09-261334475

''ကျွန်တော်တို့ အကုန်လုံးကို ပြန်သုံးသပ်မှာ၊ အထပ်မြင့် အဆောက်အအုံတွေလည်း ပြန်သုံးသပ်မှာ''

ဝန်ကြီးချုပ်ဖြစ်လာပြီဆိုတော့ ရန်ကုန်တိုင်းဒေသကြီးအတွက် ဘာတွေလုပ်ရမယ်ဆိုပြီး 
စဉ်းစားထား
ပါသလဲ။

တာဝန်ဟာ တော်တော်ကြီးပါတယ်။ ပြည်သူများရဲ့ မျှော်လင့်ချက်ကလည်း ရန်ကုန်တိုင်းမှာ 
ရှိပါတယ်။ ဘာလို့ ရန်ကုန်တိုင်းမှာမျှော်လင့်ချက်ရှိလဲဆိုတော့ ရန်ကုန်တိုင်းမှာ ပြည်သူ ခုနစ်သန်း
လောက် ရှိပါတယ်။ အရေးကြီးတဲ့ စီးပွားရေးဆိုင်ရာ လုပ်ငန်းကိစ္စတွေ အများကြီးရှိပါတယ်။

ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ရှိပါတယ်။ နောက်တစ်ချက်က ရန်ကုန်မြို့မှာ အစိုးရနဲ့ပေါင်းပြီး လုပ်ကိုင်
ဆောင်ရွက်နေရတဲ့ နေရာတွေအားလုံး လုပ်ကိုင်ဆောင်ရွက်နေတဲ့နေရာ ပြုပြင်ပြာင်းလဲမယ့် တာဝန်က
အရမ်းကြီးပါတယ်။ ဒီတာဝန်ကို ပါတီကရော၊ ပြည်သူလူထုကရော ပေးလိုက်တဲ့အခါ ဒီတာဝန်ကို
ကျေပွန်ဖို့အရေးကြီးပါတယ်။

ဘာကြောင့်လဲဆို ကာလကြာဖြစ်ခဲ့တဲ့ အမှားတွေအားလုံးကို ပြုပြင်ပြောင်းလဲုဖို့ ဆိုတာ  အချိန်တို
လေးနဲ့ မရပါဘူး။အဲအချိန်ယူပြီး ပြုပြင်ရမယ့် ကာလတစ်ခုမှာအလုပ်ကို များများလုပ်မှ ဒီပြုပြင်ပြောင်းလဲ
ရေးက အောင်မြင်မှာဖြစ်ပါတယ်။ ကျွန်တော်က အလုပ်ကို ထိရောက်အောင် ဆောင်ရွယ်မယ်ဆိုတဲ့
ရည်ရွယ်ချက်ကောင်းနဲ့ ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားပါတယ်။

အရင်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကြောင့် အစိုးရအသစ်အပေါ် လတ်တလော ဘယ်လို
အကျိုး
သက်ရောက်တာမျိုး ရှိနေလဲ။

စီမံခန့်ခွဲမှု အားနည်းတာ ပေါ်လွင်နေတဲ့ကိစ္စရပ်တွေ၊ ဥပမာ ရန်ကုန်မြို့မှာ အခုတည်ဆောက်နေတဲ့ 
အထပ်မြင့်တွေပဲ တည်ဆောက်နေတယ်။ အမှန်တိုင်းပြောရင် ဒါဟာလူတွေကို တစ်နေရာတည်းမှာ
စုပြုံအောင် သွတ်သွင်းထားသလိုဖြစ်နေတယ်။ ဒါဟာ စီမံခန့်ခွဲမှု အားနည်းလို့ ဖြစ်ရတာပါ။ အမှန်ဆို 
ဘာမှ ခက်ခဲတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒီစီမံခန့်ခွဲမှု အားနည်းတဲ့ အခြေအနေကလည်း အဂတိလိုက်စား
မှုနဲ့ တွဲနေတယ်။ ဒီနေရာမှာဆိုရင်ဈေးကွက်ကောင်းနိုင်တဲ့ အဆောက်အအုံတွေဆောက်ရင်
ရောင်းကောင်းမယ်၊ ပိုက်ဆံရမယ်ဆိုတဲ့ အခြေအနေတွေပေါ်မှာ ဒီဘက်က လုပ်ပိုင်ခွင့် အခွင့်အာဏာ
ရှိတဲ့ လူတွေနဲ့ပေါင်းပြီး လုပ်သွားတဲ့အတွက် စီမံခန့်ခွဲမှုမကောင်းတဲ့ ဆိုးကျိုးတွေကို ကျွန်တော်တို့ 
ခံနေရတာပါ။

