သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာ အခန်း ၈၀၀၀ ကျော်ကို ၂ နှစ်အတွင်း ဆောက်လုပ်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ပြော
အစိုးရသစ်လက်ထက်တွင် ပြည်သူလူ ထုနေထိုင်မှု အဆင်ပြေစေရန် သိန်း၁၀၀ အောက်တန်ဖိုးနည်းအိမ်အခန်း ၈၀၀၀ ကျော် ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မေ ၁၉ ရက်နေ့က ပြောသည်။ ''အစိုးရသစ်လက်ထက်မှာ တန်ဖိုးနည်းအိမ်ရာ ထပ်မံဆောက်လုပ်သွားဖို့ ရှိတယ်။ လက်ရှိ မြေဧက ၂၀၀ ကျော် ရထားတယ်။ အိမ်ခန်းပေါင်း ၈၀၀၀ ကျော်လောက် ထွက်လာမယ်၊ အခု စဉ်းစားထားတာကတော့ အခန်းတစ်ခန်းကို ငွေကျပ် သိန်း ၁၀၀ အောက်ကို ဖြစ်စေချင်တယ်။ ဒါမှ တန်ဖိုးနည်းတဲ့ အနေအထား ဖြစ်သွားမယ်။ အခန်းကို ၀ယ်မယ်ဆိုရင်တော့ ကျသင့်ငွေ ၁၅ ရာခိုင်နှုန်း အရင်ပေးဆောင် ရတယ်။ ၀ယ်တဲ့သူက အလုပ်အကိုင် ရှိရမယ်။ ဘဏ်မှာ ငွေစုအကောင့် ရှိရမယ်။ တစ်လကို ပုံမှန် ၈ သောင်း၊ ၁ သိန်းလောက် သွင်းပြီး ၈ နှစ်နဲ့ ၁၀ နှစ်အကြာမှ အိမ်ခန်းကို ပိုင်ဆိုင်မှာ ဖြစ်တယ်''ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ အဆိုပါ တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို ၂ နှစ်ခန့်အကြာတွင် ပြီးစီးအောင် အကောင်အထည်ဖော်သွားနိုင်မည်ဟု မျှော်မှန်းကြောင်း၊ နေအိမ်အဆောက်အဦမှာ ၄ ထပ် (သို့) ၅ ထပ် အဆောက်အဦများ ဆောက်လုပ်သွားဖြစ်ပြီး အဆောက်အဦတစ်ခုအတွက် အခန်းပေါင်း ၄၀ ကျော် ပါဝင်ကြောင်း၊ အခန်းတစ်ခန်းတွင် အိပ်ခန်း ၂ ခန်း ပါဝင်မည်ဖြစ်ပြီး အကျယ် စတုရန်းပေ ၄၀၀ ရှိကြောင်း၊ အစိုးရအနေဖြင့် အဆိုပါ တန်ဖိုးနည်း အိမ်ရာအား ရောင်းချပေးမည် ဆိုပါက နေအိမ်အပိုင် မရှိသော အိမ်ထောင်စုများကို ဦးစားပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောသည်။ ထို့အပြင် နေအိမ်မရှိသူများအတွက် တန်ဖိုးနည်းနည်းဖြင့် အိမ်ငှားနေထိုင်နိုင်မည့် အငှားအဆောင်များကိုလည်း စက်မှုဇုန်တွင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသည်။ ''တန်ဖိုးနည်းအငှားအိမ်တွေ အကောင်အထည်ဖော်ဖို့လည်း ရှိပါတယ်။ တစ်ခန်းကို ၂ ယောက်၊ ၃ ယောက် နေထိုင်လို့ရတဲ့ အနေအထားတော့ ရှိမယ်။ တစ်လကို ၂ သောင်းလောက်တော့ ငှားခ ပေးရမယ်လို့ ခန့်မှန်းထားတယ်။ တစ်သက်လုံးတော့ နေလို့ မရဘူး။ ၆ လ (သို့မဟုတ်) ၁ နှစ်လောက် နေပြီး အလုပ်အကိုင်ရရင်တော့ ဖယ်ပေးရမယ်။ အစိုးရကလည်း ဘဏ်ချေးငွေနဲ့ဆောက်ရမှာ ဖြစ်တဲ့အတွက် ဘဏ်အတိုးသာသာလောက် ကာမိအောင် အိမ်ငှားခယူရတာ ဖြစ်တယ်။ အရှုံးခံပြီး လုပ်မယ်ဆိုရင်တော့ ရေရှည် ရပ်တည်နိုင်မှာ မဟုတ်ဘူး''ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ လက်ရှိအချိန်တွင် တန်ဖိုးနည်းအိမ်ရာများကို တောင်ဒဂုံမြို့နယ်၊ လှိုင်သာယာမြို့နယ်တို့တွင် ဆောက်လုပ်ပေးလျက်ရှိပြီး ယခုလအတွင်း ရောင်းချပေးသွားမည် ဖြစ်ကာ အိမ်ခန်းတစ်ခန်းအား ငွေကျပ် သိန်း ၁၂၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။Source : News Watch
Facebook comments