အသင့်နေဝန်ဆောင်မှုနဲ့ အိမ်အရောင်းဈေးကွက်
အိမ်ခြံမြေအရောင်းအဝယ်မှာ တချို့က အသင့်နေထိုင်လို့ရတဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေကိုပါ အပြည့်အစုံထည့်ပြီး ရောင်းချတာမျိုးတွေ ရှိလာတယ်လို့ အကျိုးဆောင်တချို့ဆီက သိရပါတယ်။အိမ်ခြံမြေအရောင်းအဝယ် အေးနေတာကြောင့် တချို့က အဝယ်သမားတွေ စိတ်ဝင်စားအောင် ဆွဲဆောင်ကြတဲ့ သဘောဖြစ်တယ်လို့ ပြောပါတယ်။ ဈေးနှုန်းကတော့ လက်ရှိပေါက်ဈေးထက် ဈေးပိုတာတွေ ရှိသလို ဈေးသက်သာတာတွေလည်း ရှိတယ်လို့ သိရပါတယ်။မရမ်းကုန်းမြို့နယ်ရှိ အကျိုးဆောင် မလင်းလင်းက ‘ဒီဘက်မှာတော့ တိုက်ခန်းအရောင်းတင်တဲ့ တချို့တွေမှာ တွေ့ရတယ်၊ တချို့အဝယ်သမားတွေကျတော့ ကိုယ်တိုင်ဝယ်ဖြည့်လည်း ကုန်မှာပဲဆိုတော့ အဆင်သင့်ပါတာမျိုး သဘောကျတာတွေ ရှိတယ်’ လို့ ပြောပါတယ်။အိမ်အသုံးအဆောင်ပစ္စည်းပါ ဆိုတာမျိုးက အခန်းကို ပြင်ဆင်ပေးထားတာမျိုးတွေ၊ မီးအားမြှင့်စက်၊ အဲကွန်း၊ ရေမော်တာ၊ ရေပူရေအေး၊ ရေခဲသေတ္တာ၊ ဧည့်ခန်းအသုံးအဆောင်တွေ စတဲ့ ပစ္စည်းတွေကို ထည့်သွင်းပေးထားတာမျိုးတွေကို ဆိုလိုတာလို့ သိရပါတယ်။ အရင်က အိမ်အငှားတွေမှာလည်း အခုလိုပါဝင်တာမျိုးတွေ ရှိခဲ့ပါတယ်။ဝသုန်အကျိုးဆောင်က ဦးမောင်ဝင်းက ‘လုံးချင်းအိမ်တွေ ဆိုရင်တော့ သုဝဏ္ဏဘက်တွေ၊ တောင်ဥက္ကလာဘက်တွေနဲ့ မြို့ထဲပိုင်းတွေမှာ ပါတာများတာပါ’ လို့ ပြောပါတယ်။အကျိုးဆောင်တချို့ကတော့ ဈေးကွက်မှာ ဝယ်သူကို ဆွဲဆောင်တဲ့ နည်းတစ်မျိုးဖြစ်ပြီး ဈေးသက်သာတာမျိုးတော့ မဟုတ်ဘူးလို့ ပြောပါတယ်။ဝယ်ယူသူတွေအနေနဲ့ ပါဝင်တဲ့ ပစ္စည်းတန်ဖိုးနဲ့ အိမ်ရဲ့တန်ဖိုးကို အပြင်ဈေးနဲ့စုံစမ်းပြီးမှ ဝယ်ယူကြတယ်လို့ အကျိုးဆောင်တချို့ထံက သိရတယ်။ တချို့ကတော့ ဈေးဆစ်ရင်း အပြင်မှ ဝယ်တာထက် သက်သာတာမျိုးတွေလည်း ရှိတယ်လို့ ပြောပါတယ်။Source: The Kumudra
Facebook comments