ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း အထပ်မြင့် အဆောက်အအုံဆောက်လုပ်ခွင့်များအား စိစစ်ခွင့်ပြုရာတွင် ၉ ထပ်မှ ၁၂ ထပ်ခွဲထိ အဆောက်အအုံများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ကော်မတီဝင်များ အစည်းအဝေးမှလည်းကောင်း၊ ၁၃ ထပ်နှင့် အထက်အဆောက်အအုံများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်း အဝေးမှလည်းကောင်း စိစစ်ပြီး ''မူ'' အားဖြင့် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ''မူ'' အားဖြင့် ခွင့်ပြုချက်ရရှိပြီးသော ၉ ထပ်မှ ၁၂ ထပ်ခွဲအထိ အဆောက်အအုံများအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အထပ်မြင့်အဆောက်အအုံဆောက်လုပ်မှုဆိုင်ရာစံချိန်စံညွှန်းများ စစ်ဆေး ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ HIC မှလည်းကောင်း၊ ၁၃ ထပ်နှင့်အထက် အဆောက် အအုံများအား အထပ်မြင့်အဆောက် အအုံတည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့(CQHP)မှ လည်းကောင်း၊Design များကိုစိစစ်ပြီး အဆင့်အလိုက် Designစိစစ်ထောက်ခံချက်များ ရရှိမှသာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန(အဆောက်အအုံ)မှ ဆောက်လုပ်ခွင့်ပြုမိန့်များကို အပြီးသတ်အတည်ပြုထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ယခုအခါ မြို့ပြအင်္ဂါရပ်ဖွံ့ဖြိုးမှုနှင့် ကိုက်ညီစေရန် ပိုမိုစနစ်ကျရေးအတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်း၍ အထပ်မြင့်အဆောက် အအုံများ ဆောက်လုပ်ခွင့်အား အသေးစိတ်စိစစ်သွားမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ် အတွင်း ''မူ'' အားဖြင့်သာ ခွင့်ပြုချက်ရရှိထားပြီး ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ အပြီးသတ် အတည်ပြုထုတ်ပေးသော ဆောက်လုပ်ခွင့်ပြုမိန့် မရရှိသေးသည့် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ခြင်းလုပ်ငန်းများကို ခေတ္တရပ်ဆိုင်း ထားကြပါ ရန်နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ် ချက်များနှင့် ကိုက်ညီမှုရှိပါက ဆောက်လုပ်ခွင့်အား ဆက်လက်ခွင့်ပြုသွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာမှ မေ ၁၃ ရက်က သတင်းထုတ်ပြန်ထားကြောင်း သိရသည်။
Source: MOIWebportalMyanmar