လယ်သိမ်းခံရသဖြင့် ကျူးကျော်ဝင်ရောက် လယ်ထွန်သောအခါ တရားစွဲဆိုခံရသည့်ကိစ္စ၊ ကုမ္ပဏီက ငါးကန်တူးဖော်ထားသော ဘိုးဘွားပိုင်လယ်မြေများအတွက် လျော်ကြေးရယူလိုမှု ကိစ္စများ အပါအ၀င် ညောင်တုန်းမြို့ရှိ လယ်ယာမြေပြဿနာများကို လယ်သမားများက တိုင်းအစိုးရထံ တင်ပြထားသည်ဟု လယ်မြေများ သိမ်းဆည်းခံရသည့် ဒေသခံ လယ်သမားများထံမှ သိရသည်။
ညောင်တုန်းမြို့နယ် ဗျောသလန်းကျေးရွာအုပ်စုတွင် လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဒေါက်တာသန်းထွဋ်က လယ်မြေဧက ၉၉၉ ဒသမ ၂၁ ဧက လုပ်ပိုင်ခွင့်ရရှိထားပြီး လယ် လုပ်ကိုင်ခြင်းမရှိသော အဆိုပါမြေပေါ်ရှိ ကိုင်းတောများကို လယ်သမား ဦးသန်းဇော်ဦးက ခုတ်ထွင်ရှင်းလင်းပြီး လယ်စိုက်သောကြောင့် လုပ်ငန်းရှင် ဒေါက်တာသန်းထွဋ်၏ တရားစွဲဆိုခြင်းကို ခံထားရကြောင်း သိရသည်။
ညောင်တုန်းမြို့နယ် တရားရုံး၌ မြေလွတ်မြေလပ်နှင့် မြေရိုင်းဥပဒေဖြင့် လယ်သမား ဦးသန်းဇော်ဦးမှာ တရားစွဲဆိုခံထားရပြီး လက်ရှိအချိန်တွင် ရုံးချိန်းပေါင်း ၃၀ ခန့် ရှိပြီဖြစ်ကာ အဆိုပါရုံးချိန်းများ သွားလာနေရမှုကြောင့် စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေရသည်ဟု ဗျောသလန်းကျေးရွာအုပ်စု ကျောက်တိုက်ကျေးရွာမှ ဦးသန်းဇော်ဦးက ပြောကြားသည်။
"အမှုကတော့ သက်သေစစ်တဲ့အဆင့် ရောက်နေပြီ။ တရားလိုသက်သေတွေနဲ့ ရဲနဲ့ကို စစ်ပြီးသွားပြီ။ လာမယ့်ရုံးချိန်း ကျရင်တော့ တရားခံဘက်က သက်သေကို စစ်မယ်။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကို ကျူးကျော်တယ်ပဲ ဆိုပါတော့။ ဒါပေမဲ့ ကျေးရွာ၊ မြို့နယ်၊ ခရိုင် စတဲ့လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့တွေကနေ အဆင့်ဆင့် အရင်ဆုံးစစ်ဆေး ပေးစေချင်တယ်။ ဒါပေမဲ့ အဲဒီလိုအဖွဲ့တွေကနေ မေးမြန်းခြင်းမရှိဘဲ ကျွန်တော်တို့ကို တစ်ခါတည်း တရားစွဲပါတယ်။ အဲဒါတွေကိုလည်း အစိုးရ သိစေချင်ပါတယ်။ အရင်ကလည်း လယ်လုပ်ပါတယ်။ လယ်အသိမ်းခံရလို့ လယ်မလုပ်ရတော့တာပါ။ အကွက်လွတ် ကိုင်းတောတွေ့တော့ ၀င်ထွန်တာနဲ့ အခုလိုရုံးချိန်းတွေ အမှုတွေ ရင်ဆိုင်နေရတာပါ" ဟုဦးသန်းဇော်ဦးက ပြောကြားသည်။
ထို့ပြင် ညောင်တုန်းမြို့နယ် ၀ါးတောစွန်း ကျေးရွာအုပ်စု ကြောင်သျှာကုန်းကျေးရွာမှ တောင်သူ ၃၇ ဦး၏ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ခဲ့သော လယ်မြေ ၁၉၁ ဒသမ ၅၀ ဧကအား လက်ရှိအချိန်တွင် ငါးကန်များ ပြုလုပ်ထားခြင်းကို ယခင်အစိုးရ လက်ထက်တွင် ဖြေရှင်းပေးခြင်း မရှိသောကြောင့် လက်ရှိအစိုးရ လက်ထက်တွင် ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ တိုင်ကြားစာ ပေးပို့ထားသည်ဟု သိရသည်။
"ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းက ကျွန်တော်တို့ ဘာတုံ့ပြန်မှုမှ မရခဲ့ဘူး။ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်ခဲ့တဲ့ မြေတွေကို ၁၉၉၂ ခုနှစ်ကတည်းက သိမ်းသွားပြီး အခုထက်ထိ မြေယာလျော်ပေးတာ၊ ငွေကြေး လျော်ပေးတာ တစ်စုံတစ်ရာ မရှိသေးဘူး။ ကျွန်တော်တို့မှာ မြေခွန်ပြေစာ အထောက်အထားတွေလည်း ရှိတယ်။ အခုတော့ အဲဒီမြေတွေက အာရှသားငါးကန်တွေ ဖြစ်နေပြီ။ အစိုးရသစ် လက်ထက်မှာတော့ ဒါတွေကို ဧရာဝတီတိုင်း ၀န်ကြီးချုပ်ဆီကို တင်ပြထားတယ်။ ကူညီဖြေရှင်း ဆောင်ရွက်ပေးမယ် ထင်ပါတယ်" ဟု ကြောင်သျှာကုန်းရွာမှ လယ်သိမ်းခံရသည့် ဒေသခံတစ်ဦးက ပြောကြားသည်။
Source: Eleven Media