အခု ရန်ကုန်မြို့မှာက လူဦးရေအရမ်းကို များနေတဲ့ အခြေအနေမှာ ရှိနေတယ်။ ရှေ့အဆက်
ဆက်
အစိုးရတွေက မြို့သစ်စီမံကိန်းတွေ ဖော်ဆောင်သွားခဲ့တယ်။ အခုအစိုးရလက်ထက်မှာ
ရောရှိတဲ့ မြို့သစ်
ကိုပဲ ကောင်းအောင် ဆက်လုပ်မှာလား။ မြို့သစ်စီမံကိန်းကိုပဲ ဦးစားပေး
လုပ်မှာလား။

တိုင်းပြည်ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် မြို့ပြစီမံကိန်းကို အကောင်ထည်ဖော်ဖို့လိုတယ်။ အစိုးရတိုင်း၊ 
စနစ်တိုင်းမှာ မြို့ပြစီမံကိန်းတွေ ဖော်ခဲ့ပါတယ်။ အားလုံးသိမှာပါ။ ၁၉၆၂ အပြီးမှာ တောင်ဥက္ကလာပနဲ့
မြောက်ဥက္ကလာပ ပေါ်လာတယ်။ အဲဒီနောက်ပိုင်း ၈၈အပြီးမှာ ဒဂုံမြို့သစ်၊ ရွေပြည်သာတို့၊ လှိုင်သာယာ
တို့ ပေါ်လာတယ်။

အဲဒီ စီမံခန့်ခွဲမှုတွေကို ကြည့်လိုက်ရင် လယ်ကွင်းတွေပေါ်မှာ တာပေါင်ရိုက်ပြီး၊ လမ်းလုပ်ပေးပြီး 
အဲဒါတွေပေါ်မှာ မြေကွက်တွေ ချပေးခဲ့တယ်။ အဲဒီလိုတွေ လုပ်ခဲ့တဲ့အတွက် လမ်းတွေဟာ ရေစီးရေလာ
မကောင်းတာကို အခုထိ ကြုံနေရတယ်။ ဒဂုံမြို့သစ်ဘက်ကို သွားမယ်ဆိုရင် အိမ်တွေက အောက်ထဲ
မှာ လမ်းတွေက အပေါ်မှာ မိုးတွင်းရောက်တော့ ရေပတ်လည် ဝိုင်းနေတဲ့ အခြေအနေ ဖြစ်နေတော့ 
ကျန်းမာရေးနဲ့မညီညွတ်ဘူး။

ဒီအခြေအနေမျိုးကို ပြုပြင်ပြောင်းလဲဖို့အတွက်ဆိုရင် ဖွံ့ဖြိုးရေးစီမံကိန်း၊မြို့ပြစီမံကိန်းတွေကိုလုပ်ရင်  
Developer တွေနဲ့ တွဲလုပ်ရမယ်။ အဲလိုတွဲလုပ်တဲ့အခါမှာ လည်း မြေဈေးကစားမှုတွေ မဖြစ်အောင်
ဂရုစိုက်ရမယ်။ မြို့သစ်စီမံကိန်း တစ်ခုလုပ်တော့မယ်ဆိုရင် သတင်းကို အရင်သိတဲ့သူက အလုအယက်
ဝယ်တာမျိုးတွေကို စီမံခန့်ခွဲမှုကောင်းကောင်းနဲ့ ပြုပြင်မယ်ဆိုရင် ဒီပြဿနာတွေ ဖြစ်စရာ မရှိဘူး။

