09-261334475

ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၏ ရာခိုင်နှုန်း ၄၀ သည် လွတ်နေပြီး စက်မှုဇုန်မြေကွက်များကို ကုမ္ပဏီတစ်ခု တစ်ယောက်တည်းက ချုပ်ကိုင်ထားဟု ရန်ကုန်မြို့ပြပညာရှင် ဒေါက်တာကျော်လတ် ပြောကြား

ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၏ ရာခိုင်နှုန်း ၄၀ သည် လုပ်ငန်းများ မလုပ်ကိုင်ဘဲ လွတ်နေပြီး စက်မှုမြေကွက်များကို ကုမ္ပဏီတစ်ခု တစ်ယောက်တည်းကသာ ချုပ်ကိုင်ထားဟု ရန်ကုန် မြို့ပြ စီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က မေ ၅ ရက်တွင် ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်သည့် ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးမှု အခြေခံ အချက်အလက်များနှင့် အဆိုပြုချက်များ ဆွေးနွေးပွဲတွင် ပြောကြားသည်။

ရန်ကုန်မြို့တွင် စက်ရုံအလုပ်ရုံများစွာ ပေါ်လာပြီး အနှောင့်အယှက် ဖြစ်နေသည်မှာ စက်ရုံအလုပ်ရုံ မြေဈေးများဖြစ်ကြောင်း၊ ၂၀၀၅ ခုနှစ်တွင် စက်မှုမြေတစ်ကွက်လျှင် ကျပ် သိန်း ၃၀၀၀ မှ ၅၀၀၀ ကြား ရှိခဲ့သော်လည်း ယခုတွင် စက်မှုဇုန် မြေတစ်ကွက်ကို ကျပ်သိန်း ၄၀၀၀ မှ ၆၀၀၀ ကြားအထိ တက်သွားကြောင်း ဒေါက်တာကျော်လတ်က
ပြောကြားသည်။

“ရန်ကုန်မြို့မှာ စက်ရုံအလုပ်ရုံ အများကြီး ပေါ်လာတယ်။ အဲဒီမှာ ဘာက အနှောင့်အယှက် ဖြစ်နေလဲဆိုရင် စက်ရုံအလုပ်ရုံ မြေဈေးတွေပေါ့။ ၂၀၀၅ စက်မှုမြေတစ်ကွက်ကို သိန်း ၃၀၀၀၊ ကောင်းရင် သိန်း ၅၀၀၀ ပေါ့။ တဖြည်းဖြည်းနဲ့ တက်သွားတာ။ အခုတစ်ကွက် တစ်ကွက်ကို သိန်း ၄၀၀၀ နဲ့ ၆၀၀၀ ကြားမှာ ဖြစ်တယ်” ဟု ဒေါက်တာကျော်လတ်က ပြောကြားသည်။

လွန်ခဲ့သော နှစ် ၂၀ ခန့်က မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက စက်မှုမြေကွက် ပေါင်း ၁၀၀၀၀ ကျော် ချပေးခဲ့ကြောင်း၊ ယင်းအထဲတွင် အမှန်တကယ် လုပ်ကိုင်နေသည်မှာ ၅၄ ရာခိုင်နှုန်း၊ အကြမ်းဖျင်း ရာခိုင်နှုန်း ၆၀ ခန့်သာ ရှိကြောင်းနှင့် ရာခိုင်နှုန်း ၄၀ က လွတ်နေခြင်းဖြစ်ကြောင်း ဒေါက်တာကျော်လတ်က ဆိုသည်။

“လွတ်နေပေမယ့် အဲဒီတစ်ကွက်ကို ပြန်ရောင်းရင် သိန်း ၄၀၀၀၊ ၅၀၀၀ လောက်ရတယ်။ ကောင်းတဲ့နေရာဆို သိန်း ၆၀၀၀ ပေးတယ်။ အဲဒါကုမ္ပဏီတစ်ခုတည်း တစ်ယောက် တည်းကနေ ကိုင်ထားတာ။ သူက အိုးအိမ်က တစ်ဧကကို သိန်း ၃၀၊ ၄၀ နဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ က ၀ယ်ထားတယ်။ ၀ယ်ပြီးတော့ အခုနေ တကယ့် စက်မှုလုပ်ငန်းရှင် တစ်ယောက်က လာပြီးတော့ မြေလိုချင်ပါတယ်ဆိုရင် သူက သိန်း ၅၀၀၀၊ ၆၀၀၀ နဲ့ရောင်းတယ်။ ဒါလက်ဝါးကြီး အုပ်ချုပ်တဲ့စနစ်။ မြေကွက်ကြီးပဲ ဈေးတော်တော်ပေးနေရတော့ မလာတော့ဘူးပေါ့။ ပြီးတော့ လျှပ်စစ် မရှိတာလည်း ပါတယ်” ဟု ဒေါက်တာကျော်လတ်က ဆက်လက်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ခုမှ လုပ်ငန်း လုပ်ကိုင်ခြင်း မရှိသေးသော စက်မှု မြေကွက်လွတ် ၂၃၃၉ ကွက်နှင့် ဂိုဒေါင် ၁၂၉၉ လုံးရှိနေပြီး ဧရိယာအားဖြင့် ၄၄၁၈ ဧကကျော်ရှိပြီး လုပ်ကိုင်ခြင်း မရှိသေးသည့် စက်မှုမြေကွက်လွတ်နှင့် ဂိုဒေါင်များကို ပိုင်ဆိုင်ထားသူများမှာ ဆောင်ရွက်မည့်လုပ်ငန်း အမျိုးအစား၊ တည်ဆောက်ရေးကာလ၊ စီးပွားဖြစ် စတင်လည်ပတ်မည့်ရက်၊ ဘဏ္ဍာငွေကြေး ရင်းနှီးမြှပ်နှံမှုနှင့် ရရှိမှု အချက်အလက်များ ပြည့်စုံစွာပါ ၀င်သည့် Detail Business Plan ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်နောက်ဆုံးထား၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များ စီမံခန့်ခွဲရေးကော်မတီ) သို့ ပေးပို့တင်ပြရန်ဖြစ်ကြောင်း နှင့် ယင်းမြေကွက်များတွင် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလထက် နောက်မကျဘဲ လုပ်ငန်းလုပ်ကိုင်ခြင်း မရှိပါက နိုင်ငံတော်သို့ ပြန်အပ်နှံရမည်ဟု ယခင်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်ကုန်ပိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Source: Eleven Media Group

Facebook comments