09-261334475

ရက်ပေါင်း ၁၀၀ အိမ်ရာဖွံ့ဖြိုးရေး

မြန်မာနိုင်ငံတွင် အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်း ဟူသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များအနက် အဓိကကျသော လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း ပြည်သူများသိရှိပြီး ဖြစ်၏။ လက်ရှိအစိုးရသစ်သည် ရက်ပေါင်း ၁၀၀ အတွင်း အိမ်ရာဖွံ့ဖြိုးရေးအတွက် မည်သည့်လုပ်ငန်းများအား ဦးစားပေးဆောင်ရွက်မည်နည်း ဟူသောမေးခွန်းကို တာဝန်ရှိသူများ အဖြေထုတ်နေကြပြီ ဖြစ်၏။ စာရေးသူ၏အမြင်အရ ပထမဦးဆုံးဆောင်ရွက်သင့်သော လုပ်ငန်းတစ်ရပ်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဟူသော အမည်နာမကို ပြောင်းလဲပစ်ရန်ဖြစ်၏။

ဆောက်လုပ်ရေးဟူသော ဝေါဟာရကို ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီအစိုးရက စတင်သုံးစွဲခဲ့ခြင်း ဖြစ်၏။ ၁၉၆၅ တွင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများအား ပြည်သူပိုင်သိမ်းဆည်းပြီးနောက် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို တည်ထောင်ခဲ့၏။ နိုင်ငံပိုင်လုပ်ငန်းများ၏ တည်ဆောက်ရေးမှန်သမျှကို ဆောက်လုပ်ရေးဝန်ကြီးဌာနကသာ တာဝန်ယူဆောင်ရွက်စေခဲ့ပြီး ဖွဲ့စည်းပုံကိုပါ ဗဟိုမှ အောက်ခြေအထိ အကြီးအကျယ်တိုးချဲ့ခဲ့၏။

နိုင်ငံတစ်ဝန်းတွင် အိမ်ရာများ၊ စက်ရုံများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဂိုဒေါင်များ၊ လေဆိပ်များစသည့် အဆောက်အအုံများနှင့်တကွ လမ်းတံတားစသည့်အခြေခံအဆောက်အအုံများကိုပါ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူအကောင်အထည်ဖော်ရ၏။ ကန်ထရိုက်တာများ၊ ပုဂ္ဂလိကကုမ္ပဏီများ တည်ထောင်ခွင့်မပြုဘဲ ပုဂ္ဂလိက ကဏ္ဍကြီးထွားမှုကို လုံးဝဦးစားမပေးသော ဆိုရှယ်လစ် စီးပွားရေးစနစ်နှင့်အညီ ဆောက်လုပ်ရေးလုပ်ငန်းမှန်သမျှကို နိုင်ငံပိုင်လုပ်ငန်းအဖြစ် လက်ဝါးကြီးအုပ် အကောင်အထည်ဖော်ရန်အလို့ငှာ ဆောက်လုပ်ရေးဝန်ကြီးဌာနဟု အမည်ပေး ထူထောင်ခဲ့ခြင်းဖြစ်၏။

ယနေ့ခေတ်အချိန်အခါတွင် ဆောက်လုပ်ရေးလုပ်ငန်းအားလုံးကို ပြည်ထောင်စုအစိုးရသည်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရသည်လည်းကောင်း လုံးဝဥဿုံ တာဝန်ယူအကောင်အထည်ဖော်ရန် မလိုအပ်တော့ပေ။ ဈေးကွက်စီးပွားရေးအရ နိုင်ငံပိုင် ကုန်ထုတ်လုပ်ငန်းများသာမက ဆောက်လုပ်ရေးလုပ်ငန်းများအား ပုဂ္ဂလိကပိုင်ဖြစ်ထွန်းလာစေရေး (Privitization)ကို ဦးတည် ဆောင်ရွက်နေကြပြီဖြစ်၏။

