အိမ်ခြံမြေအပေါင်ထားငွေဖော်ရာက မရွှေးနိုင်တာတွေရှိလာ
အိမ်ခြံမြေအရောင်းအဝယ်အေးပြီးအဝယ်ပျောက်နေတာကြောင့် ငွေလိုသူတွေ အိမ်ခြံမြေကို အပေါင်ထားပြီး ငွေပြန်ဖော်ငွေလှည့်ရာကနေ တချိ့ပြန်မရွှေးနိုင်ဘဲ ဆုံးသွားတာတွေရှိတယ်လို့ အကျိုးဆောင်တချို့ဆီက သိရတယ် ။ငွေလိုသူတွေက ဈေးကျနေတာကြောင့် ရောင်းမထုတ်ဘဲ ငွေလှည့်တဲ့သဘောနဲ့ အပေါင်ထားပြီး ငွေဖော်ကြတယ် ။ အပေါင်ထားရင်း ငွေမလည်တော့ဘဲ ပြန်မရွှေးနိုင်တော့တာပါ ။ငွေကြေးလည်ပတ်ဖို့ အတွက် ပေါင်နှံတာတွေ အိမ်ခြံမြေဈေးကွက်မှာ တွင်ကျယ် လာတယ်လို့တောင် ပြောလို့ရတယ်လို့ အကျိုဆောင်တချို့က ပြောပါတယ် ။ဝယ်ရောင်းအကျိုးဆောင် ဦးဝင်နိုင်က ‘အပေါင်ဈေးကွက်က တရားဝင် ခွင့်ပြုမထားပေမဲ့နားလည်မှုနဲ့ ရောင်းပေါင်စာချုပ်တွေနဲ့ လုပ်ကြတာ ၊ အခုနောက်ပိုင်းတချို့တွေက ကာလတန်ဖိုးရဲ့ တစ်ဝက်လောက်ကိုပဲ ငွေချေးပေးတာတွေဖြစ်လာတယ် ၊ အတိုးပေါ်အတိုးဆင့်ပြီး ပြန်မရွှေးနိုင်ဘဲ ဖြစ်ကြတာ’ လို့ရှင်းပြပါတယ် ။အတိုးနှုန်းတွေကတော့ တစ်နေရာနဲ့ တစ်နေရာမတူညီကြပါဘူး ။ သုံးကျပ် ၊ ခုနစ်ကျပ် ၊ ငါးကျပ် ၊ တချို့ဆိုရှစ်ကျပ်အထိ အတိုးယူကြတာတွေ ရှိတယ်လို့သိရပါတယ် ။မြေကွက်ဆုံးသွားခဲ့တဲ့ မနီလာက ‘ဒဂုံအရှေ့ပိုင်းက မြေကွက်ကို ရောင်းရင်ဈေးက လှနေတာကြောင့် ပြန်ရွှေးမယ် ၊ ခဏပဲ ငွေလှည့်တဲ့သဘောနဲ့ အပေါင်ထားလိုက်တာ ၊ ငွေကပြန်မလည်ဘဲလှည့်လိုက်တဲ့အကွက်ကပါ ပျက်သွားတော့ ပေါင်ထားတဲ့ခြံက ဆုံးသွားတယ် ၊ ရောင်းလိုက်ရင်တောင်ဈေးပိုရဦးမယ် ၊ အခုက သုံးချိုးနှစ်ချိုးလောက်ပဲ ရတာ’ လို့ပြောပါတယ် ။အရောင်းဈေးကွက်အေးနေတဲ့ ကာလ ကြာမြင့်လာတာကြောင့် ငွေမလည်ပတ်နိုင်ဘဲ မြေကွက်တွေပိုက်မိနေကြတဲ့ တချို့က ငွေမအောင်းနိုင်တော့ဘဲ ပေါင်တာမျိုးတွေရှိပါတယ် ။တချို့က ငွေလှည့်ပြီး တခြားအကွက်သေးလေးတွေကို ဝယ်ပြီးဈေးကစားရင်း ငွေပြန်မလည်တော့ဘဲ ဆုံးသွားတာမျိုးတွေ ဖြစ်ကြတာလို့ သိရပါတယ် ။Source: The Modern
Facebook comments