မဟာဗျူဟာစီမံကိန်း ၂၀၄၀ မှာပါဝင်တဲ့ ခုနှစ်နေရာ ဖွံ့ဖြိုးမှ ဈေးကွက်လှုပ်ခတ်မည်
ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ရန်ကုန်မြို့ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်းမှာပါဝင်တဲ့ နေရာခုနှစ်နေရာတွေမှာ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲမှုတချို့ရှိလာရင် ဆောက်လုပ်ရေးဈေးကွက်ရော ၊ မြေဈေးကွက်ပါ လှုပ်ရှားလာနိုင်မယ်လို့ သိရပါတယ်။မဟာဗျူဟာစီမံကိန်း ၂၀၄၀ မှာပါဝင်တဲ့ မြို့ပြချဲ့ထွင်တာ ၊ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းတွေ ၊ စက်မှုလုပ်ငန်းတွေ တိုးချဲ့တာ ၊ မြို့လယ်စီးပွားရေးဇုန် ဖွံ့ဖြိုးရေးစီမံကိန်း ၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးစီမံကိန်း ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းတွေထဲက တချို့နေရာတွေ ဖွံ့ဖြိုးလာရင် ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေဈေးကွက် လှုပ်ခတ်မှုရှိလာမှာဖြစ်ပါတယ်။ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျုဟာစီမံကိန်း ၂၀၄၀ ကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွှက်ရေးအေဂျင်စီ(ဂျိုက်ကာ) အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်တာပါ။ စီမံကိန်းထဲမှာ ဦးစားပေးတွေ အနေနဲ့ အစဉ်လိုက် သတ်မှတ်ထားတာဖြစ်ပါတယ်။ ရန်ကုန်အရှေ့ပိုင်း မြို့သစ် ၊ ရန်ကုန်အနောက်ပိုင်းမြို့သစ် ၊ သန်လျင်မြို့သစ် ၊ ဒလမြို့သစ် ၊ ထန်းတပင်မြို့သစ် ၊ မှောဘီမြို့သစ်နဲ့ လှည်းကူးမြို့သစ်တို့ဖြစ်ပါတယ်။ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ‘စီမံကိန်းက ၂၀၄၀ ဆိုပေမဲ့ ဒလနဲ့ရန်ကုန်မြို့ပြစီမံကိန်း နေရာတွေမှာ ဈေးကအမြင့်နဲ့ရှိနေတာပါပဲ။ နေရာခုနှစ်နေရာစလုံးက ဖွံ့ဖြိုးမှုရှိလာရင် အိမ်ခြံမြေဈေးကွက်ကတော့ အနည်းနဲ့အများလှုပ်ခတ်လာမှာပါပဲ’ လို့ ပြောပါတယ်။ဈေးကွက်ပြန်လှုပ်ခတ်လာနိုင်တယ်ဆိုပေမဲ့ နေရာတွေက မြို့စွန်တွေဖြစ်တာကြောင့် အိမ်ခြံမြေရဲ့အောက်ခြေအဆင့်မှာရှိတဲ့ ဈေးကစားမှုတွေ ပြန်နိုးထလာမယ်လို့လည်း အကျိုးဆောင်တချို့က ပြောပါတယ်။ အဓိက ဖွံ့ဖြိုးလာတာနဲ့ ဆောက်လုပ်ရေးဈေးကွက်နေရာပိုယူလာနိုင်တယ်လို့’ သိရတယ်။ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးသီဟက ‘အခုလက်ရှိတောင် ဆောက်လုပ်ရေးဈေးကွက်က ပြန်လှုပ်ခတ်ဖို့ တာစူနေပါပြီ ၊ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင် ပြည်ပဆောက်လုပ်ရေးတွေ ဝင်လာမယ် ၊ ဆောက်လုပ်ရေးဈေးကွက် ကောင်းတာနဲ့ မြေကလည်းဆက်စပ်နေတော့ လှုပ်ခတ်မှုတွေက ရှိလာမှာပါပဲ’ လို့ပြောပါတယ်။ကျွမ်းကျင်သူတချို့ကတော့ မဟာဗျူဟာစီမံကိန်းက ၂၀၄၀ တားဂတ်ဖြစ်တာကြောင့် ဝေးနေပါသေးတယ်။ အစိုးရသစ် အပြောင်းအလဲရှိနေတာကြောင့် ပြောင်းလဲမှုတွေလည်းရှိလာနိုင်တယ် ။ အိမ်ခြံမြေဈေးက ရေရှည်မှာ လှုပ်ခတ်စရာအကြောင်းရင်းမရှိနိုင်သေးဘူးလို့ ခန့်မှန်းသုံးသပ်ကြပါတယ်။တချို့ကတော့ အာဆီယံလမ်းမကြီးတွေလို အလားအလာရှိတဲ့ နေရာတွေနဲ့ ချိတ်ဆက်နေတဲ့ နေရာတွေက ပိုပြီးစီးပွားရေးဈေးကွက် ဖြစ်လာနိုင်တယ်လို့လည်း ပြောကြပါတယ်။ လက်ရှိအနေအထားအရ အိမ်ခြံမြေဈေးက သိပ်ကျစရာအကြောင်းမရှိသလို ချက်ချင်းကြီးလည်း ဈေးတက်သွားတာမျိုး အရမ်းဖွံ့ဖြိုးလာမယ်ဆိုတာမျိုး မှန်းထားလို့ မရသေးဘူးလို့ သိရပါတယ်။Source: The Modern
Facebook comments