09-261334475

စက်မှုဇုန်များတွင် မြေဈေးကစားမှု လျော့နည်းစေရန် သုံးနှစ်အတွင်း စက်မှုလုပ်ငန်း မထူထောင်ပါက လျော်ကြေးမပေးဘဲ ပြန်လည်သိမ်းယူခြင်းစနစ် ကျင့်သုံးမည်

စက်မှုဇုန်များတွင် မြေဈေးကစားမှု လျော့နည်းစေရန် သုံးနှစ်အတွင်း စက်မှုလုပ်ငန်း မထူထောင်ပါက လျော်ကြေးမပေးဘဲ ပြန်လည်သိမ်းယူခြင်းစနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စက်မှုလုပ်ငန်း မူဝါဒအရ သိရသည်။

အဆိုပါစက်မှုလုပ်ငန်းမူဝါဒတွင် စက်မှုဇုန်များတွင် မြေဈေးကစားမှု အလေ့အကျင့်ကို လျော့နည်းစေပြီး ရေရှည်တွင် စီးပွား စွန့်ဦးတီထွင်မှုများ တိုးပွားစေရန်အတွက် သုံးနှစ်အတွင်း စက်မှုလုပ်ငန်း မထူထောင်လျှင် လျော်ကြေး တစ်စုံတစ်ရာမပေးဘဲ ပြန်လည် သိမ်းယူခြင်း စနစ် ကျင့်သုံးသွားမည်ဖြစ် ကြောင်း ဖော်ပြထားသည်။

စက်မှုလုပ်ငန်း မြေနေရာအတွက် ဈေးနှုန်းကြီးမြင့်ခြင်း၊ ကုန်ကြမ်းနှင့် ထုတ်လုပ်မှုစရိတ် ကြီးမြင့်ခြင်းတို့မှာ စက်မှုကဏ္ဍဖွံ့ဖြိုးမှုအတွက် အဟန့်အတား ဖြစ်နေကြောင်း စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စက်မှုလုပ်ငန်း မူဝါဒတွင် ဖော်ပြထားသည်။

အဆိုပါ စက်မှုလုပ်ငန်းမူဝါဒတွင် စက်မှုကဏ္ဍ၏ လက်ရှိပြဿနာများအဖြစ် ကုန်ကြမ်းနှင့် ထုတ်လုပ်မှုစရိတ် ကြီးမြင့်ခြင်း၊ အရည်အသွေးနှင့် ဆန်းသစ်တီထွင်မှု အားနည်းပြီး ထုတ်လုပ်မှုနည်းပညာ နိမ့်ကျခြင်း၊ ပြည်ပဈေးကွက် မထိုးဖောက်နိုင်ခြင်း၊ ထိရောက်သော ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်ရန် ဓနအင်အားမရှိခြင်း၊ အရည်အသွေး ပြည့်ဝသော စွမ်းအင်နှင့် လျှပ်စစ် အပြည့်အ၀ မရရှိခြင်း၊ စွမ်းအင်ကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်မှု အားနည်းခြင်း၊  လမ်းပန်းဆက်သွယ်ရေး ပြည့်စုံကောင်းမွန်မှု မရှိသေးခြင်း၊ ကျွမ်းကျင်လုပ်သား အလုံအလောက် မရရှိခြင်း၊ အချို့ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများသည် ခေတ်နှင့် လျော်ညီမှုမရှိခြင်း၊ အလုပ်သမား၊ အလုပ်ရှင် ပဋိပက္ခ ဖြေရှင်းရမှု များပြားခြင်း၊ စက်မှုလုပ်ငန်းမြေနေရာအတွက် ဈေးနှုန်းကြီးမြင့်ခြင်းတို့ကို ဖော်ပြထားသည်။

ထုတ်လုပ်မှု ကွင်းဆက်အတွင်း မဝင်ရောက်နိုင်ခြင်း၊ သုတေသနပြုမှု အားနည်းခြင်း၊ ဈေးကွက်ထိုးဖောက်မှု မဟာဗျူဟာဆိုင်ရာ ကျွမ်းကျင်မှုနည်းပါးခြင်း၊ လယ်ယာထုတ်ကုန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်မှု နည်းပါးခြင်း၊ အခြေခံအဆောက်အအုံ မပြည့်စုံခြင်း၊  လူ့စွမ်းအားအရင်းအမြစ် မဖွံ့ဖြိုးခြင်း၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား သုံးသပ်ပြင်ဆင် ရေးဆွဲမှုအားနည်းခြင်းတို့မှာ စက်မှုကဏ္ဍ၏ လက်ရှိပြဿနာ အရင်းအမြစ်များဖြစ်ကြောင်း အဆိုပါ စက်မှုလုပ်ငန်း မူဝါဒတွင် ဖော်ပြထားသည်။

စက်မှုဇုန်များကို ၁၉၉၅ ခုနှစ်မှစတင် ဖွဲ့စည်းပေးခဲ့ပြီး အရေအတွက်အားဖြင့် ၂၁ ခု ရှိကြောင်း သိရသည်။ ယင်းစက်မှုဇုန်များမှာ ရန်ကုန်အရှေ့ပိုင်းခရိုင် စက်မှုဇုန်၊ ရန်ကုန် အနောက်ပိုင်းခရိုင် စက်မှုဇုန်၊ ရန်ကုန်တောင်ပိုင်းခရိုင် စက်မှုဇုန်၊ ရန်ကုန်မြောက်ပိုင်းခရိုင် စက်မှုဇုန်၊ မော်လမြိုင် စက်မှုဇုန်၊ တောင်ကြီး (အေးသာယာ) စက်မှုဇုန်၊ မုံရွာစက်မှုဇုန်၊ ကလေးစက်မှုဇုန်၊ ပခုက္ကူစက်မှုဇုန်၊ ရေနံချောင်း စက်မှုဇုန်၊  မန္တလေးစက်မှုဇုန်၊ မြင်းခြံ စက်မှုဇုန်၊ မိတ္ထီလာ စက်မှုဇုန်၊ ပြည်စက်မှုဇုန်၊ မြောင်းမြစက်မှုဇုန်၊ ပုသိမ်စက်မှုဇုန်၊ ဟင်္သာတ စက်မှုဇုန်၊ မြိတ်စက်မှုဇုန်၊ ဘားအံစက်မှုဇုန်၊ ရတနာပုံ စက်မှုဇုန်(မန္တလေးတိုင်းဒေသကြီး)နှင့် နေပြည်တော် စက်မှုဇုန်တို့ ဖြစ်ကြောင်း သိရသည်။   

Source: eleven media

Facebook comments