ကျွန်တော်တို့ဆီမှာ အတိတ်က ဖြစ်ခဲ့တဲ့အခြေအနေတွေက ကုမ္ပဏီတစ်ခုက စာရင်းသုံးခုလောက်
ထားတယ်။ နိုင်ငံခြားက လာကြည့်ရင်ပြဖို့၊ နောက်တစ်ခုက ကိုယ်ပိုင် တိတိကျကျ သိထားဖို့၊
နောက်တစ်ခုက အစိုးရကို တင်ပြဖို့၊ အဲဒီလိုပုံမျိုးနဲ့တော့ ကျွန်တော်တို့ သွားလို့မရတော့ဘူး။

တကယ်ကို ပွင့်လင်းမြင်သာတဲ့၊ နိုင်ငံတကာ အဆင့်အတန်းမီတဲ့ ပုံစံတစ်ခုကို သွားဖို့ လိုလိမ့်မယ်။ 
ဒါမှလည်းပုဂ္ဂလိက အခန်းကဏ္ဍက ဆက်ရှင်သန်မယ်။ နောက်တစ်ချက်က ပြည်တွင်းမှာရှိတဲ့ 
လုပ်ငန်းရှင်တွေက နိုင်ငံခြားနဲ့ မယှဉ်နိုင်မှာ၊ နိုင်ငံခြားက ဝင်လာမှာ သူမလိုလားဘူး။

အဲဒါကြောင့်ပြုပြင်ပြောင်းလဲမှုတို့ လိုတဲ့နေရာမှာ ကျွန်တော်တို့နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်ကြီး
တွေလည်းတော်တော်များများ ပြုပြင်ပြောင်းလဲရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ပါဝင်မှု အခန်း
ကဏ္ဍကလည်း လိုအပ်တယ်။ အမျိုးသားစီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ပါဝင်ပတ်သက်မှုကလည်း 
လိုအပ်တယ်။

ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ကျွန်တော်တို့ တိုင်းပြည်မှာ လာနိုင်အောင် ဖိတ်ခေါ်ရမယ်။ ဘာဖြစ်လို့
လဲဆိုတော့ ကျွန်တော်တို့ အလုပ်အကိုင် အခွင့်အလမ်း တအားနည်းတယ်။ ကျွန်တော်တို့ဟာ
အမြဲတမ်း လိုငွေပဲ ပြနေတယ်။ ကျွန်တော်တို့ဟာ သွင်းကုန်ပဲရှိတယ်။ ပို့ကုန်မရှိဘူး။ ဒီအခြေအနေ
ကို ကြိုးပမ်းဖို့ စနစ်ကျတဲ့ စီမံခန့်ခွဲမှုကို လုပ်ရမယ်။

စက်မှုဇုန်တွေ၊ စိုက်ပျိုးရေးဇုန်တွေ၊ မွေးမြူရေးဇုန်တွေ၊ တကယ့်စက်မှုဇုန်တွေ၊ စိုက်ပျိုးရေးဇုန်တွေ
ဖြစ်ရမယ်။ စက်မှုဇုန်တွေထဲ ဝင်သွားပြီး ကွင်းတွေ၊ ဂိုထောင်တွေ တွေ့နေရုံလောက်နဲ့ စက်မှုဇုန် 
မဖြစ်နိုင်ဘူး။ စက်မှုဇုန်ဆိုတာ ထုတ်ကုန်တွေ ဦးတည်နေရမယ်။ အသေးစားလုပ်ငန်းတွေလည်း 
ဖွံ့ဖြိုးတိုးတက်နေရမယ်။ တကယ် အကြီးစား စက်မူဇုန်တွေက အသေးစားတွေနဲ့ ချိတ်ဆက်နေရ
မယ်။

