09-261334475

မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအ၀ယ်အေးနေပြီး အိမ်ငှားခ ဈေးနှုန်းများ မြင့်တက်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအ၀ယ်အေးနေပြီး အိမ်ငှားခ ဈေးနှုန်းများသည် ၂၀၁၅ ခုနှစ်ထက် ကျပ်(၂)သိန်းနီးပါး မြင့်တက်လာကြောင်း မန္တလေးအိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရှိရသည်။

“အရောင်းအဝယ်ထက် အငှားလုပ်ငန်းကပိုပြီး အဆင်ပြေတယ်။ အငှားကလည်း နေရာနဲ့ အိမ်ကောင်းရင် ကောင်းသလို ဈေးနှုန်းတက်တာမျိုးရှိတယ်။ အဓိကကတော့ ကုန်ဈေးနှုန်း တက်တော့ အိမ်ခြံမြေအငှားဈေး တွေပါ လိုက်တက်နေတာပဲ။ ပိုင်ရှင်တွေက သူတို့ ကြိုက်တဲ့ဈေးရမှ ငှားတယ်။ မရရင် မငှားပေးဘူး။”ဟု မန္တလေးမြို့ရှိ အကျိုးတော်ဆောင် ဦးတင်လှိုင်က ပြောသည်။

မန္တလေးမြို့ရှိ အိမ်ဌားဈေးကွက်တွင် ၂၀၁၅ ခုနှစ်က သွပ်မိုး ထရံကာ အိမ်တစ်အိမ်ကို တစ်လဌားရမ်းခ ကျပ်(၇၀၀၀၀)သာ ရှိခဲ့သော်လည်း ၂၀၁၆ ခုနှစ်အတွင်း ကျပ်(၁၀၀၀၀၀)ဝန်းကျင်၊ ၂၀၁၅ ခုနှစ်တွင် လုံးချင်း RC တစ်လဌားရမ်းခမှာ ကျပ်(၃)သိန်းသာ ရှိခဲ့သော်လည်း လက်ရှိ (၅)သိန်းခန့်ဈေးပေါက်နေကြောင်း သိရသည်။

“ကျွန်တော်တို့ မန္တလေးမှာ အရောင်းအဝယ်က မတရားကိုအေးတယ်။ ပြီးခဲ့တဲ့ နှစ်မတိုင်ခင် အရောင်းအဝယ်က မဖြစ်ဘူး။ အစိုးရအသစ်ကလည်း အပြောင်းအလဲရှိလာတော့ မြေကွက်ဝယ်မဲ့သူတွေကလည်း မဝယ်ရဲကျသလို ရောင်းတဲ့သူကလည်း မရောင်းရဲဘူး။”ဟု မန္တလေးမြို့မှ ဝါရင့်မြေ အကျိုးဆောင် ဦးမြင့်ဆွေက ပြောသည်။

လက်ရှိ မန္တလေးမြို့ရှိ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန် မြို့နယ်များတွင် အိမ်ခြံမြေ အငှား လုပ်ငန်းများ အများဆုံး အလုပ်ဖြစ်ကြောင်း အိမ်ခြံမြေ ဈေးကွက်မှ သိရသည်။

Source: Myitmakha

Facebook comments