ကန်ထရိုက်တိုက်ခန်းပြဿသာနာ အဖြေရှာဖို့ခက်ဆဲ
အဆောက်အအုံကန်ထရိုက်တာဈေးကွက်က အရင်ကလိုမကောင်းတော့ပေမဲ့ မြေရှင်နဲ့ ကန်ထရိုက်တာပြသနာတွေကတော့ နိုင်ငံပိုင်သတင်းစာတွေထဲမှာ တရားစွဲကြောညာတွေတွေ့နေရတုန်းပါပဲ။အကျိုးဆောင်ရှေ့နေ ဦးကျော်စွာက ‘မြေရှင်တွေက သေချာမသိဘဲ လုပ်ကြတာများတယ် ၊ တချို့ဆို ဂရန်မှုရင်းတွေပါပေးလိုက်တာမျိုးတွေအထိ ရှိတယ် ၊ ကန်ထရိုက်နဲ့ငွေပေးငွေယူကိစ္စတွေကအစ အချိန်အတိအကျသတ်မှတ်တာတွေ ၊ လုပ်ငန်းပြီးစီးမှု ၊ ငွေပေးချေရမယ့်အချိန်တွေ စာချုပ်ထဲမှာထည့်ရမယ် ၊ သတ်မှတ်ရက်အတွင်း အဆောက်အအုံမပြီးစီးတာ တာဝန်ပျက်ကွက်တာတွေရှိလာရင် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့ အာမခံအချက်တွေပါ ထည့်သင့်တာ’လို့ ပြောပါတယ်။အကျိုးတူကန်ထရိုက်ဆောက်လုပ်မှုတွေမှာ အဆောက်အအုံမပြီးစီးလို့ ၊ သတ်မှတ်ထားတဲ့အချိန်ကျော်လွတ်နေတာတွေ ၊ ကန်ထရိုက်တာက လုပ်ငန်းဆက်မလုပ်တော့ဘဲ ထားခဲတာကြောင့် မြေရှင်နဲ့ ဝယ်သူတွေကြိုပွိုင့်သမားတွေမှာ ပြသနာကြုံကြရတာတွေ ရှိနေသေးတာဖြစ်ပါတယ် ။တချို့က အခန်းတစ်ခန်းတည်းကို ဝယ်သူနှစ်ဦးကို ရောင်းတာမျိုးတွေပါ ကြုံကြရတယ်လို့ သိရပါတယ်။မပြည့်စုံတဲ့စာချုပ်အကျိုးတူကန်ထရိုက်တာဆောက်လုပ်မှုဈေးကွက်ကောင်းတဲ့အချိန်တုန်းက မြေရှင်အများစုက ကန်ထရိုက်တာပြောသမျှကို လက်ခံပြီး တစ်ဖက်သတ်ဆန်တဲ့ စာချုပ်တွေ မပြည့်စုံတဲ့ စာချုပ်တွေနဲ့ လုပ်ဆောင်ကြတယ်။အဆောက်အအုံမပြီးစီးဘဲ ထွက်ပြေးတိမ်းရှောင်နေတဲ့ ကန်ထရိုက်တာတွေ ၊ ကြိုပွိုင့်ငွေတွေယူပြီး လုပ်ငန်းဆက်မလုပ်တဲ့သူတွေကြောင့် မြေရှင်နစ်နာတာရှိသလို ဝယ်မိသူတွေက နစ်နာမှုပိုများပါတယ် ။ တချို့ကြိုပွိုင့်ငွေနဲ့ ငွေသွင်းဝယ်ထားတဲ့အခန်းက တခြားသူတွေပါ ဝယ်ယူထားပြီး တရာ်းရင်ဆိုင်ဖြေရှင်းရတဲ့ အဖြစ်တွေလည်းရှိပါတယ်။လက်ဝယ်အရေးပါအထက်တန်းရှေ့နေမသီတာဝင်းက ‘တချို့ဆို ကိုယ်က အရင်ဆုံးဝယ်ထားပေမဲ့ လက်ဦးမှုအရင်မရခဲ့လို့ ရှုံးရတာတွေရှိတယ် ၊ မြေယာတိုက်ခန်းအမှုတွေမှာ လက်ဝယ်ရရှိထားမှုကလဲ အရေးပါတဲ့အချက်လေ ၊ ဥပဒေအရရင်ဆိုင်ရင် ရောင်းချတဲ့သူကို ပဋ္ဋိညာဉ်ဖောက်ဖျက်မှုတို့ ၊ လိမ်လည်မှုတွေနဲ့ တရားစွဲဆိုပြီး ဖြေရှင်းရမှာ’လို့ ရှင်းပြပါတယ် ။သူကပဲတစ်ခါလိုက်ပေးရတဲ့အမှုဆို သူက ပထမဆုံးငွေသွင်းထားတာမှန်ပေမဲ့ နောက်ဆုံးဝယ်ထားတဲ့သူက တိုက်ခန်းပေါ်အရင်တက်နေတော့ သူကအနိုင်ရသွားတယ် ။ စာချုပ်တွေမှာ မြေရှင်လက်မှတ်တွေလည်းပါနေတာပဲ ။ ဝယ်ထားသူအချင်းချင်းလည်း ရယူလိုမှုနဲ့ တရားရင်ဆိုင်ကြရသလို ရောင်းချတဲ့မြေရှင်ဖြစ်ဖြစ် ၊ ကန်ထရိုက်တာကိုပဲဖြစ်ဖြစ်တရားစွဲရမှာဖြစ်တယ် ။ ပထမဆုံးဝယ်သူက ပဋိညာဉ်ဖောက်ဖျက်မှုနဲ့ စွဲဆိုလို့ရပြီး နောက်တစ်ဦးက လိမ်လည်မှုနဲ့ တရားစွဲဆိုလို့ရတယ်လို့ ပြောပါတယ်။တိုက်ခန်းအရောင်းအဝယ်နဲ့ ကြိုပွိုင့်စနစ် ၊ အကျိုးတူကန်ထရိုက်ဈေးကွက်အေးပြီးပျောက်သွားရတာလည်း သည်လိုကိစ္စရပ်တွေကြောင့်ဖြစ်တယ်လို့ အကျိုးဆောင်တချို့နဲ့ ကန်ထရိုက်တာတချို့က ပြောပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမောင်မောင်က ‘ လိမ်လည်သူတွေ ၊ ဈေးကွက်ကောင်းလို့ ဝင်ပြီးခဏတာလုပ်ကြတဲ့သူတွေကြောင့် ဈေးကွက်က ပျက်သွားတာ တကယ်လုပ်ငန်းလုပ်နေတဲ့သူတွေပါ ထိခိုက်ရတယ်’လို့ ပြောပါတယ်။သတ်မှတ်ပေးထားတဲ့ စည်းကမ်းချက်တွေ ၊ ဥပဒေတွေမရှိတာကြောင့်နဲ့ တစ်ဖက်သတ်စာချုပ်ချုပ်ဆိုတာတွေကြောင့် အခုလိုပြသာနာတွေ ဖြစ်တာလို့ လည်းသိရပါတယ်။Source: The Kumudra
Facebook comments