09-261334475

မြို့ပြ ကျူးကျော်ပြဿနာ ဇာစ်မြစ်ကိုရှာပါ

မြို့ပြကျူးကျော်ပြဿနာ တွေဖြေရှင်းဖို့ဆိုရင် သူတို့ဘာကြောင့် သည်မြို့ပြကို ရောက်လာခဲ့တယ်ဆိုတဲ့ ဇာစ်မြစ်ကို ဖော်ထုပ်ကြဖို့ လိုတယ်လို့ ဇွန်လ ၄ ရက်နဲ့ ၅ ရက်နှစ်ရက်သာ ကျင်းပတဲ့ အခင်းအကျင်းသစ်နဲ့ အရပ်ဖက်လူမှုအဖွဲ့ အစည်းဆေးနွေးပွဲကသိရပါတယ်။

သည်ပြဿနာအတွက် အဓိက ဆွေးနွေးခဲ့ပြီး စိုက်ပျိုးရေးပညာရှင် တစ်ဦးလည်းဖြစ်တဲ့ ဦးလေးညွှန့်က ကျူးကျော်ပြဿနာကို တိုက်တွေဆောက်ပေးပြီး ဖြေရှင်းပေးမယ်ဆိုရင်တောင်မရပါဘူးဒီလူတွေဘယ်က ရောက်လာတာလဲဆိုတဲ့ ဇာစ့်မြစ်ကို အရင်စုံစမ်းဖို့လိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ လှိုင်သာယာ၊ရွှေပြည်သာ၊တောင်ဒဂုံစတဲ့ စက်မှုဇုန်တွေမှာ ကျူးကျော်ပြဿနာတွေအများဆုံးဖြစ်ပွားနေပါတယ်။အဲသည်မှာရောက်နေတဲ့ မိသားစုဝင်တွေထဲက အများစုဟာ လယ်ယာမြေစိုက်ပျိုးလုပ်ကိုင်ကြတဲ့ ဧရာဝတီတိုင်းမြစ်ဝကျွန်းပေါ်ကဖြစ်တယ်လို့ ဆွေးနွေးပွဲပါစစ်တမ်းတွေအရ သိရပါတယ်။
ကျေးလက်မှာဆင်းရဲ နွမ်းပါးတဲ့ ဒဏ်ကိုမခံနိုင်တာနဲ့ လယ်သိမ်းယာသိမ်းပြဿနာတွေကြောင့် အခုလိုမြို့ပြကျူးကျော်တွေအဖြစ် ရပ်တည်ခဲ့ကြတာလို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ အထည်ချုပ်လုပ်သား ကိုမောင်နိုင်ကပြောပါတယ်။

