09-261334475

အထပ်မြင့်များကို ရပ်ဆိုင်းခြင်းထက် ရပ်ကွက်များအတွင်း စည်းကမ်း၊ အရည်အသွေးနိမ့် ဆောက်လုပ်နေမှုများကို အဓိကပြန်စစ်သင့်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များဆို

အထပ်မြင့် အဆောက်အအုံများတည်ဆောက်ခြင်းကို ရပ်ဆိုင်းခြင်းထက် ရပ်ကွက်များအတွင်း အလုံးအရင်းဖြင့် တည်ဆောက်နေသည့် ကန်ထရိုက်တိုက်များကိုသာ အဓိက ပြန်လည်စစ်ဆေးသင့်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောကြားသည်။

‘‘၂၅×၅၀ ပေမှာ နံရံချင်းပူးကပ်ဆောက်ထားတဲ့ ကန်ထရိုက်တိုက်တွေဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အဆောက်အအုံတွေဖြစ်ပါတယ်။ ကားနှစ်စီးလောက် ရပ်နိုင်အောင် ဆောက်ထားတဲ့နေရာမှာ အခန်း ၁၂ ခန်းနဲ့။ ကားဈေးတွေသက်သာတဲ့အချိန်မှာ ကားထားဖို့ နေရာတွေ အခက်အခဲဖြစ်နေတယ်။ ဒါကို မဟာပညာရှင်များက အထပ်မြင့်ကြီးတွေများဆောက်ရင် ကားထားဖို့ အခက်အခဲ ပိုဖြစ်လာမှာပဲဆိုတဲ့ မဟာအတွေးအခေါ်တွေနဲ့ ရပ်လိုက်တာ ဖြစ်ပါတယ်’’ ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးကိုကိုထွေးကပြောသည်။

ဆောက်လုပ်ခွင့် ရပ်ဆိုင်းခြင်းခံထားရသည့် အထပ်မြင့်အဆောက်အအုံများသည် လုံလောက်သည့် မြေအကျယ်၊ ကားပါကင်၊ မီးသတ်စနစ်နှင့် အခြားအဆင့်မီ လူနေမှုစနစ်များအားလုံး ပါဝင်ပြီး တည်ဆောက်ခြင်းဖြစ်၍ ပညာရှင်များကလွဲမှားစွာ အကြံပြုနေကြခြင်း ဖြစ်သည်ဟု ဒုဥက္ကဋ္ဌကဝေဖန်သည်။

ပြီးခဲ့သည့် အစိုးရလက်ထက်က မူအားဖြင့် ခွင့်ပြုပေးခဲ့သော အဆောက်အအုံများကို ပညာရှင်အချို့နှင့် လွှတ်တော်ကိုယ်စားလှယ်အချို့က အားနည်းချက်များရှိသည်ဟု အချက်အလက်များ ပေးပို့တင်ပြမှုကြောင့် ၁၃ ထပ်နှင့်အထက် အဆောက်အအုံ ၁၄၁ လုံးကို ရပ်ဆိုင်းထားခဲ့သည်။

‘‘လုပ်သားက ထောင်နဲ့ချီ နားနေရပြီ။ မြန်မြန်ဆန်ဆန်လေး စစ်ဆေးပေးရင်တော့ ကောင်းမယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေ အခြေအနေကျဆင်းနေတဲ့အချိန်မှာ အခုလုပ်ရပ်က ပြိုလဲအောင် ထပ်ပြီးထိုးနှက်တာမျိုး မဖြစ်ဖို့လိုတယ်’’ ဟု Three Friend ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးကိုကိုလေးက မှတ်ချက်ပြုသည်။

 ရပ်ကွက်ကန်ထရိုက်များတွင် လူနေထိုင်ခွင့်မကျမီ ဝင်ရောက်နေထိုင်ခြင်း၊ စည်းကမ်းမဲ့ အရည်အသွေးနိမ့် ဆောက်လုပ်နေခြင်းများကို အရေးယူရန်နှောင့်နှေးနေကြောင်း ဓနဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမြင့်လှိုင်ကဆိုသည်။

‘‘မြို့ပြအင်္ဂါရပ်နဲ့ကိုက်ညီပြီး ပိုမိုစနစ်ကျတဲ့ အဆောက်အအုံတွေ ဖြစ်လာဖို့ ပြန်စစ်ဆေးတာ ဖြစ်တယ်လို့ ရည်ရွယ်ချက်မှာပါရှိပြီးသားပါ။ ဒါကြောင့် နားလည်ပေးစေချင်ပါတယ်။ တစ်ဖက်မှာလည်း လုပ်ငန်းတွေ ရပ်ထားရတဲ့အတွက် အခက်အခဲတွေ ရှိကောင်းရှိမယ်။ ရက်ပိုင်းအတွင်းတော့ ဒီကိစ္စကို အကောင်းဆုံး အဖြေတစ်ခုထွက်လာဖို့ရှိအောင် လုပ်ဆောင်မှာပါ’’ ဟု ရန်ကုန်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ တာဝန်ရှိသူက ရှင်းပြသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် မူအားဖြင့် ခွင့်ပြုထားသော ၁၃ ထပ်နှင့်အထက် အဆောက်အအုံ ၁၄၁ လုံးရှိပြီး ပါမစ်ကြီးရရှိထားသည့် အဆောက်အအုံ ၆၈ လုံးရှိသည်။


Source: 7Day Daily

Facebook comments