ညွှန်ကြားချက်ဖြင့် စီမံခန့်ခွဲနေရ၍ စက်မှုဇုန်များ စနစ်တကျမရှိဖြစ်နေဟုဆို
ရန်ကုန်မြို့ရှိ စက်မှုဇုန် ၂၉ ခုကို စီမံခန့်ခွဲရန် ၁၉၉၇ က မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်တစ်ခုဖြင့် စီမံခန့်ခွဲနေရ၍ အရာရာ စနစ်တကျ မရှိဖြစ်နေကြောင်း စက်မှုဇုန်ဥက္ကဋ္ဌများကပြောသည်။‘‘စက်မှုဇုန်တွေမှာ မြေကွက်လပ်တွေက စက်မှုလုပ်ငန်းဖွံ့ဖြိုးမှုကို ထိခိုက်တယ်ဆိုတာ တစ်စိတ်တစ်ပိုင်းမှန်ပါတယ်။ ဒါပေမဲ့ ဒီဇုန်တွေကို စီမံခန့်ခွဲဖို့ဌာနဆိုင်ရာတစ်ခုရဲ့ အနိမ့်ဆုံးဖြစ်တဲ့ မခိုင်မမာ ပျော့တိပျော့ဖတ် ညွှန်ကြားလွှာလေးနဲ့ စီမံခန့်ခွဲနေရတယ်ဆိုတာလည်း မမေ့ကြဖို့လိုပါတယ်’’ ဟု တောင်ဒဂုံစက်မှုဇုန်(၂) စီမံခန့်ခွဲမှုဥက္ကဋ္ဌ ဦးဝင်းနိုင်ကပြောသည်။စည်းမျဉ်းစည်းကမ်း ခိုင်မာမှုမရှိဘဲ စီမံခန့်ခွဲနေရခြင်းကြောင့် စက်မှုဇုန်များတွင် လမ်းပန်းဆက်သွယ်ရေး၊ အခြေခံအဆောက်အအုံ၊ ရေမီးလိုအပ်ချက်များ အမြောက်အမြား ဖြစ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။ အဆိုပါ ညွှန်ကြားချက်တစ်ခုတည်းဖြင့် စက်မှုဇုန်ဥက္ကဋ္ဌများသည် ရေဆိုးစွန့်ပစ်ခြင်းနှင့် အမှိုက်စွန့်ပစ်ခြင်းများ ကိုင်တွယ်ရသည်မှာ အခက်အခဲများရှိကြောင်း ဦးဝင်းနိုင်ကပြောသည်။မြန်မာနိုင်ငံတွင် ပြည်တွင်းစက်မှုဇုန်များကို ၁၉၉၂ နှင့် ၁၉၉၆ တွင် စတင်တည်ထောင်ခဲ့ ပြီး အထူးစီးပွားရေးဇုန်များအတွက် ဥပဒေများထွက်လာသော်လည်း ပြည်တွင်းစက်မှုဇုန်များအတွက် တိကျခိုင်မာသော ဥပဒေများ မရှိသေးပေ။လက်ရှိအစိုးရသစ်သို့ စက်မှုဇုန်များ ဖွံ့ဖြိုးရေးအတွက် စက်မှုကုန်ထုတ်လုပ်သူများ အသင်းက အကြံပြုချက်များ တင်ပြရန် စီစဉ်ထားသည်။ လက်ရှိအစိုးရသစ် ရက်တစ်ရာစီမံကိန်းတွင် စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် မည်သည့်လုပ်ငန်းမှ မပါဝင်သေးကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကပြောသည်။စက်မှုဇုန်များနှင့် ပတ်သက်သည့် ဥပဒေထွက်ပေါ်လာရေးအတွက် စက်မှုကုန်ထုတ်လုပ်သူများအသင်းများ ဦးဆောင်၍ ဥပဒေကြမ်းရေးဆွဲနေပြီး ယခုအချိန်တွင် တတိယအကြိမ် မူကြမ်းရေးဆွဲပြီးဖြစ်ကြောင်း စက်မှုဇုန်ဥက္ကဋ္ဌများကဆိုသည်။‘‘အခုဥပဒေဆွဲတာ အထူးစီးပွားရေးတွေ လိုချင်လို့မဟုတ်ပါဘူး။ ဒါပေမဲ့ တိကျသေချာတဲ့ ဥပဒေတစ်ခုတော့ လိုအပ်နေပါတယ်။ အခုဥပဒေတွေ တိတိကျကျမရှိတော့ နိုင်ငံခြားသားတွေ မလာချင်ကြဘူး’’ဟု စက်မှုဇုန် ဥက္ကဋ္ဌတစ်ဦးကပြောသည်။ရန်ကုန်မြို့တွင် စက်မှုဇုန်များနှင့် ပတ်လည်ဝန်းရံနေကြောင်း၊ ထို့ကြောင့် မြို့တော်၏ လုံခြုံရေးနှင့် သာယာရေးအတွက် စနစ်တကျမရှိသော စက်မှုဇုန်များကို တိတိကျကျ ကိုင်တွယ်သင့်ကြောင်း ဦးဇော်မင်းဝင်းက ပြောသည်။Source : 7Day Daily
Facebook comments