ရန်ကုန်မြို့၏ ဒုတိယ ဗဟိုစီးပွားရေးဇုန် (မင်းဓမ္မ) စီမံကိန်းတွင် လက်ရှိ MCC ထက် ပိုမိုကောင်းမွန်သည့် ကွန်ဗင်းရှင်း စင်တာသစ်ကြီးတစ်ခု စတင်ဆောက်လုပ်နေ
ရန်ကုန်မြို့၏ ဒုတိယဗဟို စီးပွားရေးဇုန် (မင်းဓမ္မ) စီမံကိန်းတွင် လက်ရှိ မြန်မာကွန်ဗင်ရှင်းစင်တာ (MCC) ထက် ပိုမိုကောင်းမွန်သည့် ကွန်ဗင်းရှင်း စင်တာကြီးတစ်ခု စတင် ဆောက်လုပ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။လက်ရှိစီးပွားရေး လုပ်ငန်းများဖြင့် ပြည့်နေသည့် ရန်ကုန်မြို့လယ်၏ သိပ်သည်း ကျပ်တည်းမှုကို ခွဲထုတ်မည့် ဒုတိယ ဗဟိုစီးပွားရေးဇုန် (မင်းဓမ္မစီမံကိန်း) ကို ဖေဖော်ဝါရီ ပထမပတ်က စတင်အကောင်အထည် ဖော်ခဲ့ကြောင်း၊ ယင်းစီမံကိန်းအား မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ မြေ ၃၆ ဒသမ ၅၅၁ ဧကပေါ်တွင်ဦးစွာ အကောင်အထည် ဖော်နေခြင်း ဖြစ်ကြောင်း သိရသည်။ရန်ကုန်မြို့၏ ဒုတိယမြို့လယ် ဗဟိုစီးပွားရေးဇုန် စီမံကိန်းတွင် ဟိုတယ်၊ ကွန်ဗင်းရှင်းစင်တာ၊ ပြခန်းကြီးများ၊ ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်များ၊ အီလက်ထရွန်နစ် စင်တာများ၊ အရောင်းခန်းမကြီးများနှင့် ရုံးခန်း အဆောက်အအုံ နေရာများ ပါဝင်မည်ဖြစ်ကြောင်း၊ ယင်းတို့အနက် လက်ရှိ မြန်မာကွန်ဗင်ရှင်း စင်တာ (MCC) ထက် ပိုမိုကောင်းမွန်သည့် ကွန်ဗင်းရှင်း စင်တာကြီးကို ဦးစွာ တည်ဆောက်ရန် မြန်မာနိုင်ငံ ရင်းနှီး မြှပ်နှံမှု ကော်မရှင် (MIC) ၏ ခွင့်ပြုချက် ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။ရန်ကုန်မြို့၏ ဒုတိယဗဟို စီးပွားရေးဇုန် ဧရိယာအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင်မြေများ၊ တပ်မတော်မြေများ၊ စိုက်ပျိုးရေးပိုင်မြေများ ပါဝင်ကြောင်း သိရသည်။ထို့ပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင်မြေတွင် အကောင်အထည်ဖော်မည့် အပိုင်းကို ငါးနှစ်အတွင်း လုပ်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။“ဒုတိယ ဗဟိုစီးပွားရေးဇုန်ကြီး တစ်ခုလုံးက အရမ်းကြီးပါတယ်။ အဲဒီမှာ စည်ပင်က အကောင်အထည် ဖော်မယ့်အပိုင်း၊ တပ်မတော်မြေတွေ၊ စိုက်ပျိုးရေးမြေတွေ ပါတယ်။ အဲဒီမှာမှ စည်ပင်က အကောင်အထည် ဖော်ရမယ့် အပိုင်းကို ငါးနှစ်အတွင်း လုပ်မယ်။ အခြားစီမံကိန်းတွေလည်း သူ့အပိုင်းနဲ့သူ အချိန် ကန့်သတ်ထားတာတွေ ရှိတယ်။ အဲဒီမှာ အခုထက် ပိုကောင်းတဲ့ ကွန်ဗင်းရှင်း စင်တာကြီး စပြီးဆောက်နေပါပြီ။ ဒီလိုဆောက်ဖို့အတွက် MIC ကလည်း ခွင့်ပြုပြီးပြီ။ အဲဒါ ဆောက်ပြီးလို့ ရှိရင်တော့ လက်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာကို ဖျက်သိမ်းသွားမှာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ရန်ကုန်မြို့၏ ဒုတိယမြို့လယ် ဗဟိုစီးပွားရေးဇုန် (မင်းဓမ္မ) စီမံကိန်းအတွက် မြေငှားရမ်း လုပ်ကိုင်ခွင့်ပြုရန် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းက ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များ၊ ပြည်တွင်းနှင့် ပြည်ပဖက်စပ် လုပ်ကိုင်မည့် လုပ်ငန်းများကို တင်ဒါခေါ်ယူခဲ့ရာ First Myanmar Construction ကုမ္ပဏီက အကောင်အထည် ဖော်ခွင့်ရရှိခဲ့ကြောင်း သိရသည်။လက်ရှိ သိပ်သည်းမှု များပြားနေသည့် ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်အား မဖြစ်မနေ ခွဲထုတ်ရန် မြို့ပြပညာရှင် အချို့က ထောက်ပြခဲ့ကြသည့် အတွက် ဒုတိယမြို့လယ် ဗဟိုစီးပွားရေးဇုန်အား ခွဲထုတ်ရန် စီစဉ်ခဲ့ကြောင်း၊ ယင်းသို့ခွဲထုတ်ရန် အတွက် လက်ရှိမြို့လယ် စီးပွားရေးဇုန်နှင့်လည်း များစွာမဝေးကွာဘဲ အဆင်ပြေနိုင်သည့် ရန်ကုန်မြောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ်ရှိ မင်းဓမ္မနယ်မြေကို ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Source: eleven media
Facebook comments