09-261334475

ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရေရှည်ရပ်တည်နိုင်ဖို့ ဈေးကွက်မျိုးစုံ ရှာဖွေနေကြရ

ရန်ကုန်မြို့ရဲ့ဆောက်လုပ်ရေးဈေးကွက်မှာ ရေရှည်ရပ် တည်နိုင်ဖို့အတွက် ဆောက်လုပ်ရေးလုပ်ငန်းတချို့ ဈေးကွက် အမျိုးမျိုးရှာဖွေနေကြရ တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်း ရှင်တချို့ဆီက သိရပါတယ်။

‘တစ်မြို့လုံးအတိုင်းအတာနဲ့ ကြည့်ရင်တော့ လုပ်ငန်းတွေက လည်ပတ်နေတာပုံမှန်လို့ မြင်ရပေမဲ့ တကယ်တမ်းဈေး ကွက်ထဲမှာက နည်းလမ်းစုံသုံးပြီး ငွေရှာနေရတာ ၊ တချို့ကျတော့ ဆောက်လက်စလုပ်ငန်းတွေလည်ပတ်ဖို့ အမြတ်ရတဲ့နေရာက ရှာပြီး ငွေပြန်ဖြည့်နေရ တာတွေရှိနေတယ်’လို့ ယူကေဆောက်လုပ်ရေး လုပ်ငန်းတာဝန်ခံကိုထက်က ပြောပါတယ်။

လက်တလောဆောက်လုပ်ရေးဈေးကွက်အတွင်း လုပ်ငန်းအများစု ရပ်တည်နေကြတာ ကတော့ မြေပုံ ဒီဇိုင်းရေးဆွဲတာတွေနဲ့ လုံးချင်းတိုက် ကန်ထရိုက် လုပ်ငန်းတွေကနေ ဝင်ငွေလည်ပတ်နိုင်အောင် ပြုလုပ်နေ ရတာပဲ ဖြစ်ပါတယ် ။ အကျိုးတူကန်ထရိုက်ဈေးကွက် တဖြည်းဖြည်းအားနည်းနေတာကြောင့် ဈေးကွက်အတွင်းအခန်းဈေးနှုန်းတွေက ကျပ်သိန်း ၃၀၀ ဂဏန်းလောက် အထိ လျော့ကျနေပါတယ်။


ဈေးကွက်ရှာကြရာဝယ်
‘ဆောက်လုပ်ရေးလောကအတွင်းဈေးကွက်ရှာဖွေကြတဲ့နေရာမှာတော့ ကန်ထရိုက်လုပ်ငန်းတွေအပြင် လုံးချင်းတိုက်ဆောက်လုပ်ရေးဒီဇိုင်းပုံစံတွေကို ဈေးနှုန်းနဲ့ တကွ ကြော်ငြာတာတွေရှိသလို တည်ဆောက်တဲ့အခါ သက်ဆိုင်ရာမြို့နယ်စည်ပင်ရုံးတွေမှာ လျှောက်ထားရတဲ့ တည်ဆောက်ခွင့်ပါမစ် အစိမ်းဘုတ်တွေ လိုက်လံလျှောက်ပေးတာတွေရှိနေပါတယ် ၊ တချို့လုပ်ငန်းတွေကတော့ ဆောက်လုပ်မယ့်တိုက်တွေရဲ့ ဒီဇိုင်းပိုင်းအသေစိတ်ရေးဆွဲပေးတာတွေကို သီးသန့်ဝန်ထမ်းတွေခေါ်ယူထားပြီးဆောင်ရွက်ကြသလို ကုန်ကျစရိတ် တွက်ချက်ပေးတာတွေကို လည်း ဆောင်ရွက်ပေးတာတွေရှိပါတယ်။

ဒါ့အပြင် ဆောက်လုပ်ရေး ကုန်ကြမ်းပစ္စည်းမှာယူပေး တာတွေကို ချိတ်ဆက်ဆောင်ရွက်ပေးကြသလို အိမ်တည်ဆောက်ရေးတွေအပြင် အိမ်တွင်း အလှဆင်လုပ်ငန်းတွေနဲ့ လမ်းခင်းတာ ၊ ခြံစည်းရိုးခတ်တာ စတဲ့လုပ်ငန်းတွေကိုလည်း လိုက်လံဆောင်ရွက်ပေးတာတွေ ရှိပါတယ်။ အစိုးရတွေကို ပြန်လည်အကျိုးတူလုပ်တာတွေနဲ့ အလုပ်သမားငှားရမ်းတာတွေကို သီးသန့်လုပ်ဆောင် တာတွေလည်းရှိပါတယ်။

ငွေပေါ်ရုံလည်ပတ်နေ 
လက်ရှိလည်ပတ်တဲ့ ဆောက်လုပ်ရေးအများစုက ငွေကြေး အမြတ်ငွေရရှိဖို့ထက် ယခင်က လုပ်ငန်းတွေ မှာ မြှုပ်နေတဲ့ငွေတွေကို ပြန်ပေါ်နိုင်ဖို့ ဆက်လက် လုပ်နေကြတာများပါတယ် ။ တချို့ဆောက်လုပ်ရေး လုပ်ငန်းတွေ က ဆောက်လက်စအကျိုးတူ ကန်ထရိုက်တိုက်တွေကို စရန်ငွေပြန်လျော်ရမှာစိုးရိမ်တာနဲ့ နာမည်ပျက်စာရင်းအသွင်းခံ ရမှာတွေကြောင့် ဆက်လက်ဆောက် လုပ်နေကြတာပဲဖြစ်ပါတယ်။

အဆင့်မြင့်အိမ်ရာ ဈေးကွက်အတွင်းဆောက်လုပ်မှုရပ် ဆိုင်းပြီး ပြန်လည်စိစစ်သွားမယ့် အသံတွေကြောင့်လည်း အကြီးစားဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ဂယက်ရိုက်သွားတာတွေရှိနေပါတယ် ။ ဒါကြောင့်ဆောက်လုပ်ရေးလုပ်ငန်းအားလုံးလိုလို က စောင့်ကြည့်နေကြပြီး ပါမစ်ကျပြီးလုပ်ငန်းတွေလောက် သာ လည်ပတ်နေကြတာဖြစ်ပါတယ်။
‘အစိုးရဌာနတွေဘက်က စိစစ်ရေးလုပ်ငန်းတွေကို ပြီးခဲ့တဲ့ ၁၉ ရက်နေ့ကစပြီး အမြန်ဆုံးလုပ်ဆောင်မယ်ပြောပေ မဲ့ ဆောက်လုပ်ရေးလုပ်ငန်းက များတော့ ရပ်ဆိုင်းရ တာတွေကြားမှာ ကြောက်ကြတယ်’လို့ ရွှေထူးကံ ထူးဆောက် လုပ်ရေးလုပ်ငန်းက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
လက်တလော ဈေးကွက်အတွင်း လူစိတ်ဝင်စားမှုရှိနေတဲ့ တိုက်ခန်းတွေကတော့ အရစ်ကျနဲ့ နှစ်ရှည်ရောင်းချမယ့် တစ်ရာခိုင်နှုန်းလစဉ်သွင်းတိုက်ခန်းတွေဖြစ်ပြီး သာမန်ရိုးရိုးတိုက်ခန်းတွေကိုလည်း အရစ်ကျပုံစံနဲ့ ရောင်းချပေးဖို့ မျှော်လင့်နေကြပါတယ်။


Source: The Kumudra

Facebook comments