စက်မှုကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက် လက်ရှိစက်မှုဇုန်များအား အဆင့်မြှင့်တင်ပြီး အခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးမည်
စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအ တွက် လက်ရှိစက်မှုဇုန်များအား အဆင့်မြှင့်တင်ပြီး အခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စက်မှုလုပ်ငန်း မူဝါဒအရ သိရသည်။စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များအရ မိုက်ခရို၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ပြည်ပပို့ကုန် စက်မှုလုပ်ငန်းများတိုးတက်ရေး၊ လုပ်သားအခြေပြု စက်မှုလုပ်ငန်းများ တိုးတက်ထွန်းကားရေး၊ ပညာတစ်ပိုင်းတစ်စ သင်ကြားခဲ့သော အလယ်တန်း၊ အထက်တန်းကျောင်းထွက် လူငယ်များ အလုပ်ရရှိရေး၊ လေ့ကျင့်ပေးရေးနှင့် အလုပ်အကိုင်များ ရှာဖွေပေးရေး၊ ပြည်တွင်းပြည်ပ အရင်းအနှီးများကို ဆွဲဆောင်၍ အကြီးစားစက်မှုလုပ်ငန်းများနှင့် နည်းပညာမြင့် စက်မှုလုပ်ငန်းများတည်ထောင်ရေး၊ ပြည်တွင်းစက်မှုလုပ်ငန်းများအား ငွေကြေးအထောက်အပံ့ပြုနိုင်မည့် ၀န်းကျင်ကောင်းတစ်ခု ဖန်တီးပေးရေး၊ နိုင်ငံတော်၏ လိုအပ်ချက်အရ ဆောင်ရွက်ရမည့် နိုင်ငံပိုင်စက်မှုလုပ်ငန်းများအား ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ထို့ပြင်ပုဂ္ဂလိကစက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအား ဖိတ်ခေါ်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မည့် နိုင်ငံပိုင်စက်ရုံများအား အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအသွင် သဏ္ဌာန်ဖြင့် ဆောင်ရွက်ရေး၊ လုပ်ငန်းကဏ္ဍအလိုက် လုပ်ငန်းတူအစုအဖွဲ့များ၊ သမ၀ါယမ ကုန်ထုတ်လုပ်ငန်းများ ပိုမိုအားကောင်း ခိုင်မာအောင် ဖွဲ့စည်း၍ လုပ်ငန်းများ ပိုမိုတိုးမြှင့်အောင် ဆောင်ရွက်ရေး၊ ဒေသအလိုက် ထုတ်လုပ်မှုကွင်းဆက် ဖြစ်ပေါ်စေရေးအတွက် ဒေသအလိုက် လက်ကားဈေးကွက်နှင့် ကုန်စည်ဒိုင်ဈေးကွက်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအား အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းလုပ်ငန်းအဖွဲ့များဖြင့် ညှိနှိုင်းအားပေး မြှင့်တင်သွားရေး၊ လက်ရှိ စက်မှုဇုန်များအား အဆင့်မြှင့်တင်ရေးနှင့် အခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးရေးတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် စက်မှုဇုန်များကို ၁၉၉၅ ခုနှစ်မှ စတင်ဖွဲ့စည်းပေးခဲ့ပြီး အရေအတွက်အားဖြင့် ၂၁ ခုရှိကြောင်း သိရသည်။ ယင်းစက်မှုဇုန်များမှာ ရန်ကုန်အရှေ့ပိုင်း ခရိုင် စက်မှုဇုန်၊ ရန်ကုန်အနောက်ပိုင်းခရိုင် စက်မှုဇုန်၊ ရန်ကုန်တောင်ပိုင်းခရိုင် စက်မှုဇုန်၊ ရန်ကုန်မြောက်ပိုင်းခရိုင် စက်မှုဇုန်၊ မော်လမြိုင်စက်မှုဇုန်၊ တောင်ကြီး(အေးသာယာ)စက်မှုဇုန်၊ မုံရွာစက်မှုဇုန်၊ ကလေးစက်မှုဇုန်၊ ပခုက္ကူစက်မှုဇုန်၊ ရေနံချောင်းစက်မှုဇုန်၊ မန္တ လေးစက်မှုဇုန်၊ မြင်းခြံစက်မှုဇုန်၊ မိတ္ထီလာစက်မှုဇုန်၊ ပြည်စက်မှုဇုန်၊ မြောင်းမြစက်မှုဇုန်၊ ပုသိမ်စက်မှုဇုန်၊ ဟင်္သာတစက်မှုဇုန်၊ မြိတ်စက်မှုဇုန်၊ ဘားအံစက်မှုဇုန်၊ ရတနာပုံစက်မှုဇုန် (မန္တလေးတိုင်းဒေသကြီး)နှင့် နေပြည်တော် စက်မှုဇုန်တို့ဖြစ်ကြောင်း သိရသည်။Source: Eleven Media Group
Facebook comments