မိုးကုတ်မြို့နယ်တွင် အိမ်ရာပိုင်ဆိုင်မှု အခက် အခဲရှိနေသူများအတွက် တစ်လငွေကျပ် သုံးသောင်းသွင်းစနစ်ဖြင့် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရောင်းချနိုင်ရန် ပုဂ္ဂလိက ကုမ္ပဏီများ
စီစဉ်နေသည်ဟု သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ရေပူကျေးရွာရှိ ပုဂ္ဂလိကပိုင်မြေ ၂၃ ဧက ပေါ်တွင် အခန်းပေါင်း ၂,၅၆၀ အထိပါဝင်မည့် တန်းဖိုနည်း အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်
တည်ဆောက်သွားရန် ပြည်တွင်းမှ Golden Butterfly ကုမ္ပဏီနှင့် Infrastructure Myanmar ကုမ္ပဏီတို့ ပြီးခဲ့သည့် သီတင်းပတ်အတွင်း သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။ "တန်ဖိုးနည်း အိမ်ခန်းတွေကို တစ်လ သုံးသောင်းသွင်းစနစ်နဲ့သော်လည်းကောင်း၊ လက်ငင်းငွေချေစနစ်နဲ့သော်လည်းကောင်း ရောင်းချပေးသွား မှာပါ" ဟု Infrastructure Myanmar ကုမ္ပဏီဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။
အဆိုပါတန်ဖိုးနည်းအိမ်ရာ စီမံကိန်း ကို အထက်ပါ ပြည်တွင်းကုမ္ပဏီနှစ်ခုက အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးအမြတ်ခွဲဝေမှုတွင် တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ယူလုပ်ကိုင်မည့် Infrastructure Myanmar ကုမ္ပဏီက ၈၀ ရာခိုင်နှုန်းပါဝင်မည်ဖြစ်သည်။ တန်ဖိုးနည်းအိမ်ရာများကို လက်ငင်း ငွေချေစနစ်ဖြင့် ဝယ်ယူမည်ဆိုပါက အခန်း တစ်ခန်းလျှင် ကျပ်သိန်း ၈၀ ကျသင့်မည် ဖြစ်ပြီး တစ်လ ငွေကျပ်သုံးသောင်းသွင်း စနစ်ဖြင့် အရစ်ကျဝယ်ယူမည်ဆိုပါက တိုက်ခန်းတန်ဖိုး ကျပ် ၁၀၈ သိန်းကျ သင့်မည်ဖြစ်သည်။
"တန်ဖိုးနည်း အိမ်ရာတွေ တည်ဆောက်ပြီးလို့ ထွတ်ရှိလာမယ့် တိုက်ခန်းတွေရဲ့ ၃၀ ရာခိုင်နှုန်းကို ဒေသခံပြည်သူတွေကို ဦးစားပေးရောင်းချသွားမယ်။ ၄၀ ရာခိုင်နှုန်းကို နိုင်ငံ့ဝန်ထမ်းတွေနဲ့ ကျန် ၃၀ ရာခိုင်နှုန်းကို အရစ်ကျစနစ်နဲ့ဖြစ်ဖြစ်၊ လက်ငင်းငွေချေစနစ် ဖြစ်ဖြစ် ကုမ္ပဏီစိတ်ကြိုက် ရောင်းချပေးသွားမယ်" ဟု ဦးသန်းဦးက ပြောသည်။ တန်ဖိုနည်းတိုက်ခန်းများ တည်ဆောက် ရာ၌ အကျယ် အဝန်းဧရိယာ
စတုရန်းပေ ၆၀၀ ရှိမည့် အိမ်ခန်းများပါဝင်သည့် အထပ် ငါးထပ်ပါ အိမ်ရာအလုံးပေါင်း ၈၀ အထိ တည်ဆောက်သွားမည်ဖြစ်သည်။ မြေဧက ၂၀ ပေါ်တွင် လူနေအိမ်ခန်းများတည်ဆောက် သွားမည်ဖြစ်ပြီး၊
ကျန်မြေဧရိယာများ၌ ဈေးဝယ်စင်တာများ၊ ကျောက်မျက်အရောင်း ပြခန်းများထည့်သွင်း တည်ဆောက်သွားမည် ဟု သိရသည်။ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းလုပ်ငန်းကို အမြန်ဆုံး စတင်အကောင်
