09-261334475

ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ပျက်စီးလယ်မြေများအတွက် လျော်ကြေး ​မေ ၃၁ ရက်​​ နောက်​ဆုံးထားပေးမည်​ဟု ကတိ​ပေးသဖြင့်​ CNPC ကို ဆန္ဒထုတ်ဖော်မည့်​ အစီအစဉ်​ လက်ရှိတွင်ဆိုင်းငံ့

ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ပျက်စီး လယ်မြေများအတွက် လျော်ကြေးကို ​မေ ၃၁ ရက်​​ နောက်​ဆုံးထား​ပေမည်​ဟု ကတိ​ပေးသဖြင့်​  CNPC ကို ဆန္ဒထုတ်ဖော်မည့်​ အစီအစဉ်​ကို ဆိုင်းငံ့ထား​ကြောင်း ​ကျောက်​ဖြူမြို့နယ်​မှ လယ်​သမားများက ပြောကြားသည်​။

ကျောက်ဖြူမြို့နယ် မြို့ချောင်းကျွန်း၊ ကဘိုင်ချောင်း၊ ရတနာ၊ ကျောက်ခမောက်၊ ဂြင်ကြီးစသည့် ကျေးရွာများမှဖြစ်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့် ပျက်စီးသွားသည့် မြေယာ ဧက ၁၀၀ ခန့်အတွက် လျော်ကြေးရရှိမည့် မြေယာပိုင်ရှင် ၁၁၁ ယောက်တို့က ​လျော်​ကြေးမရရှိ​သေးသဖြင့်​ ဆန္ဒပြ တောင်းဆိုရန် စီစဉ်ခြင်းဖြစ်သည်။

“ကျွန်​​တော်​တို့ကို မ​ဒေးကျွန်းမှာ​ နေတဲ့ CNPC က တရုတ်​လူမျိုးတွေက ဆန္ဒမပြနဲ့ ​မေလအတွင်းမှာ လျော်​​ကြေး​တွေကို ​ပေးမယ်​ဆိုပြီး​ပြောတယ်​။ ကျွန်​​တော်​တို့ ဆန္ဒပြမယ်​ဆိုပြီး အားလုံးလုပ်​ထားတာ။ မြို့နယ်​အုပ်​ချုပ်​​ရေးမှူးကလည်း ​လျော်​​ကြေး​ပေးဖို့ကိစ္စကို သူ တာဝန်​ယူတယ်​လို့​ပြောလို့  ကျွန်​​တော်​တို့ တိုင်​ပင်​ပြီး ဆန္ဒပြဖို့အစီအစဉ်​ကို ဆိုင်းငံ့ထားလိုက်​ပါတယ်​” ဟု  ပြားသူကြွယ်ကျေးရွာမှ နစ်နာတောင်သူ ဦးညီလင်းက ​ဆိုသည်​။

ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ပျက်စီးလယ်မြေများအတွက် လျော်ကြေးမရသေးသော တောင်သူများ CNPC ကို ဧပြီ ၁၁ ရက်တွင် ဆန္ဒထုတ်ဖော်မည်ဟု စီစဉ်​ခဲ့ပြီး ဧပြီ ၁၀ ရက်​​က ​ကျောက်​မြို့နယ်​အုပ်​ချုပ်​​ရေးမှူးရုံးတွင်​ CNPC  မှ တာဝန်​ရှိသူများက လယ်သမားများနှင့်​​တွေ့ဆုံပြီး ​မေလအတွင်း ​လျော်​​ကြေး​ပေးမည်​ဟု ကတိ​ပေး​ကာ ဆန္ဒမပြရန်​ ​တောင်း​ဆိုခဲ့ခြင်းဖြစ်​​ကြောင်း လယ်​သမား​ခေါင်း​ဆောင်​ ဦးညီလင်းက​ ပြောကြားသည်​။

“၂၀၁၅ နိုဝင်ဘာကတည်းက တောင်းဆိုခဲ့တယ်။ တာဝန်ရှိသူတွေကလည်း မြေပြင်ကို စစ်ဆေးပြီးပြီ။ အခုအထိ လျော်ကြေးမရသေးဘူး။ မတ်လ ၂ ရက်ကလည်း တရုတ်တွေ ကိုယ်တိုင် လေ့လာပြီးပါပြီ။ ပေးမယ်လို့သာ ပြောတာပေးမယ့် အချိန်ကိုလည်း အတိအကျ မပြောနိုင်ဘူး။  CNPC အနေနဲ့ အမှန်တကယ် နစ်နာခဲ့ရတဲ့ ကျွန်တော်တို့ လယ်သမားတွေကို လူသားချင် စာနာမှုနဲ့ ပေးမယ်ဆိုရင် နာရီပိုင်းအတွင်းမှာ သိန်းတစ်ထောင့်သုံးရာကို ပေးလို့ရပါတယ်” ဟု ပြားသူကြွယ် ကျေးရွာမှ ဦးညီလင်းက ပြောကြားသည်။

သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းတည်ဆောက်မှုကြောင့် ပျက်စီးခဲ့သည့် ကျောက်ဖြူမြို့နယ် ကပိုင်ချောင်းဒေသအတွင်းရှိ တောင်သူ ၁၁၁ ဦး ပိုင်သော လယ်ယာမြေများအတွက် လျော်ကြေးပေးရန် မြေပြင်တွင် စိစစ်မှုများ လုပ်ဆောင်ပြီး​ကြောင်း ကျောက်ဖြူ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီရုံး၊ ကျောက်ဖြူအခြေစိုက် (MOGE) တာဝန်ခံ အထူးအရာရှိ ဦးမြင့်ဇော်ဦးက ဆိုသည်။

Source: eleven media

Facebook comments