အခြေခံ လူတန်းစားများအတွက် အငှားအိမ်ရာများနှင့် တန်ဖိုးနည်း အိမ်ရာများကို မန္တလေးမြို့အတွင်း နေရာအနှံ့အပြား တည်ဆောက်ပေး ခြင်းဖြင့် အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းမှုကို အထောက်အကူပြု နိုင်ကြောင်း မန္တလေးမြို့အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ များထံမှ သိရသည်။
မန္တလေးမြို့ စည်ပင်သာယာ နယ်နိမိတ်အတွင်း ကျူးကျော်ဝင် ရောက် နေထိုင် လျက်ရှိကြသော အခြေခံ လူတန်းစားများအတွက် အဆိုပါအိမ်ရာများ တည်ဆောက် ပေးပြီး သင့်တော်သောနှုန်းထားဖြင့် ငှားရမ်းရောင်း ချပေးခြင်းဖြင့် မန္တလေး မြို့၏ မြင့်တက်နေသည့် အိမ်ခြံမြေ ဈေးနှုန်းများလည်း ကျဆင်းသွားနိုင် သည့်အပြင် မြေယာပြဿနာများလည်း ကင်းရှင်း သွားမည်ဖြစ်ကြောင်း မန္တလေးမြို့ရှိ မန်းမြေယာဇာအိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီမှ ဦးကျော်ဝင်း က ပြောကြားသည်။
''မြေယာကိစ္စတွေက လက်ရှိပြည်သူ့ အစိုးရအတွက် အဓိက စိန်ခေါ်မှု ကြီးပဲ။ ဒါကိုကိုင်တွယ်ဖို့က ပထမဆုံး ကျူးကျော်တွေအတွက် နေထိုင်ဖို့ သင့်တင့်တဲ့အိမ်ရာတွေကို စီစဉ်ပေး ပြီး အရင်ဆုံးဖြေရှင်းရမယ်။မန္တလေး မှာက အရပ်လေးမျက်နှာတင်မက အရပ်ရှစ်မျက်နှာအထိ ကျူးကျော် နေထိုင်သူတွေ အများကြီးရှိနေတယ်။ ဒါကြောင့် အိမ်ရာတွေကို အရပ်ရှစ် မျက်နှာအထိ ဆောက်ပေးပြီး လမ်း ဘေးကျူးကျော်တွေကို အရင်ရှင်းပစ် ရမယ်လို့ ထင်ပါတယ်'' ဟု ၎င်းက ပြောသည်။ထို့အပြင် မြေဈေးနှုန်းကြီးမြင့်မှုသည် ငွေကြေးဖောင်းပွမှုဖြစ်ခြင်း ကြောင့် ငွေကြေးကွာဟမှုကို ထိန်းချုပ် ပေးသင့်ကြောင်း ၎င်းက ဆက်လက် ပြောကြား သည်။ ''အမှန်တကယ်က ငွေဈေးကြီးတာ မဟုတ်ဘူး။ငွေကြေး ကွာဟမှုကြောင့် ဖြစ်နေတာပါ။ ကျွန်တော်တို့ မြန်မာငွေက တရုတ် ငွေတန်ဖိုးနဲ့ဆို အဆ ၂ဝဝ၊ ထိုင်းနဲ့ဆို အဆ ၄ဝ၊ ဒေါ်လာနဲ့ဆို အဆထောင် ကျော် ကွာဟနေတဲ့ အတွက် မြန်မာ ငွေနဲ့တွက် ရင် မြေဈေးကကြီးတယ်လို့ ထင်စရာဖြစ်နေတာပါ။ ငွေဈေးညီမျှမှု ရှိရင် ဒီပြဿနာ ပြေလည်သွားမှာပါ''ဟု ၎င်းကဆိုသည်။
လက်ရှိမန္တလေးမြို့၌ ဧရာဝတီ မြစ်ကမ်းတစ်လျှောက် ကျူးကျော် နေထိုင်ကြသည့် အခြေခံလူတန်းစား များအတွက် အငှားအိမ်ရာများကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက တည်ဆောက်ပေးခဲ့ပြီး တစ်လလျှင် ငွေကျပ် ၃ဝဝဝဝ နှုန်း ဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။
Source: MOI Webportal Myanmar