09-261334475

လမ်းမတော် မော်တင်အနီးနှင့် ဗဟိုစည်အိမ်ရာပတ်ဝန်းကျင် အိမ်ခြံမြေဈေးကွက်ကောင်းမွန်

လမ်းမတော်ဗဟိုစည်အိမ်ရာနှင့် မော်တင်အနီးတ၀ိုက် ပတ်ဝန်းကျင်တွင် အရောင်းခေါ်ဆိုဈေးမြင့်မားပြီး အငှားဈေးကွက်အဖြစ်များကြောင်း ကျွန်တော်တို့ Property.com.mm သတင်းမီဒီယာအဖွဲ့မှ လေ့လာစုံစမ်းသိရှိရပါသည်။ မော်တင်တ၀ိုက်နှင့် ဗိုလ်ချုပ်လမ်းပေါ်မှ ဗဟိုစည်အိမ်ရာတို့မှာ မြို့တွင်းပိုင်းကျပြီး ပတ်ဝန်းကျင်ဆူညံမှုနည်းပါးသောကြောင့် နေထိုင်လိုသူ တချို့ စိတ်ဝင်စားကြသော နေရာများဖြစ်သည်။ ညနေပိုင်း စားသောက်ဆိုင်တန်းများနှင့် ရုပ်ရှင်ရုံများ၊ ဆေးရုံ၊ ကျောင်း၊ ဈေးစသည့် လူမှုအခြေခံအထောက်အကူပြု နေရာများ ပေါများသောကြောင့် နေထိုင်သူတော်တော်များများ စိတ်ကျေနပ်မှု အပြည့်အ၀ ရရှိကြသော နေရာတစ်ခုအဖြစ် တည်ရှိနေသည်။ မော်တင် ခရီးသည်နှင့် ကုန်တင် အဝေးပြေးဂိတ်များ၏ လုပ်ငန်းခွဲ နေရာများလည်း တည်ရှိသောကြောင့် မြို့တွင်းနယ်ဝေး ဆယ်သွယ်သွားလာနိုင်မှုအတွက် အရေးပါသော နေရာတစ်ခုလည်း ဖြစ်သည်။

“ကျွန်မတို့က ပုသိမ်ဘက်ကပါ ၅ လမ်းမှာ အဆောင်ငှားနေတယ် ခုဆို သုံးနှစ်တောင်ပြည့်တော့မယ် လချုပ်ချုပ်ရပါတယ် ကျောင်းနဲ့ လည်းနီး၊ ဈေးကလည်း မော်တင်မှာပဲ နီးနီးနားနားဆိုတော့ အဆင်ပြေပါတယ် တချို့ အခန်းတွေ စပေါ် တင်ရတာတွေလည်းရှိပေမယ့် ကျွန်မတို့ ငှားတဲ့အခန်းပိုင်ရှင်က အရင်ထဲက ကျောင်းသူတွေပဲ ငှားလိုက်တာဆိုတော့ စပေါ်မယူပါဘူး ၆ လအပြတ်ချုပ်ပေါ့ ၆ လပြည့်ရင် တစ်ခါထပ်ချုပ် ဒီလိုပါပဲ တစ်လ ၁ သိန်းခွဲနဲ့ အခန်းက ၁၂ x ၅၀ ၄ လွှာမှာပါ ရောင်းဈေးကတော့ သေချာမသိဘူး ဒါပေမယ့် ပေါက်ဈေးကတော့ ၃ လွှာ ၄ လွှာ ခုလိုအခန်းတွေဆို သိန်း ၈၀၀ လောက်ရှိတယ်လို့တော့ ကြားပါတယ်”ဟု သူနာပြုတက္ကသိုလ်တတ်ရောက်နေသူ ကျောင်းသူတစ်ဦးက ပြောသည်။

ဗိုလ်ချုပ်လမ်းမပေါ်ရှိ သူနာပြုတက္ကသိုလ်နှင့် ဆေးရုံများကြောင့် စုဖွဲ့အဆောင်ငှားရမ်းနေထိုင်သူ ကျောင်းသူများနှင့် ကျန်းမာရေး ၀န်ထမ်းများ ငှားရမ်းနေထိုင်မှုများကြောင်း သိရပြီး မော်တင် ၂ လမ်းမှ ၉ လမ်း ခန့်အထိ အငှားဖြစ်ကြောင်း၊ လမ်းမတော် မော်တင် တ၀ိုက် ကွန်ဒိုတိုက်ခန်းများအနေဖြင့် စတုရန်းပေ ၁၂၀၀၊ ၁၃၀၀ ခန့် ရှိပြီး လေးလွှာနှင့်အထက် အခန်းများအငှားဖြစ်ပြီး ၈ သိန်း မှ ၁၂ သိန်းကြားဝန်းကျင် အငှားဈေးခေါ်ဆိုကြကြောင်း ဒေသခံတစ်ဦးမှ ပြောကြားသည်။

ဗဟိုစည်အိမ်ရာဝင်း အိမ်ခန်းများမှာလည်း ဆေးရုံကျောင်းများနှင့် နီးကပ်စွာတည်ရှိကာ ပတ်ဝန်းကျင်ကောင်းမွန်ပြီး လူနေထိုင်မှု အတွက် သင့်တော်ကောင်းမွန်သော အိမ်ရာတစ်ခုဖြစ်သည်။ စတုရန်းပေ ၉၀၀ ၃ လွှာ၊ ၄ လွှာအခန်းများ ၅ သိန်းဝန်းကျင် အငှားဈေးရှိပြီး စတုရန်းပေ ၁၁၀၀ ၃ လွှာ၊ ၄ လွှာ အခန်းများ အရောင်း သိန်း ၁၈၀၀ ၀န်းကျင် ခေါ်ဆိုဈေးရှိကြောင်း လေ့လာစုံစမ်း သိရှိရပါသည်။ ဗဟိုစည်အိမ်ရာမှ အခန်းတစ်ချို့ ဈေးခေါ်ဆိုထားမှုရှိသော်လည်း အရောင်းအ၀ယ်ပါး၍ အငှားပိုမိုဖြစ်ကြောင်း လမ်းမတော်မြို့နယ်ရှိ အောင်သမာဓိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ တစ်ဦးဖြစ်သူ မဇူလိုင် မှ Property.com.mm သတင်းမီဒီယာသို့ ပြောကြားသည်။

လုံးချင်းအရောင်းများတွင် လမ်းမတော် မော်တင်လမ်းမကျယ်နှင့် ၀ါးတန်းလမ်းမရှိ ပေ ၂၅ x ၅၀ 2 RC ခေါ်ဆိုဈေး သိန်း ၂၂၀၀၀ ၀န်းကျင်ခန့်ရှိပြီး အငှားဈေး ၁၂ သိန်းဝင်ကျင်ပေ ၅၀ x ၅၀ 2RC များ ၄၅၀၀၀ ၀န်းကျင် ခေါ်ဆိုကြောင်း Property.com.mm သတင်းမီဒီယာ အဖွဲ့မှ စုံစမ်းသိရှိရသည်

Facebook comments