ဒါမှ အလယ်အလတ် စီးပွားရေးလုပ်ငန်းရှင်တွေက ရပ်တည်ခွင့်ရမှာလေ။ ဒီလိုပုံစံတွေကို ကျွန်တော်
တို့ ကြိုးပမ်းဆောင်ရွက်ဖို့ ကျွန်တော်တို့ အလုပ်များများ လုပ်ရပါလိမ့်မယ်။ ဒါမှသာ ကျွန်တော်တို့ 
အပြောင်းအလဲကို သယ်ဆောင်နိုင်မှာပါ။

အရင်အစိုးရက အကောင်အထည်ဖော်ခဲ့တဲ့ မြို့သစ်စီမံကိန်းကို ပြန်သုံးသပ်မယ်ဆိုတဲ့ 
သဘောမျိုးလား။

ကျွန်တော်တို့ အကုန်လုံးကို ပြန်သုံးသပ်မှာ။ အထပ်မြင့်တွေ ဆောက်နေတဲ့ အဆောက်အအုံတွေလည်း
ပြန်သုံးသပ်မှာ။ ကျွန်တော်တို့က ရှေ့က လုပ်ခဲ့တဲ့ လုပ်ငန်းတွေကို ခွင့်မပြုတော့ဘူးလို့ ကျွန်တော်ပြော
တာမဟုတ်ဘူး။ မှန်ကန်တဲ့ စီမံခန့်ခွဲမှုဖြစ်အောင်တော့ ပြန်သုံးသပ်ရမယ်။

မမှန်မကန်နဲ့ စီမံခန့်ခွဲမှုတွေကြောင့် ပေါ်လာမယ့် ဆိုးကျိုးတွေက လူထုကိုလာရိုက်ခတ်မှာ၊ အဲဒီအခြေ
အနေအားလုံး ကျွန်တော်တို့ ပြန်လည်သုံးသပ်သွားမှာ။ လုပ်ခွင့်ကိုင်ခွင့်တွေကတော့ ကျွန်တော်တို့
ပေးသွားမှာပါ။ ကျွန်တော်တို့က တိုင်းပြည်ထူထောင်ရေး အလုပ်တွေကို လုပ်ဖို့အတွက် ကျွန်တော်တို့ 
ဒီတာဝန်တွေကို ယူခဲ့တာပါ။ ဒီလုပ်ငန်းတွေကို ရပ်ပစ်မယ်လို့ ကျွန်တော်တို့ဆိုလိုတာမဟုတ်ပါဘူး။

ကျွန်တော်တို့ သုံးသပ်ရမယ်။ မှန်ကန်တဲ့ စီမံခန့်ခွဲမှုနဲ့ မှန်ကန်တဲ့ရည်ရွယ်ချက်ကို ဦးတည်ရလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ ဒါမှသာလျှင် ဖွံ့ဖြိုးတိုးတက်မှုက ဖြစ်နိုင်မှာ။

အခုမြို့သစ်စီမံကိန်းက တံတားဆောက်ဖို့ထိ အဆင့်ရောက်နေပြီ။ ပန္နက်ရိုက်ဖို့ပဲကျန်
တော့တယ် 
ဆိုတော့ ဆရာတို့ ပြန်သုံးသပ်မယ်ဆို အချိန်က ဘယ်လို သတ်မှတ်ထားလဲ။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တံတားဆောက်မယ်၊ ပန္နက်ရိုက်မယ်ပေါ့နော်။ 
အဲဒါကို ဘယ်ကုမ္ပဏီက လုပ်မှာလဲ၊ ဘယ်သူက ရင်းနှီးမြှုပ်နှံမှာလဲ သုံးဖွဲ့ထဲက သုံးဖွဲ့လုံးပေါင်းပြီး
တော့ လုပ်မှာလား။ ဘာအဖြေမှ ကျွန်တော်တို့ အစိုးရအဖွဲ့ကို ရောက်ထားတာမရှိဘူး။ အခု မြေသိမ်း
ဥပဒေ ထုတ်ထားတယ်။ ဘယ်သူက လျော်မှာလဲ။ ကျွန်တော်တို့ တောင်သူလယ်သမားတွေရဲ့ မြေကို 
သိမ်းသွားတယ်လေ။ ဘယ်သူက လျော်မှာလဲ။ စာက ထွက်နေပြီလား။ အများကြီး ဂယက်တွေ 
ရှိပါတယ်။