နည်းပညာအရသော်လည်းကောင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေး (Safety) အရသော်လည်းကောင်း တာဝန်ယူဆောက်လုပ်ရန် လိုအပ်နေဦးမည့် လမ်းတံတားကြီးများမှအပ အခြားဆောက်လုပ်ရေးလုပ်ငန်းများကို ပုဂ္ဂလိကကုမ္ပဏီများက တာဝန်ယူဆောက်လုပ်နေကြ ပြီဖြစ်၏။ ထို့ကြောင့် လွန်ခဲ့သော နှစ် ၅၀ ခန့်က ဆိုရှယ်လစ်စနစ်နှင့် လျော်ညီအောင် ဖွဲ့စည်းကင်ပွန်းတပ်ခဲ့သည့် ဆောက်လုပ်ရေးဝန်ကြီးဌာနဟူသော အမည်နာမသည် လက်ရှိဒီမိုကရေစီခေတ်နှင့် လုံးဝဆီလျော်မှု မရှိတော့ကြောင်း သုံးသပ်တွေ့ရှိရပါသည်။ ဆောက်လုပ်ရေးဟူသည် ရေရှည်တွင် ပုဂ္ဂလိကကဏ္ဍ(Private Sector)ကသာ အပြည့်အဝတာဝန်ယူရမည့် လုပ်ငန်းဖြစ်ကြောင်း ငြင်းကွယ်၍ မရနိုင်ပေ။

၁၉၆၂ မှ စတင်ပေါ်ပေါက်သော ခေတ်အဆက်ဆက် ဆောက်လုပ်ရေးဝန်ကြီးအများစုသည် နိုင်ငံတော်၏ဘတ်ဂျက်ကို အကြီးအကျယ်သုံးစွဲပြီး တည်ဆောက်ရသော ဆောက်လုပ်ရေးလုပ်ငန်းကြီးများကိုသာ ပိုမိုစိတ်ဝင်စားမှုရှိခဲ့ကြကြောင်းနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းကိုမူ များစွာစိတ်ဝင်စားမှုမရှိကြကြောင်း တွေ့ရှိရ၏။ ဤနေရာတွင် ဖြစ်ရပ်မှန် ဟာသဆန်သော ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြလိုသေး၏။ အိမ်နီးချင်းဝန်ကြီးနှစ်ဦးရှိခဲ့ပြီး သူတို့၏ နေအိမ်များကို အပ်ငွေလုပ်ငန်းအဖြစ် ဆောက်လုပ်ရေးက တာဝန်ယူတည်ဆောက်ခဲ့၏။

တစ်ဦးက ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီးဖြစ်ပြီး ကျန်တစ်ဦးက အခြားသော ဝန်ကြီးဌာနတစ်ခုကို တာဝန်ယူရ၏။ လုပ်ငန်းအပ်နှံခဲ့ကြတာချင်းအတူတူ ဆောက်လုပ်ရေးဝန်ကြီး၏ နေအိမ်ကို ပိုမိုဦးစားပေးတည်ဆောက်ပြီး အခြားဝန်ကြီးဌာန ဝန်ကြီး၏နေအိမ်ကိုမူ ဖြည်းဖြည်းချင်း တည်ဆောက်ကြ၏။ မိမိနေအိမ်ရှေ့၌ ပုံထားပြီးဖြစ်သော ဘိလပ်မြေနှင့် အုတ်များကို ဆောက်လုပ်ရေးဝန်ကြီး၏ နေအိမ်ရှေ့သို့ အကြိမ်ကြိမ်ပြောင်းရွှေ့သယ်ယူနေသည့်အဖြစ်ကို အခြားဝန်ကြီးဌာနဝန်ကြီးခမျာ အောင့်သက်သက်ဖြင့် ကြည့်နေခဲ့ရ၏။ ထို့နောက် မထင်မှတ်ဘဲ ဝန်ကြီးနှစ်ဦး၏ဌာနများကို အပြန်အလှန် လဲလှယ်သော အမိန့်ကြော်ငြာစာ ထွက်ပေါ်လာ၏။ 

ထိုအခါ ယခင်ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး၏နေအိမ်ရှေ့မှ အုတ်နှင့်ဘိလပ်မြေများသည် ဆောက်လုပ် ရေးဝန်ကြီးအသစ်ဖြစ်လာသော ယခင်အခြားဝန်ကြီးဌာန ဝန်ကြီး၏အိမ်ရှေ့သို့ ချက်ချင်းရွှေ့ပြောင်း ရောက်ရှိလာလေ၏။ ဆောက်လုပ်ရေးဝန်ကြီးအဟောင်း၏ နေအိမ်ထက်အသစ်ဖြစ်သော ဝန်ကြီး၏ နေအိမ်ကို အလုံးအရင်းနှင့် ဂရုစိုက်ပြီး ဆောက်လုပ်ပေးကြပြန်ရာ အမြန်ဆုံးပြီးစီးသွားလေတော့၏။ ထိုဝန်ကြီးက ပြုံးပြုံးပြုံးပြုံးနှင့် သမိုင်းဝင် စကားတစ်လုံးပြောခဲ့သည်ကို တစ်ဆင့်စကားမှတ်သားခဲ့ရ၏။ ‘‘ပင်စင်ယူခါနီး ဝန်ကြီးဖြစ်မယ်ဆိုရင် ဆောက်လုပ်ရေးဝန်ကြီးဖြစ်တာ အကောင်းဆုံးပါပဲဗျာ’’ ဟူသတည်း။

