09-261334475

ပုဂ္ဂလိကဆေးရုံစီမံကိန်း ရပ်ဆိုင်းဖို့ လွှတ်တော်ဆုံးဖြတ်

ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းနဲ့ ပြည်လမ်းထောင့်မှာရှိတဲ့ ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေမှာ ပုဂ္ဂလိကဆေးရုံတည်ဆောက်မယ့် စီမံကိန်းကို ရပ်ဆိုင်းဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

ရေကြည်မဲဆန္ဒနယ် ဒေါက်တာစံရွှေဝင်းက အဲ့ဒီမြေနေရာဟာ အစိုးရပိုင်မြေဖြစ်ပြီး ပုဂ္ဂလိကကို နှစ် ၅ဝ ငှားရမ်းတာဟာ ပွင့်လင်းမြင်သာမှု မရှိဘဲနဲ့ အများပြည်သူအကျိုးမပါတဲ့အတွက် ပယ်ဖျက်ပေးဖို့ အဆိုတင်ထားတာ ဖြစ်ပါတယ်။ ဒီနေ့ ဆွေးနွေးတဲ့အထဲမှာ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ထွေးက အဲ့ဒီအဆိုကို ထောက်ခံဆွေးနွေးခဲ့ပါတယ်။

တပ်မတော်သား ကိုယ်စားလှယ် ၃ ဦးက ဆွေးနွေးရာမှာ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဘာမှမှတ်ချက်ပြု ဆွေးနွေးတာ မလုပ်ပေမယ့် မြန်မာနိုင်ငံမှာ နိုင်ငံတကာ အဆင့်မီ ပုဂ္ဂလိကဆေးရုံတွေများများ လိုအပ်နေတဲ့အကြောင်း လက်ရှိ အစိုးရရဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေဟာ အများပြည်သူတွေအတွက် ဝန်ဆောင်မှု အပြည့်အဝ မပေးနိုင်သေးကြောင်း ဆွေးနွေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့က သဘောတူစာချုပ်ချုပ်ဆိုပြီး ကုမ္ပဏီဖက်က အမေရိကန်ဒေါ်လာ တစ်သောင်းသုံးထောင်ကျော်ကို ကမ္ဘောဇဘဏ်မှာ သွင်းခဲ့ကြောင်း၊ ပြီးခဲ့တဲ့ မတ် ၃ဝ ရက်နေ့က မြေအသုံးချမှု ပရီမီယံရဲ့ ၃ဝ ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၂ သန်းခွဲကျော်ကို ပေသွင်းခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

အဲ့ဒီမြေနေရာမှာ ANP Construction နှင့် Parkway တို့က ပူးပေါင်းပြီး ကုတင် ၂၅ဝ ရှိမယ့် ဖက်စပ်ဆေးရုံတည်ဆောက်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ မြေအကျယ် ၄ ဒသမ ၃ ဧကပေါ်မှာ တစ်စတုရန်းမီတာကို တနှစ်ငှားရမ်းခ ၄ ဒသမ ၅ ဒေါ်လာနှုန်းနဲ့ ပထမအဆင့် နှစ်ငါးဆယ်နဲ့ နောက်ထပ် ၁ဝ နှစ် ၂ ခါ ငှားရမ်းခွင့်ရှိတာဖြစ်ပါတယ်။

အဲ့ဒီစီမံကိန်းဟာ Singapore အခြေစိုက်ကုမ္ပဏီနဲ့ ဖက်စပ်ဖြစ်ပြီး မြန်မာနိုင်ငံဖက်က UMFCCI ဥက္ကဌ ဦးဝင်းအောင်နဲ့ တခြားလုပ်ငန်းရှင်တချို့က ရှယ်ယာပါဝင်ထားပါတယ်။

Source: thithtoolwin

Facebook comments