ဒါကြောင့်မို့ ကျွန်တော်တို့ အမှန်ဆုံး အခြေအနေတွေကို ဆောင်ရွက်ဖို့ မြေကိုသိမ်းမယ်။ 
ဘယ်လောက်ပြန်ပြီး လျော်မယ်။ ပါဝင်ထည့်ဝင်ခွင့်ရမယ် ဆိုရင်လည်း ဘယ်လောက်ပိုင်ဆိုင်မှု
ပြန်ရမလဲ။ ဖွံ့ဖြိုးတိုးတက်လာတဲ့ အခြေအနေမှာ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုက ဘယ်နှခုရှိမလဲ၊ ဒီလို သိရ
လိမ့်မယ်။ အဲဒါကို သွားပြောတဲ့သူတွေကလည်း သာမန်သွားပြောလို့မရဘူး။

တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမယ်။ တော်ကြာ ဒီလူလည်း မရှိတော့ဘူး။ ဒီလူကတော့ သေသွားပါပြီလို့
ပြောလို့မရဘူး။ သူတို့ရဲ့ ဘဝတွေ၊ သူတို့ စိုက်ပျိုးစားသောက်နေတဲ့မြေတွေ ပြောင်းလဲသွားမှာ။ ဒါတွေ 
အာမခံချက်ရှိဖို့ လိုတယ်။

စီမံကိန်းတွေအပေါ်မှာ လုပ်ဖို့၊ မလုပ်ဖို့ဆုံးဖြတ်တာက တိုင်းအစိုးရအဖွဲ့ကပဲ ဆုံးဖြတ်မှာ
လား။ ဒါမှမဟုတ် ပါတီက ဆုံးဖြတ်ပေးမှာလား။

ဒီအခြေအနေက ရှင်းပါတယ်။ ကျွန်တော်တို့ ရွေးကောက်ပွဲ ကြေညာစာတမ်းရှိပါတယ်။ ကျွန်တော်တို့
မှာ ပါတီက လမ်းညွှန်ချက် ရှိပြီးသားပါ။ အဲဒီမူဝါဒမှာ အခြေခံပြီးတော့ ဆောင်ရွက်ရမယ့် နည်းလမ်းတွေ 
ရှိပါတယ်။ အဲဒီနည်းလမ်းတွေအတိုင်း အစိုးရအဖွဲ့က ဆောင်ရွက်သွားမှာပါ။ မူဝါဒကတော့ ပါတီက
ရေးပြီးသားအတိုင်း ကျွန်တော်တို့ ကိုင်တွယ်မှာပါ။

ရွေးကောက်ပွဲကြေညာစာတမ်းကို ပြည်သူလူထုကို အသိပေးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မူဝါဒ 
လမ်းညွှန်ချက်ရှိပြီးသားပါ။ အဲဒါကနေပဲ ဘယ်လိုကိစ္စရပ်တွေကို ဘယ်လို ဖြေရှင်းမလဲဆိုတာ 
မူဝါဒကို မကျော်မလွန်ဘဲ အစိုးရအဖွဲ့က အောင်မြင်မှုပန်းတိုင် ရောက်အောင်သယ်ဆောင်သွားမှာ
ဖြစ်ပါတယ်။

