ရန်ကုန်မှာ မြို့ပြအရန်မြေမရှိလို့ တန်ဖိုးနည်းအိမ်ရာ အခက်ကြုံ
ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောက်လုပ်ပေးနေတဲ့ တန်ဖိုးနည်းအိမ်ရာတွေအတွက် ရန်ကုန်မြို့ပြအရန်မြေမရှိတဲ့ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရပါတယ်။‘မြို့တစ်မြို့မှာ မြို့အရန်မြေဆိုတာရှိရပါတယ် ၊ ရန်ကုန်မှာက မြို့အရန်မြေမရှိတော့ဘဲ လူတစ်စုလက်ထဲမှာ မြေဈေးကစားတာတွေ ရှိနေတော့ ဝန်ကြီးဌာနက တန်ဖိုးနည်းအိမ်ရာဆောက်ဖို့မြေတွေကို ဈေးကြီးပေးပြီး ပြန်ဝယ်နေရတယ်’လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။ဝန်ကြီးသစ်ရဲ့လမ်းညွန်မှုနဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ကျပ်သိန်း ၁၀၀ အောက်ရောက်အောင် ရောင်းနိုင်ဖို့ ဈေးနှုန်းသက်သာတဲ့မြေရဖို့လိုပါတယ် ။ လူနေရပ်ကွက်နဲ့ဝေးပြီး သွားရေးလာရေးခက်ခဲတဲ့နေရာတွေမှာ တန်ဖိုးနည်းအိမ်ရာတည်ဆောက်ရင် ဝယ်ယူမယ့် သူတွေအတွက် သွားလာရေးစရိတ်က ပိုမိုကုန်ကျမှာဖြစ်လို့ စီမံကိန်းအောင်မြင်မှာအဟုတ်ဘူးလို့ သိရပါတယ် ။အရင်အစိုးရလက်ထက်က တည်းက တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေကို အကောင်အထည်ဖော်ခဲ့ပေမဲ့ တန်ဖိုးသင့်အဖြစ်သာ ရောင်းချပေးနိုင်ခဲ့ပါတယ် ။ လတ်တလော ကာလအတွင်းရန်ကုန်မှာ ကျပ်သိန်း ၁၀၀ အောက်တန်ဖိုးနည်း အိမ်ရာရောင်းချနိုင်ဖို့ မြေနေရာအခက်အခဲတွေ ဖြစ်နေရတာပါ ။ တန်ဖိုးနည်းအိမ်ရာတွေကို ဝယ်မယ့်ပြည်သူတွေဟာ အလုပ်လုပ်ကိုင်ဖို့ သွားလာရေးအဆင်ပြေစေမယ့် နေရာတွေမှာ ဆောက်ဖို့လိုပါတယ် ။ အိမ်ရာအနီးမှာ ဈေး ၊ ကျောင်း ၊ ဆေးရုံစတဲ့ အခြေခံအဆောက်အအုံတွေနဲ့လည်း နီးရမှာဖြစ်လို့ မြေနေရာ ရှာဖွေရတာခက်ခဲနေတယ်လို့ သိရပါတယ် ။မြို့အရန်မြေကို ဈေးနှုန်းသက်သာစွာနဲ့ ဝန်ကြီးဌာနက ဝယ်ယူနိုင်ရင် ဝင်ငွေနည်းပြည်သူတွေ အတွက်အမှန်တကယ် အကျိုးရစေမယ့် တန်ဖိုးနည်းအိမ်ရာ တွေ တည်ဆောက်ပေးနိုင်မယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက ဒုတိယညွန်ကြားရေးမှူး ဦးမင်းအေးအောင်က ပြောပါတယ် ။လက်ရှိရက် ၁၀၀ အတွင်းမှာ ရောင်းချမယ့်တန်ဖိုးနည်းအိမ်ရာဈေးနှုန်းတွေက ကျပ်သိန်း ၁၀၀ ကျော်နေပါတယ်။အသစ်ထပ်ဆောက်မယ့် အိမ်ရာတွေကို သိန်း ၁၀၀ အောက် လျော့ကျစေဖို့ မြို့ပြအရန်မြေတွေ ပေါ်ထွက်လာရေး ဥပဒေပြဌာန်းဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။Source: The Modern
Facebook comments