ခွင့်ပြုကွန်ဒို သက်တမ်းမတူလို့ ၀ယ်သူတွေ စစ်ဆေးသင့်
ကွန်ဒို ၀ယ်ယူတဲ့သူတွေအနေနဲ့ မြေအချိုးကျပိုင်ဆိုင်ခွင့် ရရှိပေမယ့် တချို့ကွန်ဒိုတွေရဲ့ ခွင့်ပြုချက်ရထားတဲ့ သက်တမ်းကနည်းတာကြောင့် ကွန်ဒိုရဲ့ သက်တမ်းက ဘယ်နှနှစ်၊ကာလဘယ်လောက်ဆိုတာမျိုး စစ်ဆေးသင့်လို့ အကျိုးဆောင်ရှေ့နေတချို့ကပြောပါတယ်။ကွန်ဒိုဈေးကွက်ထဲမှာအများစုက ဘီအိုတီစနစ်နဲ့ တည်ဆောက်ကြသလို ဘိုးဘွားပိုင်မြေ ဂရန်မြေတွေမှာလည်း တည်ဆောက်ကြပါတယ်။သက်ဆိုင်ရာဌာနကနေ ခွင့်ပြုပေးထားတဲ့ သက်တမ်းက မတူညီကြတာကြောင့် ၀ယ်သူအနေနဲ့ စီစစ်သင့်တယ်လို့ သိရတယ်။ပုံမှန်အားဖြင့်ဘီအိုတီစနစ်တွေမှာ နှစ် ၅၀ ခွင့်ပြုပြီး သက်တမ်းတိုး ၁၀နှစ် နှစ်ကြိမ်ဖြစ်တာကြောင့် နှစ် ၇၀ ပိုင်ဆိုင်ခွင့်ရတာတွေလည်းရှိပါတယ်။အကျိုးဆောင်ရှေ့နေ ဦးကျော်စွာက မြေကိုပိုင်တယ်လို့ ဘယ်သူမှ ပြောလို့မရပါဘူး ဂရန်ကအစ အားလုံးက မြေငှားစာချုပ်တွေအဖြစ် ထုတ်ပေးထားတာပါ၊နှစ်၃၀ ၊ နှစ်၆၀ ၊ နှစ်၉၀ ၊မြေငှားစာချုပ်အစိုးရက ငှားတာပါ၊ဘယ်လိုမြေပေါ်မှာပဲဆောက်ထားတာဖြစ်ပါစေ မှတ်ပုံတင်ထားတာဆိုရင် သတ်မှတ်ပေးထားတဲ့ သက်တမ်းအတိုင်း ပိုင်ဆိုင်ခွင့်ရပြီး အပေါင်ထားခွင့်ရမှာပါ လို့ ရှင်းပြပါတယ်။စုပေါင်းပိုင် အဆောက်အအုံဥပဒေမှာပါဝင်တဲ့ အခန်း၅မှာ စုပေါင်းပိုင် အဆောက်အအုံအဖြစ် အသိအမှတ်ပြုလိုလျှင် မြေလက်ရှိပိုင်ဆိုင်ထားသူက စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ပြီး စုပေါင်းပိုင်ဆိုင်ခွင့် ရှိသူတွေကို မြေကိုလွှဲပြောင်းပေးရတာဖြစ်တယ်။နိုင်ငံပိုင်မြေပဲဖြစ်ဖြစ်၊ဘယ်လိုမြေပဲဖြစ်ပါစေ ကွန်ဒိုဆောက်ချင်တယ်ဆိုရင် ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ မှတ်ပုံတင်စားရင်းသွင်းတဲ့ ဌာနနှစ်ခုမှာ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။မှတ်ပုံတင်ထားတဲ့မြေဆိုရင် ဌာနနဲ့ မပက်သက်တော့ဘူးလို့ သိရပါတယ်။ကွန်ဒိုအဆောက်အအုံတွေဆောက်လုပ်နေဆဲ ကွန်ဒိုအဆောက်အအုံတွေကိုလည်း ဥပဒေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဖွဲ့စည်းထားတဲ့ စုပေါင်းပိုင်အိမ်ရာ စီမံခန့်ခွဲရေးကောမတီမှာ လျှောက်ထားလို့ ရတယ်လို့သိရပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးမောင်မောင်ဝင်းက ကွန်ဒိုတွေကြည့်ရင် ဌာနဆိုင်ရာမြေတွေပေါ်မှာ ဆောက်ထားတာတွေများတယ် ၊ပထမနှစ် ၅၀ ထပ်တိုး ၁၀နှစ် နှစ်ကြိမ်ဆို နှစ် ၇၀ မြေအငှားသဘောတူပြီး ဆောက်ကြတာ၊ဒီနှစ်အတွင်းမှာပိုင်ဆိုင်တယ်ပြောမှ ပေါင်တာငွေချေးတာမျိုးရနိုင်မှာပါ၊ရပိုင်ခွင့်ကလည်း အခန်းပိုင်ရှင်ပဲရမှာ ၊ဥပဒေမှာ သေချာပြဌာန်းထားတဲ့ အချက်တွေတချို့ ကဏ္ဍတွေမှာ မပါဘူးလို့ ပြောပါတယ်။Source : The Modern
Facebook comments