အရင်အစိုးရလက်ထက်တုန်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေကို ဖျက်သိမ်းခဲ့ရ
တာတွေ၊ 
ဆိုင်းငံ့ခဲ့ရတာတွေရှိတယ်။ ဥပမာဒဂုံစီးတီးလိုမျိုးပေါ့။ ဒါမျိုးတွေ ထပ်မဖြစ်တော့
အောင် ဘယ်လို 
လုပ်သွားဖို့ရှိလဲ။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို အစိုးရအဖွဲ့က သေချာစိစစ်မယ်။ ဘာကြောင့်လဲ
ဆိုတော့  တကယ်လာလုပ်မယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက လိုတယ်။ လာလုပ်မယ့်သူကကောင်း
သတင်းလည်း ရှိဖို့လိုတယ်။ တချို့ကလာသာလုပ်တာ၊ ဘယ်ကမှန်းလဲ မသိဘူး။

ဒီမှာလည်း ဘာမှ လုပ်ဆောင်သွားတာ မဟုတ်ဘူး။ နောက်ဆုံးတော့ ပြည်သူလူထုတွေကပဲ 
ဆိုးမွေကို ခံသွားရတာ။ ဒါကြောင့်မို့လို့ ဒါတွေကို စနစ်တကျ စိစစ်မှာပါ။ အရင်လို မဟုတ်တော့
ဘူး။ အခုလောလောဆယ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က စီမံကိန်းတွေကိုအကုန်လုံးကို 
လက်မှတ်မထိုးပေးသေးဘူး။ကျွန်တော်တို့ ရန်ကုန်တိုင်းအတွင်းမှာ လုပ်ချင်တယ်ဆိုရင် 
ကျွန်တော်တို့ သေချာစစ်ဆေးမယ်။

တကယ့်ကို လိုအပ်ချက်နဲ့ တကယ်ဆောင်ရွက်နိုင်မယ့်သူ၊ ဆောင်ရွက်နိုင်အောင်လည်း 
ကျွန်တော်တို့ ကူညီမယ်။ ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းရမယ်။ အဲဒီပုံစံလေး လုပ်
သွားမှာပါ။

နောက်တစ်ခုက ရန်ကုန်မြို့မှာ နေ့စဉ် ကြုံတွေ့နေရတဲ့ ယာဉ်ကြောပိတ်ဆို့မှုပေါ့။ 
ဒါနဲ့ပတ်သက်ပြီး 
JICA က စီမံကိန်းတွေမှာလည်း နှစ်ထပ်လမ်းတွေပါတာ သိရတယ်။
အရင် 
အစိုးရကလည်း ခုံးကျော်တံတားတွေ ဆောက်သွားတာရှိတယ်။ အခုအစိုးရအနေနဲ့ 
ငါးနှစ်တာ 
ကာလအတွင်းမှာ ဒါကို ပြေလည်အောင် ဘယ်လိုဖြေရှင်းသွားဖို့ရှိလဲ။

ကျွန်တော်တို့ အလုပ်ရုံ ဆွေးနွေးပွဲတွေလုပ်တော့ ကျွန်တော်တို့အတွက် ရလဒ်ကောင်းတွေရှိတယ်။
ရှေ့အစိုးရမှာကတည်းက အလုပ်ရုံဆွေးနွေးပွဲတွေကို လုပ်ခဲ့ဖူးတယ်။ ပညာရှင်တွေ တော်တော်
များများလည်း ရှိတယ်။ နိုင်ငံတကာ တော်တော်များများလည်း သွားလေ့လာပြီးပြီ။ ဒါပေမဲ့ 
ဘယ်သူတာဝန်ခံပြီး လုပ်မလဲဆိုတဲ့ အခြေအနေမှာ ရှေ့အစိုးရလက်ထက်မှာ မရှိခဲ့ဘူး။ ဒါက 
နည်းနည်းတော့ စိန်ခေါ်မှုကြီးတယ်ဗျာ။ ရဲရဲဝံ့ဝံ့တော့ လုပ်ရလိမ့်မယ်။

ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေ တော်တော်များများရှိတယ်။နိုင်ငံလေး၊ 
ငါးနိုင်ငံထိ သွားလေ့လာဖူးတဲ့သူတွေလည်း ရှိတယ်။ နောက်ပြီး ကော်မတီတစ်ခုဖွဲ့ပြီးတော့ 
အမြဲတမ်းလုပ်တယ်။ အဲဒီကော်မတီမှာ ရှိတဲ့သူတွေက ဌာနဆိုင်ရာမှာ ရှိတဲ့သူတွေအကုန်လုံး
က သူတို့ တာဝန်တွေရှိတယ်။ ဒီတာဝန်တွေကို တစ်ခုတည်းကို ယူပြီး လုပ်နေရတယ်။

တကယ်တော့ကျွန်တော်တို့က ဒီတာဝန်ကိုပဲ တကယ်ကိုဆုပ်ကိုင်ပြီး နေ့ခင်းဘက်မှာ ယာဉ်ကြော
ပိတ်တယ်ဆိုရင် တိုက်ရိုက် ထိန်းချုပ်ရမယ့်တစ်နေရာကနေ ရှင်းပေးနေရမယ်။ ဘယ်လိုဆောင်
ရွက်ရမယ်၊ ဘယ်လို လုပ်ရမယ်၊မြို့နယ်အသီးသီးတွေကနေ အုပ်ချုပ်ရေးယန္တရားတွေကနေ
ဖြေရှင်းပေးနိုင်ရမယ်။

ကျွန်တော်တို့ ဒီအခြေအနေမျိုးကို ဖြေရှင်းနိုင်ဖို့ အဓိကစီမံချက်တစ်ခု လုပ်ရမယ်။ဘာကြောင့်လဲ
ဆိုဟိုတစ်ကွက်၊ ဒီတစ်ကွက် လိုက်ဖြေရှင်းဖို့ မလွယ်ဘူး။

ကျူးကျော်ပြဿနာကိုရော အခုအစိုးရလက်ထက်မှာ ဘယ်လို ဖြေရှင်းသွားဖို့ စဉ်းစားထားလဲ။

ကျူးကျော်ပြဿနာကတော့ တကယ့်ကို နေစရာမရှိဘူး။ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲကြုံခဲ့
တယ်ဆိုရင် သူတို့တွေကို ကျွန်တော်တို့ ကူညီရမှာပါ။ ဒါနိုင်ငံတော်မှာတာဝန်ရှိပါတယ်။ ဒါပေမဲ့ 
စာရင်းတိတိကျကျရှိမှရမယ်။ ကျွန်တော်တို့ ရန်ကုန်မှာ နေစရာမရှိတဲ့ ကျူးကျော်နေထိုင်သူ 
ဘယ်နှယောက်ရှိလဲဆိုတာ စာရင်းအင်း တိတိကျကျ မရှိဘူး။

စာရင်း တိတိကျကျ လုပ်ရမယ်။ ဒီနေရာမှာကျူးကျော်ကို ကျူးကျော်တဲတွေဆောက်ပြီးတစ်ခန်းကို 
ဘယ်လောက်ရောင်းလိုက်တာမျိုး၊ တဲတစ်တဲကို ဘယ်လောက်ဆိုတာမျိုး၊ အဲဒါတွေက တကယ်ကို
ရှိပါတယ်။ မြေပြင်မှာ တကယ်ဖြစ်နေတဲ့ အခြေအနေမှန်ပါပဲ။ အဲဒီလို လုပ်နေတဲ့ ပြဿနာတွေကို
လည်း ကျွန်တော်တို့ ရှင်းရမယ်။ တကယ် နေစရာမရှိတဲ့ သူတွေကိုလည်းဆောင်ရွက်ပေးဖို့
လိုတယ်။