ပထမဒီမိုကရေစီခေတ်ဖြစ်သော ၁၉၄၈ မှ ၁၉၆၂ အထိ သုံးစွဲခဲ့သည့် ဝန်ကြီးဌာန၏မူလအမည်မှာ ‘‘ပြည်သူ့လုပ်ငန်းနှင့် အိမ်ရာဆောက်လုပ်ရေးဝန်ကြီးဌာန’’ ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ရ၏။ ယင်းဝန်ကြီးဌာန၏လက်အောက်တွင် ပြည်သူ့လုပ်ငန်းဌာနနှင့် နိုင်ငံတော်ပြည်သူ့အိုးအိမ် ပြန်လည်ထူထောင်ရေးနှင့် မြို့ရွာစည်ပင်ရေးအဖွဲ့ဟူသော ဌာနကြီးနှစ်ခုရှိခဲ့ကြောင်း သိရှိရ၏။ 

သမ္မတဦးသိန်းစိန်လက်ထက်၌ ဆောက်လုပ်ရေးဝန်ကြီးဌာနကို ပြန်လည်ဖွဲ့စည်းခဲ့ရာတွင် ဆောက်လုပ်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီး ဌာနဟူ၍ ယခင်ပြည်သူ့လုပ်ငန်း (နောင်ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း) ဌာနတစ်ခုကိုပင် သုံးဌာနခွဲပြီး ညွှန်ကြားရေးမှူးချုပ်သုံးဦးဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့၏။ ခေတ်အခြေအနေအရ ကျုံ့ပစ်ရမည့် ဆောက်လုပ်ရေးလုပ်ငန်းကို ချဲ့ထွင်ဖွဲ့စည်းခြင်းမှာ လွန်စွာ နားလည်ရန် ခက်ခဲလှ၏။ ရေရှည်တွင်နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာမည်ကို စိုးရိမ်မိ၏။

တစ်ဖက်တွင် ပြင်ဆင်ဖွဲ့စည်းမှုအရ ပေါ်ပေါက်လာသည့် ‘‘မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန’’ ဟူသော အမည်သစ်မှာ ယခင် ‘‘နိုင်ငံတော်ပြည်သူ့အိုးအိမ်ပြန်လည်ထူထောင်ရေးနှင့် မြို့ရွာစည်ပင်ရေးအဖွဲ့’’ ဟူသော အမည်နှင့် ‘‘မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာန’’ ဟူသော အမည်များထက် လုပ်ငန်းနယ်ပယ်ဘောင်ကျဉ်းသွားသော သဘောကို ဆောင်ယူလာကြောင်း တွေ့ရှိရပြန်၏။ သို့ဖြစ်၍ ကျယ်ရမည့်လုပ်ငန်းကို ကျုံ့ပြီးကျုံ့ရမည့်လုပ်ငန်းကို အကျယ်ချဲ့လိုက်သည့် သဘောသာဖြစ်နေ၏။

ဝင်ငွေနည်းပြည်သူများနှင့် ဝင်ငွေအလယ်အလတ်၏အောက်လွှာရှိ ပြည်သူများ အများဆုံးဖြစ်သော ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံတွင် အိမ်ရာဖွံ့ဖြိုးရေးဟူသည် လူမှုစီးပွားရေးအရသာမက နိုင်ငံရေးအရပါ လွန်စွာအရေးပါသော ကဏ္ဍဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကပါ လက်ခံထား၏။ မြို့ပြ ကြီးထွားမှုနှုန်း မြင့်မားနေသော နိုင်ငံလည်းဖြစ်၍ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေးသည်လည်း အစိုးရတာဝန်ယူရမည့် အရေးပါသော လုပ်ငန်းတစ်ရပ်ဖြစ်နေ၏။ 