အထည်ဖော်နိုင်ရန် အဆောက်အအုံ ဒီဇိုင်းပုံစံငယ်၊ စီမံကိန်းလုပ်ငန်းစဉ်နှင့် လွှဲပြောင်းရောင်းချပေးမည့် အစီအစဉ်များ ပါဝင်မည့် စီမံကိန်း အဆိုပြုလွှာကို မန္တလေးတိုင်းဒေသကြီးထံ အစိုးရအဖွဲ့ထံ တင်ပြ၍
ခွင့်ပြုချက် တောင်းခံသွားရမည်ဖြစ်သည်။ "ကိုယ့်မြေမှာ ကိုယ်ဆောက်တယ် ဆိုပေမယ့် ဒီလိုကြီးမားတဲ့ စီမံကိန်းကြီးတွေအတွက် ကျတော့ အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်လိုပါတယ်၊ ဒါကြောင့်လည်း တင်ပြမှာပါ၊
သူတို့ခွင့်ပြုရင်တော့ တည်ဆောက်ရေး လုပ်ငန်းတွေကို အမြန်ဆုံး စလုပ်သွားမှာပါ၊ တည်ဆောက်ချိန် ကတော့ နှစ်နှစ်လောက် ကြာမယ်ထင်ပါ တယ်" ဟု ဦးသန်းဦးက ပြောသည်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် တန်ဖိုးနည်းအိမ်ရာဆောက်လုပ် ခွင့် တင်ပြလာပါက ခွင့်ပြုပေးသွားရန်ရှိသည် ဟုလည်း အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အများပြည်သူ အိမ်ယာလိုအပ်ချက်များကို
ဖြည့်ဆည်းပေးနိုင်ရန် တန်ဖိုးနည်း အိမ်ယာစီမံကိန်းများကို ၂၀၁၂ ခုနှစ်မှ စတင်၍ အစိုးရက အကောင်အထည်ဖော်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဧရာဝဏ်နှင့် ရတနာ တန်ဖိုးမျှတ အိမ်ရာ စီမံကိန်းများကို ၂၀၁၃ ခုနှစ်တွင်ဆောက်လုပ် ရေး ဝန်ကြီးဌာနက စတင်အကောင်အထည်ဖော်ခဲ့သည့်နည်းတူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင် တန်းဖိုးမျှတ
အိမ်ယာစီမံကိန်းများကိုလည်း စတင်ဆောက်လုပ်နေခဲ့ပြီးဖြစ်သည်။ ၂၀၁၁ ခုနှစ်မှ ၂၀၃၁ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ မြို့ပေါင်း ၈၁ မြို့နယ်တွင် အိမ်ရာယူနစ်ပေါင်း တစ်သန်းအထိ ဖြည့်ဆည်း
တည်ဆောက်နိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက လျာထားပြီးဖြစ်သကဲ့သို့ ပုဂ္ဂလိက ကုမ္ပဏီများကလည်း တန်ဖိုးနည်း အိမ်ယာစီမံကိန်းများ တည်ဆောက်ရန်
သက်ဆိုင်ရာ အစိုးရအဖွဲ့များသို့ တင်ပြ ထားပြီးဖြစ်သည်။ လက်ရှိတွင် စစ်ကိုင်တိုင်းဒေသကြီး မုံရွာ မြို့နယ်အတွင်းရှိ သာစည်ကျေးရွာ၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ တံတားဦးမြို့နယ်၊ ကရင်ပြည်နယ်
ဘားအံမြို့နယ်နှင့် ကချင်ပြည်နယ် ပူတာအိုမြို့နယ်တို့တွင် ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီများက တန်ဖိုးနည်း အိမ်ယာစီမံကိန်းများ စတင်ဆောက်လုပ် လျက်ရှိသည်။ြ မန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏ ခန့်မှန်း တွက် ချက်မှုအရ ရန်ကုန်မြို့တော်တွင် နှစ်စဉ်အိမ်ရာလိုအပ်ချက် ၇၅,၀၀၀ ကျော်ရှိပြီး အများစုမှာ အခြေခံ လူတန်းစားများနှင့် လူလတ်တန်းစားများ အတွက်တန်ဖိုးနည်းအိမ်ရာများကို အဓိကထား ဖြည့်ဆည်းတည်ဆောက်ပေးရန်လိုအပ်သည်ဟု သိရသည်။
Source : http://myanmar.mmtimes.com/