ကျူးကျော်စာရင်းကို ကောက်ခံလိုက်ရင် ကျူးကျော်စာရင်းထဲမှာ ဒီလိုလူတွေကို စနစ်တကျ လေ့လာ
မယ်။ သူတို့ရဲ့ လက်ဗွေတွေကို ကျွန်တော်တို့ယူမယ်၊ သူတို့ မျက်နှာတွေကို ကျွန်တော်တို့ ယူမယ်။ 
အစိုးရယန္တရားမှာ ကျွန်တော်တို့ လုပ်နိုင်ပါတယ်။ တကယ်အခက်အခဲဖြစ်နေတဲ့ အရေအတွက်
တစ်ခုပေါ်လာရင် အဲဒီအပေါ်မှာ ဖြေရှင်းပေမှာ။သူတို့ကို မြေကွက်တွေ အပိုင်ပေးလိုက်မှာ
မဟုတ်ဘူး။

ကျူးကျော်ဖြစ်ခြင်းအတွက် အိမ် အလကားရသွားမယ်၊ ငါအလုပ်လုပ်ကိုင်စရာ မလိုဘူးဆိုတဲ့ 
အတွေးတွေ ပေါ်လာနိုင်တယ်။ ရှင်းရှင်းပြောရရင် နေစရာဖန်တီးပေးမယ်၊ အလုပ်အကိုင်အခွင့်
အလမ်း ဖန်တီးပေးမယ်။ အဲဒီအချိန်ကျရင် သူ့ဘဝကို သူ့ဟာသူ ရပ်တည်နိုင်အောင် ရှေ့ကို 
တိုးရပါလိမ်မယ့်။

ဒီလိုပုံစံနဲ့ ကျူးကျော်ပြဿနာတွေကိုရှင်းမှာပါ။ ဒီဟာကို အဖြေထုတ်ဖို့ ကျွန်တော်တို့ ကြိုးစားပါမယ်။ 
အဲဒီအတွက်လည်းပြင်ဆင်နေပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကိုရော၊ အဂတိလိုက်စားမှုတွေကိုရော 
ဘယ်လို ကိုင်တွယ်သွားဖို့ ရှိပါသလဲ။

စည်ပင်သာယာရေးဝန်ကြီးကို မြို့တော်ဝန်အဖြစ် တာဝန်ပေးလိုက်ပါပြီ။ သူတာဝန်ယူပြီး
ကိုင်တွယ်မှာပါ။ အဂတိလိုက်စားမှုကင်းအောင် ကျွန်တော်တို့ စတင်ဆောင်ရွက်မှာဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အဂတိလိုက်စားမှုကင်းပြီး ပြည်သူလူထု ဘဝကိုဆောင်ရွက်ပေနိုင်တဲ့ 
အစိုးရတစ်ရပ်ဖြစ်အောင် ကျွန်တော်တို့ လုပ်ရပါလိမ့်မယ်။

အဲဒီအချိန်မျိုးလုပ်မှ အပြောင်းအလဲဆိုတာကို တကယ် လုပ်နိုင်မှာပါ။ နို့မို့ဆိုရင် ကိုယ်လုပ်
ချင်တာတွေ အားလုံးကို ဥပဒေကို ချိုးဖောက်ပြီး ပိုက်ဆံပေးရင် လုပ်လို့ရတဲ့ခေတ်ကို ပြန်
ရောက်သွားပါလိမ့်မယ်။ အဲဒီအခြေအနေကနေ နောက်ဆက်တွဲက ကျွန်တော်တို့ တိုင်းပြည်
ဟာ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးအဆင့်ကို ရောက်ခဲ့ရတာပါ။ ဆက်ဆောင်ရွက်တဲ့ အခြေ
အနေမှာတော့ အဂတိတရားကင်းအောင် ကြိုးစားမယ်။ ထိထိရောက်ရောက် အရေးယူ
ဆောင်ရွက်မှုတွေ ရှိပါတယ်။ ဥပဒေ စည်းမျဉ်းစည်းကမ်းအတိုင်းပဲ ဖြစ်ရပါမယ်။

Source: Myanmar Times

Facebook comments