ လမ်းအကျယ်အဝန်း၊ အိမ်ရာအကျယ်အဝန်း အစရှိတာတွေ လျာထားတွက်ချက်ပြီး လက်ရှိမြေနေရာမှာ ဝင်ဆံ့မှုရှိမှသာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အစိုးရစီမံကိန်းများဆောင်ရွက်ရန် လျာထားသတ်မှတ်ပြီးတဲ့ မြေတွေ ဖြစ်နေခဲ့ရင်လည်း ဆောင်ရွက်ပေးဖို့ မလွယ်ပါဘူး။ နောက်ပြီး ကျူးကျော်အများကြီးထဲက တစ်စုတည်းကိုသာ သီးခြားကွက်ပြီး ဒီနည်းလမ်းနဲ့ ဆောင်ရွက်ပေးပြန်ရင်လည်း သာတူညီမျှမဖြစ်တဲ့အတွက် အောင်မြင်မှုရရှိရန် ခဲယဉ်းလှပါသည်။ဒုတိယနည်းလမ်းက ယခင်ဆောင်ရွက်တဲ့ ‘တဲပေါ်မှ တိုက်ပေါ်တင်’ နည်းလမ်းပါပဲ။ ကျူးမြေသည် အစိုးရမြေ (သို့မဟုတ်) ပုဂ္ဂလိကမြေဖြစ်ပြီး ဧရိယာကျယ်ဝန်းခြင်း၊ ပုဂ္ဂလိကအိမ်ရာဖွံ့ဖြိုးရေး လုပ်ငန်းရှင်များက အကျိုးတူရင်းနှီးမြှုပ်နှံပြီး အကောင်အထည်ဖော်ရန် စိတ်ဝင်စားမှုရှိတဲ့ နေရာဖြစ်ခြင်း၊ အကျိုးအမြတ်ခွဲဝေမှု မျှတအောင်ဆောင်ရွက်နိုင်ခြင်း စတဲ့ အကန့်အသတ်များ ရှိနေပါတယ်။ လက်ရှိ ကျူးကျော်များ တည်ရှိရာမြေများကို လေ့လာကြည့်ရင် စက်မှုဇုန်နဲ့ အဝေးပြေးလမ်းမကြီးအကြား ကြားခံကွက်လပ်၊ စက်မှုဇုန်လမ်းဘေး၊ ရပ်ကွက်လမ်းဘေး၊ ရေနုတ်မြောင်းဘေးနဲ့ မြစ်ချောင်းဘေး အစရှိတဲ့ နေရာများမှာ အများစုဖြစ်တဲ့အတွက် အထက်ပါနည်းလမ်းနဲ့ အံမဝင်နိုင်ကြောင်း တွေ့ရှိရပြန်ပါတယ်။အံဝင်နိုင်တဲ့ နည်းလမ်း ၂ ရပ်ကို ဆက်လက်ဖော်ပြလိုပါတယ်။ နည်းလမ်း(၁)မှာ အိမ်ရာမြေကွက် ဖော်ထုတ်ချထားပေးခြင်း (Site and Services Scheme) ဖြစ်ပါတယ်။ ဒီနည်းလမ်းမှာ မြို့ကွက်သစ်တည်ခြင်းနဲ့ ရပ်ကွက်သစ်တည်ခြင်း ဆိုပြီး နှစ်မျိုးနှစ်စား ခွဲခြားဆောင်ရွက်နိုင်ပါတယ်။ ယခု အဆိုပြုလိုတာက ရပ်ကွက်သစ်များ တည်ဆောက်တဲ့နည်းလမ်း ဖြစ်ပါတယ်။ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံ (ဆိပ်ကမ်း)၊ ဒဂုံ (တောင်)နဲ့ ဒဂုံ (အရှေ့) မှာ ဖြန့်ကြက်ပြီး ဖော်ထုတ်ပေးရန် လိုအပ်မယ်လို့ ယူပါတယ်။ အဓိကလိုအပ်ချက်က ‘မြေ’ ဖြစ်ပါတယ်။ စုစုပေါင်း မြေဘယ်လောက်လိုအပ်သလဲ ဆိုတဲ့ မေးခွန်းရဲ့အဖြေဟာ အိမ်ထောင်စုတစ်စုကို မြေကွက်အကျယ်အဝန်း မည်မျှချထားပေးမလဲ ဆိုတဲ့အချက်ပေါ် မူတည်နေပါတယ်။ ၁၈၉၈ ခုနှစ် အထက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေမှာ မြို့တည်ဆောက်ရင် မြေတစ်ဧကကို ပေ ၄၀ × ပေ ၆၀ မြေကွက် ၁၀ ကွက်နှုန်း တည်ဆောက်ရန် ဖော်ပြထားပါတယ်။လမ်းများ၊ နောက်ဖေးလမ်းကြားနဲ့ အများသုံးဧရိယာများအတွက် တစ်ဧကကို စတုရန်းပေ ၂,၀၀၀ ခန့် သတ်မှတ်ချန်လှပ်ထားတာ ဖြစ်ပါတယ်။ ပေ ၂၀ × ပေ ၆၀ ဆိုရင် တစ်ဧကကို ၂၀ ကွက်ရမှာ ဖြစ်ပါတယ်။ ဗဟန်းမြို့နယ် ဆရာစံလမ်းနဲ့ ဦးချစ်မောင်လမ်းဘေးမှာ ရှိတဲ့ ရပ်ကွက်များမှ မြေကွက်များဟာ တစ်ကွက်ကို ပေ ၂၀ × ပေ ၄၀ သာ ရှိပါတယ်။ မြေယာရှားပါးတဲ့အတွက် အနည်းဆုံးဧရိယာကိုယူရင် ပေ ၂၀ × ပေ ၄၀ ကို ရွေးချယ်သင့်ပါတယ်။ စာရေးသူဟာ ၂၀၁၅ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ကျူးကျော်များကို ပြန်လည်နေရာချထားတဲ့ အိမ်ရာမြေကွက်စီမံကိန်းတစ်ခုကို လေ့လာခွင့် ရရှိခဲ့ပါတယ်။ မြေတစ်ကွက်ကို ၂၁ ပေ × ၄၅ ပေ (၉၄၅) စတုရန်းပေ ကျယ်ဝန်းတာ တွေ့ရှိရပါတယ်။ပေ ၂၀ × ပေ ၄၀ မြေကွက်ချထားပေးနိုင်မယ်ဆိုရင် တစ်ဧကမှာ လမ်းများ၊ နောက်ဖေးလမ်းကြားနဲ့ လူမှုရေးဆိုင်ရာ ကွက်လပ်များနုတ်ပြီး မြေကွက်ပေါင်း ၃၀ မှ ၄၀ အထိ ရရှိမှာ ဖြစ်ပါတယ်။ ကျူးကျော်အိမ်ရာ ၁ သိန်းကျော်အတွက် မြေဧကပေါင်း ၃,၀၀၀ ကျော် လိုအပ်ပါတယ်။ ဒါဟာ မြို့သစ်အားလုံးမှာ ဖြန့်ကြက်ချထားပေးရမယ့် စုစုပေါင်းဧက ဖြစ်ပါတယ်။ ဥပမာ- ကျူးကျော်အိမ်ထောင်စု အများဆုံးရှိတဲ့ လှိုင်သာယာမှာ ဧက ၁,၀၀၀ ကို ၂ နေရာခန့်ခွဲခြားပြီး တည်ဆောက်ရန်အတွက် တစ်နေရာမှာ ၅၀၀ ဧကခန့် လိုအပ်မှာ ဖြစ်ပါတယ်။ အိမ်ထောင်စုပေါင်း ၄၀,၀၀၀ ခန့် ချထားနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မြေအလွန်ရှားပါးပြီး အစိုးရမှာလည်း အရန်မြေ မရှိတဲ့အတွက် မြေကို ဘယ်လိုရှာမလဲလို့ မေးစရာရှိပါတယ်။ မြို့ပြမြေယာလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် လယ်ယာမြေများကို ၂၀၁၂ လယ်ယာမြေဥပဒေအရ အခြားနည်း အသုံးပြုခွင့်ရရှိအောင် ဆောင်ရွက်ဖို့လိုအပ်မှာဖြစ်ပြီး လယ်သမားများအတွက် လျော်ကြေးငွေကို ကာလပေါက်ဈေးနဲ့ ပေးလျော်ရမှာ ဖြစ်ပါတယ်။ ဒဂုံ (ဆိပ်ကမ်း) နဲ့ ဒဂုံ (တောင်) မှာ ဘာစီမံကိန်းမှ မလုပ်ဘဲ ဧကပေါင်းများစွာကို ခြံစည်းရိုးကာရန်ထားတဲ့ ပုဂ္ဂလိကမြေတွေကိုလည်း စိစစ်အရေးယူသင့်ပါတယ်။Source: 7DayNews
Facebook comments