၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံး ခရီးသွားဒေသအဖြစ် မြန်မာနိုင်ငံကို Travel Trade Gazette မဂ္ဂဇင်းက ရွေးချယ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ၀န်ကြီးဌာန ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
စင်ကာပူနိုင်ငံ အခြေစိုက် Travel Trade Gazette မဂ္ဂဇင်းက နှစ်စဉ်ခရီးသွားလုပ်ငန်းဆိုင်ရာဆုများကို အမျိုးအစား လေးမျိုးခွဲပေး အပ်လေ့ရှိပြီး Outstanding Achievement Awards အမျိုးအစား၌ ပါဝင်သော
Destination of the Year ဆုအတွက် မြန်မာနိုင်ငံကိုရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ အောက်တိုဘာလ ၁ ရက်နေ့တွင် ပြုလုပ်မည့် ၂၆ ကြိမ်မြောက် နှစ်စဉ်ခရီးသွားလုပ်ငန်းဆု ၂၀၁၅ (26 th Annual TTG Travel Awards 2015) အခမ်းအနားတွင် ဆုကို ပေးအပ်သွားမည် ဖြစ်သည်။ ၂၀၁၅ အတွက် အကောင်းဆုံးခရီးသွား ဒေသအဖြစ် မြန်မာနိုင်ငံရွေးချယ်ခံရသည့်အတွက် မြန်မာ့ခရီးသွား လုပ်ငန်းအပေါ်
အာရုံစိုက်မှုပိုရလာမည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအဖွဲ့ ဥက္ကဌ ဦးဖြိုးဝေရာဇာက ပြောသည်။ “TTG ကတော့ ခရီးသွားလုပ်ငန်းအတွက် သီးသန့်ထုတ်တဲ့ မဂ္ဂဇင်းပါ ။ ခရီးသွားလုပ်ငန်း ဆိုင်ရာက လူတွေဖတ်တဲ့အတွက် မြန်မာဆု ရတယ်ဆိုတဲ့အခါ တော်တော်လေးကောင်းပါတယ်။ မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် အာရုံစိုက်မှု ပိုရလာနိုင်မှာပါ” ဟု ၎င်းပြောပါသည်။ TTG Travel Awards ဆုများကို အာရှနှင့် ပစိဖိတ်ဒေသများမှ ခရီးသွားလုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည်မြင့်သော အဖွဲ့အစည်းများနှင့် နိုင်ငံများကို ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်။
Source: The Myanmar Times