မူလပိုင်ရှင်လက်ထဲ ပြန်ပေးမယ်ဆိုတဲ့ စိတ်ဆန္ဒနဲ့ ဖြေရှင်းမယ့် လယ်ယာမြေပြဿနာ
အစိုးရသစ် ဖြေရှင်းရမယ့် ကိစ္စတွေထဲက အခက်ခဲဆုံးတစ်ခုဖြစ်တဲ့ လယ်ယာမြေပြဿနာတွေ ဘယ်လိုပဲရှုပ်ထွေးနေပါစေ မူလပိုင်ရှင်လက်ထဲကို ပြန်ပေးမယ်ဆိုတဲ့ စိတ်ဆန္ဒနဲ့ ဖြေရှင်းသွားမယ်လို့ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်းကပြောပါတယ်။ကျွန်တော်တို့ရဲ့ စိတ်ဆန္ဒကိုက အကြောင်းအမျိုးမျိုးနဲ့ မူလပိုင်ရှင်ကို ပြန်ပေးချင်တဲ့ ဆန္ဒက ကော်မတီဝင်အားလုံးမှာရှိတဲ့ နှလုံးသားထဲမှာရှိတဲ့ ကိစ္စဖြစ်တယ်၊နှလုံးသားပါတဲ့ ကိစ္စက အောင်မြင်လိမ့်မယ်လို့ ယုံကြည်ထားတယ်လို့ ဆိုပါတယ်။လယ်ယာမြေနဲ့ ကျူးကျော်ပြဿနာဖြေရှင်းရေးအတွက် ကော်မတီတွေအဆင့်ဆင့် ဖွဲ့စည်းနေပြီဖြစ်ပေမယ့် ခေတ်အဆက်ဆက်ကတည်းကဖြစ်ခဲ့တဲ့ အရှုပ်တော်ပုံတွေဖြစ်တာကြောင့် သည်ကိစ္စကခက်ခဲတဲ့ လမ်းကြောင်းဖြစ်တယ်လို့ သူကပြောပါတယ်။လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီဖွဲ့စည်းဖို့ နိုင်ငံတော်သမ္မတက မေလအတွင်း ကတည်းကအမိန့်ကြေညာစာ ထုပ်ပြန်ထားပါတယ်။နေပြည်တော်အပါအ၀င် အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအကုန်လုံးရဲ့ ခရိုင်ရပ်ကွက် ကျေးရွာတွေအလိုက်သည်ကော်မတီကို အဆင့်ဆင့်ဖွဲ့ စည်းဖို့ လည်းညွှန်ကြားထားပါတယ်။အဲသည်ကော်မတီက အဆင့်ဆင့်က တင်ပြလာတဲ့ အကြံပြုချက် အစီရင်ခံစာတွေကို ဗဟိုကော်မတီက ပြန်လည်စိစစ်ဖြေရှင်းပေးဖို့လည်း အမိန့်ကြေညာစာပါရှိပါတယ်။ဒေါက်တာထွန်းဝင်းက လောလောဆယ်ကတော့ ရှုပ်ယှက်ခက်နေသေးတာပဲ အဆင့်ဆင့်အပြောင်းအလွှဲတွေနဲ့ ရှင်းရတော်တော်ခက်တဲ့ လုပ်ငန်းတွေဖြစ်နေတယ်၊ဒါတွေကအချိန်ယူရှင်းရမယ့် ဟာမျိုးနဲ့ ချက်ချင်းပြေလည်သွားမယ့်ဟာမျိုးရှိသလို ဥပဒေအရ တရားမမှုဖြစ်သွားရင် တစ်ခါပိုရှုပ်ကုန်ပြန်ရော လို့ လုပ်ငန်းစဉ်ကိုရှင်းပြပါတယ်။အရင်အစိုးရလက်ထပ်ကလည်း လယ်ယာမြေပြဿနာတွေကို ဖြေရှင်းပေးခဲ့တယ်ဆိုပေမဲ့ ထိရောက်တဲ့ အောင်မြင်မှုမရှိခဲ့ပါဘူး ၊အစိုးရသစ်လက်ထပ် အဲသည်လို မဖြစ်အောင်ဆိုရင်တော့ တိကျတဲ့ ဥပဒေတစ်ခုသက်မှတ်ဖို့ ဆောင်ရွတ်နေတယ်လို့ ဒုဝန်ကြီးကပြောပါတယ်။လက်ရှိလယ်ယာမြေပြဿနာ ဖြေရှင်းမှုတွေအရ တချို့တောင်သူတွေဟာ ကိုယ်ကျိုးစီးပွားအတွက် သုံးထားတာကြောင့် တခြားသူကသိမ်းတည်းထားတဲ့ ပြဿနာမျိုးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။အမှန်တကယ်ပိုင်ဆိုင်ခြင်း မဟုတ်ပဲနဲ့ ကျုးကျော်အတုအယောင်တွေကြောင့် လည်းပြဿနာဖြေရှင်းဖို့ စီစစ်ရတဲ့အခါ အခက်အခဲတွေရှိနေတယ်လို့လည်း အဲသည်ဝန်ကြီးဌာနက သိရပါတယ်။ဒေါက်တာထွန်းဝင်းက ရှုပ်ထွေးသထက်ရှုပ်ထွေးတာပေါ့ ၊လူမိုက်ဆန်ဆန်ကျူးကျော်တော့ အရောင်းအ၀ယ်လုပ်တဲ့ သူတွေလည်းပါတယ်၊ရိုးရိုးသားသားကျူးကျော်တဲ့ သူတွေလည်းပါတယ်၊အဲဒါတွေက လုပ်ငန်းရှင်တွေကို ရှင်းရပိုခက်သွားတယ်လို့ ဆိုပါတယ်။အစိုးရသစ်ဟာ လယ်ယာမြေအငြင်းပွားမှု ပြဿနာများကို ဦးစားပေးဖြေရှင်းမယ်လို့ ပြောဆိုထားသလို လယ်ယာမြေသိမ်းဆည်းတဲ့ ကိစ္စတွေကို လယ်ယာမြေပြဿနာတွေဖြေရှင်းဆောင်ရွက်ပြီးတဲ့ အထိ ရပ်ဆိုင်းထားဖို့လည်း အမိန့်ကြေညာစာထုပ်ပြန်ထားပါတယ်။နေပြည်တော်ရဲ့ လယ်ယာမြေပြဿနာအများဆုံးဖြစ်တဲ့ ဒက္ခိဏသီရိ မြို့နယ်မှာလည်း လယ်ယာမြေကျူးကျော်နဲ့ တရားစွဲခံထားရတဲ့ တချို့ အမှုတွေမှာ ပြစ်မှုစီရင်ချက်ချတာတွေကို ခေတ္တရပ်ဆိုင်းထားတာတွေရှိတယ်လို့ သိရပါတယ်။ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက ကျွန်တော့မဲ ဆန္ဒနယ်မှာ ဆိုရင်လဲ အဲသည်လယ်ယာမြေပြဿနာကို အဓိကလုပ်ပေးနေပါတယ်၊ပြန်ပေးဖို့ စာရင်းထွက်တဲ့ ဟာတွေကို တကယ်ပေးမပေးစီစစ်တာတို့ ဘာတို့ လုပ်နေတာပေါ့လို့ ပြောပါတယ်။လယ်ယာမြေသိမ်းဆည်းထားတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ ၊ကုမ္ပဏီတွေနဲ့ ပုဂ္ဂလိက လုပ်ငန်းတွေက ပြန်လည်စွန့်လွှတ်တဲ့ လယ်ယာမြေတွေကို မူလလုပ်ကိုင်ခဲ့တဲ့ တောင်သူဆီကို အမြန်ဆုံးပေးအပ်နိုင်ဖို့လည်း အဲသည်ကော်မတီရဲ့ တာဝန်တွေမှာ ပါဝင်ပါတယ်။ကော်မတီထဲမှာ အပါအ၀င်ဖြစ်တဲ့ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ဒီလိုရှင်းနေတဲ့ ကာလမှာကိုထပ်ပြီးတော့ ကျူးကျော်တာတွေ ထပ်ရှိလာတဲ့ သိမ်းယူခြင်းသိမ်းဆည်းခြင်းတွေကို ရပ်ထားပါတယ်၊ မြေယာကိုပြန်ရဖို့ ကြိုးစားနေတဲ့ လုပ်ငန်းကတော်တော်ကိုခက်ခဲတဲ့ လမ်းကြောင်းမှာဖြက်လျှောက်ရမယ် ယူဆပါတယ် လို့  သုံးသပ်ပြောဆိုပါတယ်။အဲသည်အခက်အခဲတွေက အားလုံးအတွက်ခြုံငုံမိတဲ့ လယ်ယာမြေပြဿနာဖြေရှင်းရေး ၊ဥပဒေ၊အရင်အစိုးရထက်ပိုကောင်းမယ့် မူဝါဒကောင်းတွေနဲ့ ဖြေရှင်းဖို့ လိုအပ်နေတာဖြစ်ပါတယ်။သည်လိုလယ်ယာမြေပြဿသာနာဆိုတာ ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းမှာ ရှိတာဖြစ်ပြီး ကိုင်တွယ်ဖြေရှင်းတဲ့ သူတွေနဲ့ ဖြေရှင်းပုံမှန်ဖို့ ဥပဒေရဲ့ အကျိုးသက်ရောက်မှုတွေက အဓိကကျတယ်လို့တယ်လည်း ဒေါက်တာထွန်းဝင်းက ပြောပါတယ်။Source: The Kumudra
Facebook comments