အိမ်ခြံမြေဈေးကွက်က ထိုင်းမှိုင်းနေတဲ့ အခြေအနေမှာသာရှိပြီး သီတင်းကျွတ်ပြီးလောက်မှ အရောင်းအဈေးကွက် ပြန်ကောင်းလာနိုင်တယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ‘သီတင်းကျွတ်ပြီးလောက်မှ ဈေးကွက်ပြန်ကောင်းလာနိုင်ခြေရှိတယ်၊အိမ်ခြံမြေဈေးကွက်က တော်တော်ကြာနေပြီ ၊ ဈေးကွက်ပျက်နေတာ ၊ အရင်ကဒီလောက်ကြာတဲ့အထိ ဈေးကွက်အပျက်ဘူး ၊ အလွန်ဆုံးကြာတစ်နှစ်ပဲ ၊ အခုလိုဈေးကွက်က လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေလောက်ကလဲ ဖြစ်ခဲ့ဖူးတယ် ၊ မြေကွက်ကိုင်ထားတဲ့သူတွေကတော့ ဈေးကွက်ဘယ်အချိန်ပြန်ကောင်းမလဲ မျှော်ကြရတာ’လို့ ပြောပါတယ်။တချို့က အိမ်ခြံမြေ ပူဖောင်းပေါက်ကွဲသွားမလားလို့ ထင်မြင်နေကြတာတွေလည်း ရှိပါတယ်။ ၂၀၁၄ ခုနှစ်နှစ်လယ်ပိုင်း ဝန်းကျင်ကတည်းက ဈေးကွက်အေးနေခဲ့တာ လက်ရှိအချိန်ထိ ဖြစ်နေတာပါ ။ အငှားဈေးကွက်နဲ့ တကယ်နေမယ့်သူတွေလောက်သာ အရောင်းအဝယ်ရှိခဲ့တာလို့ အကျိုးဆောင်တချို့ထံက သိရပါတယ်။ထိုင်းမှိုင်းအဆင့်သာရှိဝသုန်အကျိုးဆောင်မှ ဦးမောင်ဝင်းက ‘အိမ်ခြံမြေ အရောင်းအဝယ်လုပ်လို့ စီးပွားပျက်တဲ့သူမရှိသေးပါဘူး ၊ မမြတ်နည်းတာ ၊ များတာပဲ ရှိမယ် ၊ အခုဈေးကွက်က အေးနေတယ်ဆိုပေမဲ့ အမြင့်ဈေးတွေနဲ့ တန့်နေတာ ၊ အရင်ကတည်းက မြေဝယ်မကျဆိုတဲ့စကားနဲ့ ဈေးကွက်က ရပ်တည်ခဲ့ကြတာပဲ ၊ အခုဈေးကွက်တန့်နေတာကလဲ ငွေကြေးလည်ပတ်မှုတွေ အရင်လိုမဟုတ်လို့ပါ ၊ အခုကတော့အရောင်းအဝယ်ထိုင်းမှိုင်းနေတဲ့ အဆင့်ပဲရှိသေးတယ်’လို့ ရှင်းပြပါတယ် ။
အိမ်ခြံမြေဈေးကွက်က အရောင်းများပြီး အဝယ်မရှိဘဲ ဈေးကွက်ပျက်နေတယ်လို့ ပြောကြပါတယ်။ ရောင်းအားကျပြီး ဈေးနှုန်းတွေမကျတာကြောင့် ဈေးကွက်ပူဖောင်းပေါက်ဖို့ဆိုတာ အဖြစ်နိုင်သေးဘူးလို့ သိရတယ် ။ တချို့နေရာတွေမှာ ဈေးကျတယ် ၊ ဝယ်တုန်းက ဈေးပြန်မရဘူးဆိုတာတွေက ငွေမလည်လို့ဈေးလျော့ရောင်းကျသူတွေကြောင့် ဖြစ်တယ်။
အောင်းထားသူများ
ရန်ကုန်မြို့တွင်းမှာလည်း လူနေထိုင်မှုကျပ်တည်းနေတာကြောင့် အရောင်းဈေးကမကျဘဲ အမြင့်ဈေးသာရှိနေပြီး အငှားဈေးကွက် ပိုအားကောင်းနေတာပါ ။ ငွေအောင်းထားနိုင်သူတွေများတဲ့ အိမ်ခြံမြေမှာတော့ ဈေးကွက်ကျဖို့က အချိန်တစ်ခုအထိ လိုအပ်နေပြီး အမြင့်ဈေးနဲ့ပဲ ဆက်ရှိနေနိုင်သေးတယ်လို့ သိရတယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က ‘ဈေးကတော့ မလှနိုင်သေးဘူး ၊ မြို့သစ်တွေဖွံ့ဖြိုးလာပြီး ၊ မြို့နေရာတွေ ထပ်ချဲ့မယ်ဆိုလဲ ဈေးကွက်ပြန့်သွားတာမျိုးပဲ ရှိနိုင်မယ် ၊ မြို့တွင်းဈေးကွက်ကတော့ ခပ်မာမာနဲ့ပဲ ရှိနေဦးမှာပါ ၊ စီးပွားရေးတွေအားလုံးက တအိအိနဲ့ ကျနေတာကြောင့်ပါ ၊ စီးပွားရေးတွေပြန်ကောင်းလာတာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေဝင်လာရင် အိမ်ခြံမြေဈေးကွက်က အရင်လိုပဲ ပြန်ပြီးဦးမော့လာမှာ’လို့ ပြောပါတယ်။
အိမ်ခြံမြေဈေးကွက်အခုလိုအေးစက်နေပြီး အဝယ်ပျောက်နေတာကို ကျွမ်းကျင်သူအများစုကတော့ နိုင်ငံရေးအခြေအနေတွေနဲ့ စီးပွားရေးအခြေအနေတွေ မှုဝါဒအပြောင်းအလဲတွေကြောင့်လို့ ခန့်မှန်းသုံးသပ်ကြပါတယ် ၊ ဝယ်ရောင်းအများစုနဲ့ အိမ်ခြံမြေမှာရင်းနှီးမြှုပ်နှံသူတွေကတော့ ဈေးကွက်ဘယ်အချိန်ပြန်ပြီးဦးမော့လာနိုင်မလဲဆိုပြီး မျှော်လင့်နေကြတာဖြစ်တယ် ။ အိမ်ခြံမြေနဲ့ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေပါ ကျဆင်းနေတာကလည်း ဈေးကွက်အေးနေရတဲ့ အကြောင်းထဲပါဝင်တယ်လို့ သိရပါတယ်။
Source: The Kumudra