09-261334475

လူနေတိုက်ခန်းလား ၊ ဈေးဆိုင်ခန်းလား

လူနေတိုက်ခန်းတွေမှာ ဈေးဆိုင်ခန်းဖွင့်ခွင့်ဥပဒေမရှိဘဲ နေရာတိုင်းမှာ လူနေဆိုင်ခန်းတွေ ဖွင့်နေကြတာဟာ လမ်းကျပ်မှုတွေ ၊ ရေကြီးရေလျှံမှုတွေနဲ့ သက်ဆိုင်နေတာကြောင့် ဥပဒေအရ စိစစ်သင့်တယ်လို့ သိရပါတယ်။

တရားလွှတ်တော်ရှေ့နေ ဥပဒေအကြံပေးလုပ်ဆောင်နေတဲ့ ဦးမောင်လွင်က ‘အရင်ကတည်းက ဥပဒေမှာ ဈေးဆိုင်တွေက ဈေးပဲရောင်းရမယ် ၊ လူနေခွင့်မရဘူး ၊ အခုကတော့ လူနေတိုက်ခန်းတွေမှာ ဈေးဆိုင်တွေ တွဲဖွင့်နေကြတာပါပဲ ၊ မြို့နယ်ရပ်ကွက်တွေမှာ ဈေးတွေရှိရဲ့နဲ့ ၊ ဒါတွေက လုပ်ဆောင်သင့်တာပါ’လို့ပြောပါတယ်။

မြို့တွင်းပိုင်း မြေညီတိုက်ခန်းအများစုမှာ ဈေးဆိုင်ခန်းတွေ ဖွင့်ပြီး လူပါနေကြသလို လမ်းဘေးဈေးသည်တွေ စည်းကမ်းမဲ့ ဖွင့်လှစ်နေတာတွေကြောင့် လည်းလမ်းပိတ်တာ ၊ ရေမြောင်းတွေရေစီးရေလာပိတ်နေတာတွေ ဖြစ်ပေါ်တယ်လို့ သိရတယ်။

စီးပွားရေးနဲ့ ဥပဒေလမ်းညွန် ဦးတင်သန်းဦးက ‘ရှိပြီးသားဥပဒေတွေအတိုင်း ကြပ်ကြပ်မတ်မတ်နဲ့ လုပ်ဆောင်ခဲ့ရင် ဒီလိုတွေမဖြစ်ပါဘူး ၊ ဈေးဆိုင်ခန်းအတွက်ဆို ဈေးဆိုင်ပဲသီးသန့် ၊ လူနေတာဆို လူနေခွင့်သီးန့် လုပ်ဆောင်ရမှာ ၊ မြို့ထဲမှာဆိုလူတိုင်း ခံစားနေရတာပါပဲ ၊ လမ်းပလက်ဖောင်းတွေပျောက်ပြီး ဈေးဆိုင်တန်းတွေဖြစ်နေတာ ၊ ဒါတွေကို သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေ ၊ မြို့တော်စည်ပင်တွေ ၊ မြို့တော်စည်ပင်ရဲတွေအနေနဲ့ ပူပေါင်းပြီး လုပ်ဆောင်သင့်တယ်’လို့ ပြောပါတယ်။

လမ်းဘေးဈေးသည်တွေကို ရန်ကုန်မြို့တော်စည်ပင်ကနေ အရေးယူမှုတွေ လုပ်ဆောင်ခဲ့ဖူးပေမဲ့ ခဏသာဖြစ်ခဲ့ပြီး ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်နေတာမျိုးတွေ မဖြစ်အောင်လည်း လုပ်ဆောင်သင့်တယ်လို့ သိရတယ်။

ဦးမောင်လွင်က ‘အခွန်အခတွေကို အပြည့်အဝကောက်ခံပြီး ရေစီးရေလာကောင်းအောင် လုပ်ဆောင်သင့်တာ၊ လူနေမယ့်တိုက်ခန်းက လူပဲနေခွင့်ရှိတယ် ၊ ဈေးဆိုင်ခန်းက ဈေးပဲရောင်းရမယ်ဆိုတာကို ရှိပြီးသားဥပဒေအတိုင်းကိုပဲ လုပ်ဆောင်မယ် ၊ ထိထိရောက်ရောက်လုပ်မယ်ဆို အဆင်ပြေမှာပါ ၊ အခုကတော့ ပြန့်ကျဲပြီး သူ့နေရာနဲ့သူ မဟုတ်ဘဲ စနစ်တကျမရှိဖြစ်နေတာ’လို့ ပြောပါတယ်။

Source: The Modern

Facebook comments