လှိုင်သာယာစက်မှုဇုန်မြို့နယ်ထဲမှာ နေထိုင်တဲ့ အထည်ချုပ်လုပ်သားကိုမောင်နိုင်က ရွာမှာအဆင်မပြေလို့ ကြီးပွားအောင်မြို့ရောက်လာတယ်ပေါ့ဗျာ ၊ကျောတစ်ခင်းစာရရင်တော်ပြီ၊သားသမီးအငယ်တွေကို ကျောင်းထားနိုင်ရင်တော်ပြီဆိုပြီး ကျူးကြတယ်၊မြို့ပြစရိတ်က ရွာမှာထက် ပိုကြီးတာသိတဲ့ အချိန်သူတို့ရွာပြန်ပြီး ရပ်တည်ဖို့မလွယ်တော့ဘူး။အဲဒီတော့ မိသားစုတွေထဲမှာ အရွယ်ရောက်တဲ့ ယောင်္ကျားလေးဆိုရင် အလုပ်ကြမ်း၊မိန်းကလေးတွေဆိုရင်တော့ မတော်ရင် ကေတီဗီ၊မာဆက်လိုနေရာမျိုးတွေ ရောက်တာမျိုးရှိတယ်၊အဲဒီမှာ ကလေးတွဲလောင်းနဲ့ ကျန်ခဲ့တဲ့ တဲကိုဘူဒိုဇာနဲ့ ထိုးတော့တာပဲလို့ ကျူးကျော်ဘ၀ရောက်ခဲ့ရတဲ့ သူ့အတွေ့အကြုံပြောပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်နေပြည်သူတွေဖြစ်တယ်။အဆင်းရဲဆုံးဆိုတာလည်း အဲဒီကျေးလက်နေပြည်သူတွေဖြစ်ပါတယ်။၂၀၁၀ ခုနှစ်ပြီးကတည်းက အစိုးရကတိုင်းပြည်မှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးစီမံကိန်းတွေ ဆောင်ရွက်ခဲ့ပေမယ့် ထင်သလောက်မအောင်မြင်ခဲ့ပါဘူး။၁၉၉၈ ခုနှစ် နောက်ပိုင်းကတည်းက မြန်မာနိုင်ငံအနှံ့အပြားမှာ နေရာအနှံ့လယ်သိမ်းယာသိမ်း ပြဿနာတွေ စတင်ဖြစ်ပွားခဲ့တယ်လို့ ဦးလေးညွှန့်ကပြောပါတယ်။

အရင်အစိုးရလက်ထက်က လယ်ယာမြေပြဿနာ ဖြေရှင်းရေးတွေကို အကျယ်တ၀င့်ဆာင်ရွက်ခဲ့ပေမဲ့ ထိရောက်တဲ့ဆောင်ရွက်ချက်မတွေ့ခဲ့ရဘူးလို့ ဦးလေးညွှန့်ကပြောပါတယ်။
အဲသည်အတွက် အခုအစိုးရလက်ထက်မှာ ဘယ်လိုမူဝါဒကောင်းတွေနဲ့ လယ်ယာမြေပြဿနာတွေကို ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်နေပြီး အခုလိုဖြေရှင်းနိုင်မယ်ဆိုရင်မြို့ပြကျူးကျော်ပြဿနာကို တစိတ်တပိုင်းဖြေရှင်းပေးနိုင်မှာ ဖြစ်တယ်လို့ ဆွေးနွေးပွဲတက်ရောက်သူတချို့ကပြောပါတယ်။

ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက သူတို့ဆွေးနွေးသွားတာတော့ ရှင်းရှင်းလေးပါပဲ ၊တောင်သူလယ်သမားက တောမှာစားဝတ်နေရေးအဆင်ပြေရင် တောမှာပဲနေမယ်၊အဲဒီလိုမှ အဆင်မပြေတော့လဲ စိုက်စရာလယ်မရှိဘူးဆိုတော့ မြို့တက်လာမယ်၊အဲဒီတော့အကုန်လုံးစုပြုံပြီး ကျူးကျော်ဆိုတာတွေဖြစ်လာတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေးဖြစ်နေတဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍကိုအဆင့်မြင့်အောင် ဆောင်ရွက်ပေးဖို့နဲ့ တောင်သူတွေအတွက် ထိုက်သင့်တဲ့ ဈေးကွက်ရရှိဖို့ ဆောင်ရွက်ပေးမယ်ဆိုရင် တောင် အဲသည်တောင်သူမှာ စိုက်စရာလယ်ရှိမှ ဖြစ်မှာပါ။သည်ဆွေးနွေးပွဲအရ မြို့ပြကျူးကျော်ပြဿနာရဲ့ ဇာစ်မြစ်ကိုဖြေရှင်းနိုင်ဖို့ ဆိုရင် အစိုးရသစ်ရဲ့ လယ်ယာမြေပြဿနာကို ဘယ်လိုမူဝါဒကောင်းတွေနဲ့ ဖြေရှင်းမလဲဆိုတာက အရေးကြီးနေတယ်လို့ သိရပါတယ်။

Source : The Kumudra

Facebook comments