ထို့ကြောင့် လက်ရှိဝန်ကြီးဌာန၏အမည်ကို ပထမဒီမိုကရေစီခေတ်မှ အမည်အား အခြေခံ၍ ‘‘ပြည်သူ့လုပ်ငန်း၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဝန်ကြီးဌာန’’ (Ministry of Public Works, Urban and Housing Development) ဟူ၍ ရက် ၁၀၀ အတွင်း ပြင်ဆင်ပြောင်းလဲသင့်ကြောင်း အဆိုပြုအပ်ပါသည်။ အခြားပိုမိုကောင်းမွန်မည့် အမည်ရှိလျှင်လည်း ရွေးချယ်သင့်၏။ ခေတ်နှင့်မလျော်ညီတော့သည့် ဝန်ကြီးဌာန၏အမည်ကို ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်မှုသည် အမြန်ဆုံးဆောင်ရွက်သင့်သော လုပ်ငန်းတစ်ရပ်အမှန်ပင် ဖြစ်ပါသည်။

ဒုတိယဦးစားပေးဆောင်ရွက်သင့်သော လုပ်ငန်းမှာ ရက်ပေါင်း ၁၀၀ အတွင်း အစိုးရသစ်၏အိမ်ရာမူဝါဒကို ချမှတ်ပေးရန် ဖြစ်ပါသည်။ အိမ်ရာမူဝါဒသည် ငါးနှစ်သက်တမ်းကာလအတွင်း ပြည်ထောင်စုအစိုးရနှင့်တကွ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အားလုံးအတွက် အိမ်ရာဖွံ့ ဖြိုးရေးလုပ်ငန်းလမ်းညွှန်ဖြစ်၏။ လွန်ခဲ့သော အစိုးရလက်ထက် ပြည်ထောင်စုက တစ်မျိုး၊ ရန်ကုန်က တစ်သွယ်၊ မန္တလေးက တစ်ဖုံ၊ အခြားဒေသများက တစ်နည်း စသည်ဖြင့် အိမ်ရာစီမံကိန်းအမျိုးမျိုးကို သူ့နည်းသူ့ဟန်ဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း တွေ့ရှိရ၏။

ထို့ အပြင် ၂၀၁၄ နိုဝင်ဘာ ၂၁ ရက် နေ့တွင် နေပြည်တော်၌ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးမူဝါဒနှင့် စီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကြီးကို အကြီးအကျယ်ကျင်းပခဲ့ပြီး သမ္မတကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့၏။ သို့သော် ပွဲပြီးမီးသေ ဖြစ်သွား၏။ မည်သည့်မူဝါဒမျှ ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိကြောင်း တွေ့ရှိရ၏။ လက်ရှိအစိုးရအနေဖြင့် အထက်ပါ ဆွေးနွေးပွဲ၏ရလဒ်(Outcome) အဖြစ် ပြုစုကြေညာခဲ့သည့် အိမ်ရာမူဝါဒဆိုင်ရာ အဆိုပြုချက်များကို လေ့လာသုံးသပ်ပြီး နောင် ၅ နှစ်တာကာလအတွက် လုပ်ငန်းလမ်းညွှန်မူဝါဒကို အမြန်ဆုံးချမှတ်နိုင်၏။

အထူးသတိပြုအပ်သည်မှာ မြန်မာနိုင်ငံရှိ UNHABITAT သည် အထက်ပါ ဆွေးနွေးပွဲပြီးစီး၍ ၁ နှစ်ကျော်ကြာမှ တစ်ရေးနိုးပြီး ကျွမ်းကျင်သူတစ်ဦးဖြင့် အိမ်ရာမူ ဝါဒကို စတင်ပြုစုလျက်ရှိကြောင်း သိရှိရ၏။

မိမိ၏လက်ထဲ၌ အသင့်ရှိနေသော ကိုယ်ပိုင်နာရီမှ ပြသနေသည့်အချိန်ကို အရင်ကြည့်မည်လော၊ ပြင်ပမှ နာရီဝိုင်းကြည့်ပြီး အချိန်ပြောပြသည်ကို မဖြစ်မနေ စောင့်မည်လော အမြန်ဆုံး ဆုံးဖြတ်ဖို့လို၏။ အိမ်ရာရောဂါက တစ်နေ့ထက်တစ်နေ့ ပိုမိုသည်းလာပြီဖြစ်၏။ လက်ရှိ မြန်မာနိုင်ငံ၏ အိမ်ရာမူဝါဒ၌ ဝင်ငွေနည်းပြည်သူများအတွက် အိမ်ရာလိုအပ်ချက် ဖြည့်ဆည်းရေးကို ဦးစားပေး ဆောင်ရွက်ရန်ဟူသော အချက်သည် အဓိက အကျဆုံးဟု ယုံကြည်၏။

ဝင်ငွေနည်း ပြည်သူများအတွက် အိမ်ရာဖြည့်ဆည်းဆောင်ရွက်ရာတွင် ကျူးကျော်အိမ်ရာနေ ပြည်သူများအား ချန်လှန်ထား၍ မဖြစ်ပေ။

