ပြည်သူကို တိုက်ရိုက်အကျိုးရှိစေမယ့် ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံကိန်း
ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ အစိုးရသစ်လက်ထက် ရက် ၁၀၀ စီမံကိန်းအတွင်းမှာ ပြည်သူလူထုကို တိုက်ရိုက်အကျိုးရှိစေမယ့် လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ရှိတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။‘အစိုးရတစ်ရပ်အနေနဲ့ ပြည်သူကို တိုက်ရိုက်အကျိုးရှိမယ့်အလုပ်နဲ့ သွယ်ဝိုက်အကျိုးရှိမယ့်အလုပ်ဆိုပြီး နှစ်မျိုးလုပ်ပါတယ် ၊ ခုလက်တလောရက် ၁၀၀ ရေတိုအတွင်းမှာတော့ တိုက်ရိုက်အကျိုးဖြစ်စေမယ့် အလုပ်တွေလုပ်ဖို့ စီစဉ်နေပါတယ်’ လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ရက် ၁၀၀ စီမံချက်တွေက အစိုးရသစ်အတွက်ရော ဝန်ကြီးဌာနအသီးသီးအတွက်ပါ အလွန်အရေးကြီပါတယ်။ အစိုးရသစ်ရဲ့ အုပ်ချုပ်မှုစွမ်းရည်ကို အရည်အချင်းစစ်တဲ့သဘောဖြစ်သလို ဝန်ကြီးဌာနအသီးသီးက ချမှတ်ထားတဲ့ မှုဝါဒအပေါ် အကောင်အထည်ဖော်နိုင်မှု ၊ တာဝန်ယူမှုတွေကို စတင်စမ်းသပ်လိုက်တာ ဖြစ်ပါတယ်။အစိုးရရဲ့မှုဝါဒက နိုင်ငံသူ နိုင်ငံသားတွေ အကျိုးရှိမယ့်အလုပ်ဟူသမျှ အကုန်လုပ်ဆိုပြီး ဝန်ကြီးဌာနကို လမ်းညွန်ထားပါတယ် ။ ဒါကြောင့် ရေတိုစီမံချက်နဲ့ ဘာလုပ်ငန်းတွေက နိုင်ငံသူနိုင်ငံသားတွေအတွက် အကျိုးရှိမယ် ၊ ထိုသို့အကျိုးရှိမယ့် အလုပ်တွေလုပ်ဆောင်ရာမှာ ဌာနရဲ့မည်သည့်မှုဝါဒတွေက အသုံးဝင်ပြီး မည်သည့်မှုဝါဒတွေက အခက်အခဲတွေ့စေတယ် စသည်တို့ကို ဖော်ထုတ်ရပြီး ရက် ၁၀၀ စီမံချက်တွေကို ရေးဆွဲဆောင်ရွက်ကြရမှာဖြစ်တယ်လို့ သိရပါတယ်။အစိုးရသစ်အနေနဲ့ ရက် ၁၀၀ အတွင်းမှာရော သက်တမ်းတစ်လျှောက်လုံးမှာပါ ဆက်လက်ဆောင်ရွက်မှာက အဂတိလိုက်စားမှုတွေမှာ နာမည်ကြီးနေတဲ့ သည်ဝန်ကြီးဌာနအနေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို စတင်ကိုင်တွယ်ဖြေရှင်းနေပြီလို့လည်း ဝန်တမ်းတချို့ကဆိုပါတယ်။လမ်းခင်းပေး တံတားဆောက်ပေးစတဲ့ လုပ်ငန်းတွေအနေနဲ့ ပြည်သူလူထုအတွက် သွားရေးလာရေး အဆင်ပြေစေတယ်ဆိုတာမျိုးပဲဖြစ်စေပြီး လမ်းတံတားကြေးဂိတ်တွေမှာ ဂိတ်ဝင်ကြေးမကောက်တော့တဲ့ဟာမျိုးကတော့ တိုက်ရိုက်အကျိုးရှိစေ မျက်ဝါးထင်ထင်ခံစားရစေပါတယ်။ ဒါကြောင့် အဲသည်လိုမျိုး ချက်ချင်းမျက်ဝါးထင်ထင် ခံစားရစေမယ့် လုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုတယ်။နိုင်ငံအဝှမ်း လမ်းတံတားနဲ့ အဆောက်အအုံတွေအတွက်ကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေနဲ့အတူ ရက် ၁၀၀ စီမံချက်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်အောင် စီစဉ်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ဝန်ကြီးဌာနအနေနဲ့ Performance ကို အခြေခံတဲ့ ရလဒ်ရရှိရေးကို ဦးတည်ပြီး တစ်ဦးချင်းတာဝန်ယူ ၊ တာဝတ်ခံ ဆောင်ရွက်ရမယ် ၊ ချမှတ်ထားတဲ့ မှုဝါဒအတွင်းကနေ တာဝန်ယူဆောင်ရွက်ပါ ၊ လုပ်ငန်းအောင်မြင်အောင် လိုအပ်တဲ့ ထောက်ပံ့မှုတွေ ဌာနက ပံ့ပိုးပေးမယ် ၊ လုပ်ပိုင်ခွင့်တွေပေးမယ် ၊ ဒါပေမယ့် တာဝန်ကို အပြည့်ယူရမယ်လို့ ဝန်ကြီးဌာနအတွင်း လမ်းညွန်ချက်တွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ဆောက်လုပ်ရေးဝန်ကြီးဌာန အနေနဲ့ ပြည်သူတွေအတွက် လုံခြုံစိတ်ချရမှု Public Safety အတွက် ဝန်ထမ်းတွေအနေနဲ့ တစ်ဦးချင်းအလိုက် တာဝန်ယူ ၊ တာဝန်ခံဆောင်ရွက်ခြင်းဖြင့် ဝန်ကြီးဌာနကို တည်ဆောက်မယ်လို့ သိရပါတယ်။အစိုးရသစ်ရဲ့ ရက် ၁၀၀ အတွင်း ပြည်သူထုအကျိုးပြုနိုင်မယ့် ဆောင်ရွက်ချက်တွေအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့လည်း ပြည်သူလူထုလိုအပ်တဲ့နေရာတွေမှာ အမြန်ဆုံးအကောင်အထည်ဖော် ပြုပြင်ပြောင်းလဲပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။Source : The Modern
Facebook comments