ရောင်းလိုအား မလိုက်နိုင်တဲ့ တန်ဖိုးနည်းအိမ်ရာ၊ ဝယ်လိုအား မလိုက်နိုင်တဲ့ အဆင့်မြင့်အိမ်ရာ
ဈေးကွက်ထဲမှာ ဝယ်လိုအား မလိုက်ပေမယ့် အဆင့်မြင့်အိမ်ရာတည်ဆောက်မှုတွေက ရှိသင့်တာထက် ကျော်လွန်နေပြီး ရောင်းလိုအား မလိုက်နိုင်တဲ့ တန်ဖိုးနည်းအိမ်ရာတွေကတော့ ပိုမိုလိုအပ်နေတယ်လို့ သိရပါတယ်။ဝယ်ရောင်း အကျိုးဆောင် ဦးဝင်းနိုင်က “ကွန်ဒိုတွေ၊ အဆင့်မြင့်အိမ်ရာတွေကတော့ နေရာအနှံ့ပဲ ရှိနေတာ၊ ဈေးကွက်လိုအပ်ချက်ကြောင့်မဟုတ်ဘဲ ဆောက်နေကြတာ၊ တချို့တွေဆို သာမန်ရပ်ကွက်အနားမှာ မြို့တွင်းပိုင်းမှာ ဆောက်နေတာ၊ အဆင့်မြင့်အိမ်ရာကြီး ဆောက်နေလည်း ဝယ်လိုအားမှ မရှိတာ၊ ဒီလိုဆောက်ထားတဲ့ ပမာဏတွေက ဈေးကွက်လိုအပ်ချက်ထက် ၂ ဆလောက် ကျော်လွန်နေတာ” လို့ ပြောပါတယ်။ရန်ကုန်မြို့ရဲ့ အဆင့်မြင့်အိမ်ရာ ဝယ်ယူနိုင်တဲ့ ပမာဏက အိမ်ထောင်စုပေါင်း ၃၀,ဝ၀ဝ ဝန်းကျင်ခန့်သာ ရှိပြီး တည်ဆောက်နေတဲ့ ပမာဏကတော့ အိမ်ရာစီမံကိန်းပေါင်း ၁၀ဝ၀ ကျော်မှာ အိမ်ရာအခန်းပေါင်း ၂၀ဝ,ဝ၀ဝ လောက်အထိ ဆောက်လုပ်နေတာကြောင့် ဝယ်လိုအား လျော့နည်းနေသေးတာ ဖြစ်ပါတယ်။ တချို့က ပြည်ပက ဝင်လာမယ့် နေထိုင်သူတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မျှော်လင့်ပြီး ဆောက်လုပ်နေကြတာပါ။အခြေခံလူတန်းစားတွေနဲ့ လူလတ်တန်းစားတွေအတွက် အဓိက လိုအပ်နေတာက တန်ဖိုးနည်းအိမ်ရာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဈေးကွက်ထဲမှာက ကွန်ဒိုအကြီးတွေပဲ ဆောက်လုပ်သူများနေပြီး ဝယ်လိုအားထက် ရောင်းလိုအားက လုံလောက်တဲ့ ပမာဏထက် ကျော်လွန်နေတာလို့ ပြောပါတယ်။ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က “ဈေးကွက်အေးနေချိန်မှာ ဈေးမြင့်တဲ့ တိုက်ခန်းတွေ ဝယ်နိုင်တဲ့လူတန်းစားက မဝယ်ဘဲ စောင့်ကြည့်နေချိန်ပါ၊ အိမ်ပိုင်မရှိတဲ့ အခြေအနေမဟုတ်ဘဲ ငွေပိုနဲ့ ဝယ်တာဆိုတော့ တော်ရုံမဝယ်ဘဲ ရပ်နေတာ”လို့ ပြောပါတယ်။တန်ဖိုးနည်းတဲ့ ကျပ်သိန်း ၁၀ဝ ဝန်းကျင် အိမ်ရာတွေ၊ တိုက်ခန်းတွေရဲ့ ဝယ်လိုအားအရေအတွက်ကတော့ အဆမတန်များပြားပြီး အဆောက်အအုံတည်ဆောက် အကောင်အထည်ဖော်နိုင်မှုက လိုက်မမီတဲ့အခြေအနေ ဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်းမှာ နေထိုင်တဲ့ လူဦးရေရဲ့ အိမ်ရာပိုင်ဆိုင်မှု ပမာဏက ရာခိုင်နှုန်းအားဖြင့် ၄၀ ရာခိုင်နှုန်းလောက် ရှိပြီး လူလတ်တန်းစားနဲ့ အခြေခံလူတန်းစားတွေအတွက် အိမ်ရာတွေ လိုအပ်နေတာ ဖြစ်ပါတယ်။တန်ဖိုးနည်းအိမ်ရာတွေကို အစိုးရသစ်က ရက် ၁၀ဝ စီမံချက်အတွင်းမှာ ပါဝင်သတ်မှတ်ထားပြီး အိမ်ရာလိုအပ်ချက်တွေကို ဖြည့်နိုင်ဖို့ ကြိုးစားနေတာတွေလည်း ရှိပါတယ်။ ၂၀၁၅ ခုနှစ်က ရေးဆွဲထားတဲ့ စီမံကိန်းတွေအရ ၂၀၁၆ ခုနှစ်ထဲမှာ အိမ်ရာအခန်းပေါင်း ၄၀,ဝ၀ဝ လောက်အထိ ပေါ်ပေါက်လာဖို့ ရှိတယ်လို့ သိရတယ်။ဈေးကွက်မှာ တကယ်ဝယ်နိုင်သူတွေရဲ့ တတ်နိုင်တဲ့ ပမာဏက ကျပ်သိန်း ၁၀ဝ ဝန်းကျင်၊ သိန်း ၅၀ဝ အောက်နဲ့ လူလတ်တန်းစား တစ်ဦးရဲ့ အတတ်နိုင်ဆုံး ပမာဏက သိန်း ၁၀ဝ၀ ဝန်းကျင်တန် ဆိုပေမယ့် အဆင့်မြင့်အိမ်ရာတွေနဲ့ ကွန်ဒိုတွေရဲ့ တန်ဖိုးက ကျပ်သိန်း ၂၀ဝ၀ နဲ့အထက်မှာ အနည်းဆုံးဖြစ်တာကြောင့် စီးပွားရေးအရ ပြန်လည်ငှားရမ်းသူတွေအတွက်ပါ တွက်ခြေမကိုက်တဲ့ အခြေအနေ ဖြစ်နေတာကို အကျိုးဆောင်တချို့ထံမှ သိရပါတယ်။Source: Kumudra
Facebook comments