ထို့ကြောင့် တတိယဦးစားပေး ဆောင်ရွက်သင့်သောလုပ်ငန်းမှာ ကျူးကျော်အိမ်ရာများကိစ္စဖြေရှင်းဆောင်ရွက်ပေးရေး ဖြစ်ပေသည်။ စီးပွားရေးမြို့တော် ရန်ကုန်တွင် ကျူးကျော်အိမ်ရာများအလွန်အမင်း တိုးပွားလျက်ရှိ၏။ လက်ရှိအရေအတွက်ကို အတိအကျ မသိရှိရသေးသော်လည်း စုစုပေါင်း ၈၀,၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းကြ၏။ နေပြည်တော်၊ မန္တလေး၊ ပဲခူး စသော မြို့ကြီးများ၌လည်း ရှိ၏။ ထုထည်အကြီးမားဆုံးဖြစ်သော ရန်ကုန်တွင် ဤအတိုင်း လျစ်လျူရှုထားပါက နောင် ၅ နှစ်အတွင်း မြို့အင်္ဂါပျက်စီးယိုယွင်း လာတော့မည်ဖြစ်၏။ 

လက်ရှိကျူးကျော်အိမ်ရာများကို မည်သို့ဖြေရှင်းမည်နည်းဟု နည်းလမ်းမချမှတ်မီ ပထမဦးဆုံးဆောင်ရွက်ရမည့်ခြေလှမ်းမှာ နောက်ထပ်မတိုးပွားအောင် ထိန်းသိမ်းဆောင်ရွက်ရေးဖြစ်၏။ အလွန်နူးညံ့သိမ်မွေ့ပြီး အမှားမခံသော လုပ်ငန်းတစ်ရပ်လည်း ဖြစ်ပေသည်။ နည်းလမ်းတကျ စီစဉ်ဆောင်ရွက်မှု လစ်ဟင်းပါက တစ်ဖက်တွင် ကျူးကျော်အိမ်ရာများကို တရားဝင်အိမ်ရာရရှိရေး ဆောင်ရွက်နေစဉ် တစ်ဖက်မှ ကျူးကျော်အသစ်များ အခွင့်အရေးယူရန် စဉ်ဆက်မပြတ်လှိမ့်ဝင်လာပြီး သမင်မွေးရင်း ကျားစားရင်းဖြစ်မှာ သေချာ၏။ ဤနေရာတွင် အစိုးရသစ်သည် သိုက်ဆရာထုံး နှလုံးမူရမည်ဖြစ်၏။ သိုက်ကိုမဖွင့်မီ စည်းသုံးတန် အရင်တားခြင်းဖြစ်ပေသည်။

လက်ရှိ ကျူးကျော်အများစုသည် ရန်ကုန်မြို့တွင် ၁၉၉၀ နောက်ပိုင်း တည်ဆောက်သော မြို့သစ်များ၌ အများဆုံးဖြစ်ထွန်းလာကြောင်း တွေ့ရှိရ၏။ အဓိကအကြောင်းတရားမှာ ကျေးလက်မှ မြို့ပြသို့ ပြောင်းရွှေ့ရန် တွန်းအားများအပြင် မြို့ပြ၏ မြေယာစီမံ ခန့်ခွဲမှုစနစ်များ အလွန်ညံ့ဖျင်းမှုတည်းဟူသော ဆွဲအားများကြောင့်ဖြစ်ကြောင်း တွေ့ရှိနိုင်၏။ မြို့ပြ မြေယာစီမံခန့်ခွဲမှုစနစ်ကို အောက်ခြေ၌ အနီးကပ်ကြီးကြပ်မည့် အဓိက အဖွဲ့အစည်းတစ်ရပ် သီးခြား ထားရှိမှုမရှိခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းပြီး လာဘ်ပေးလာဘ်ယူစနစ်ဖြင့် ဆွဲဆောင်မှုများပြားခြင်း၊ မင်းမဲ့စရိုက်ဖြင့် ဝင်ရောက်ကျူးကျော်မှုများကို လျစ်လျူရှုထားခြင်းစသည့် ဟာကွက်ပျော့ကွက်များက ကျူးကျော်အိမ်ရာများကို အလုံးအရင်းဖြင့် တိုးပွားစေခဲ့ခြင်းဖြစ်ပေသည်။ ထို့ကြောင့် ‘‘အရင်းစစ်လျှင် အမြစ်မြေက’’ဟု ပင် ဆိုရိုးပြုရမည်ဖြစ်၏။

Source : 7Day News

Facebook comments