09-261334475

အနာဂတ်ရန်ကုန်မြို့ပြပုံစံ

ရန်ကုန်မြို့ပြစီမံကိန်းမှာပါဝင်မယ့် အပိုင်းတွေအနေနဲ့ လမ်းစနစ် ၊ ရေမီးစနစ် ၊ ဆက်သွယ်ရေးစနစ် ၊ ရေဆိုးနဲ့အမှိုက်စွန့်ပစ်စနစ် ၊ သယ်ယူပို့ဆောင်ရေးစနစ် အပါအဝင် ရန်ကုန်မြို့ရဲ့လိုအပ်ချက်တွေကို အသေးစိတ်ထည့်သွင်းရေးဆွဲထားတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နိုင်ငံအတွင်းမှာ လူဦးရေသိပ်သည်းဆဟာ ယာဉ်ကြောကျပ်တည်းမှုအပါအဝင် အမှိုက်စွန့်ပစ်စနစ် ၊ ရေ၊နုတ်မြောင်းပိတ်ဆို့မှုပြဿနာ ၊ လမ်းဘေးဈေးသည်တွေအတွက် နေရာအခက်အခဲစတဲ့လိုအပ်နေတဲ့ မြို့ပြအခြေအနေကို မရှိတော့တဲ့အတွက် ခေတ်မီရန်ကုမြို့ပြစီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ-ဂျိုက်ကာ JICA ရဲ့အကူအညီနဲ့ အနှစ် ၃၀ စီမံကိန်းရေးဆွဲဆောင်ရွက်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန (မြို့ပြ)ကနေ သိရပါတယ်။

လမ်းစနစ်က နှစ်ပေါင်းများစွာက တည်ဆောက်ခဲ့တာဖြစ်ပြီး လက်ရှိကားအရေအတွက်နဲ့ မကိုက်ညီတော့တဲ့အတွက် လမ်းတွေကို နှစ်ထပ်လမ်းအဖြစ်ပြောင်းလဲတည်ဆောက်မှာဖြစ်တယ်။တစ်လမ်းမောင်းစနစ်ကိုလည်း ပြောင်းလဲကျင့်သုံးသွားနိုင်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။

ရန်ကုန်မှနေထိုင်သူအများစုနေ့စဉ်ကြုံတွေ့နေရတဲ့ အဓိကပြဿနာကတော့ ယာဉ်ကြောကျပ်တည်းပဲဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့လမ်းအများစုဟာ ကိုလိုနီခေတ်ကဖောက်လုပ်ထားတဲ့ လမ်းတွေဖြစ်ပြီး မြို့အကွက်ချထားတဲ့အနေအထားအရ လမ်းတွေကို ထပ်ချဲ့လို့မရနိုင်တော့ဘူးလို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သူက ‘ကားပိတ်တဲ့ပြဿနာက လမ်းကြောင့်ဖြစ်ပြီး လမ်းကဘေးကိုထပ်ချဲ့မရတော့ဘူး ၊ ဥပမာ-လေးလမ်းသွားလမ်းတစ်ခုမှာ တာလမ်းဘေးဈေးသည်တွေက လမ်းပလက်ဖောင်းကို နေရာယူတယ် ၊ အဲဒီမှာ သွားစရာလေးလမ်းသွားက နှစ်လမ်းပဲရှိတော့တယ် ၊ တချို့လိုင်းကားတွေက လမ်းပေါ်ကနေ လူအတင်အချလုပ်တယ် ၊ အဲဒီမှာသွားပြီးကားပိတ်ပြီပေါ့’ လို့ပြောတယ်။

ယာယီသာ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူတစ်ဦးက ‘ယျာဉ်ကြောကျပ်တည်းတာ ဖြေရှင်းဖို့ ခုံးတံတားဆောက်တာ တကယ်တော့ ယာယီဖြေရှင်းနိုင်ဖို့ပဲ အဆင်ပြေစေမယ်လို့ မြင်မိပါတယ် ၊ လမ်းဆုံမှာ မပိတ်ပေမဲ့ လမ်းတွေထဲပြန်ပိတ်တာပါပဲ ၊ တကယ်တော့ စည်းကမ်းမဲ့ ကားရပ်တာနဲ့ လမ်းဘေးဈေးသည်ပြဿနာကို ဖြေရှင်းမှပိုပြီး အဆင်ပြေနိုင်မယ်’ လို့ပြောပါတယ်။

မြို့ပြစီမံကိန်းအသစ်မှာ ပါဝင်တဲ့ လမ်းအချို့မှာ လက်ရှိတည်တောက်ထားတဲ့ ခုံးကျော်တံတားတွေနဲ့မလွတ်ကင်းတာတွေ ရှိလာရင်တော့ ပြန်ဖျက်ရနိုင်ခြေရှိပြီး အသေးစိတ်တွက်ချက်မှုတွေမပြုလုပ်ရသေးလို့ အတိအကျတော့ ပြောဖို့စောနေသေးတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ပြစီမံကိန်းအသစ်မှာဆိုရင် လမ်းမပေါ်မှာ ချရောင်းတဲ့ဈေးသည်တွေအတွက် သီးသန့်ဈေးရောင်းချနိုင်မယ့် နေရာသတ်မှတ်ပေးမှာဖြစ်သလို အထပ်မြင့်တိုက်တွေ ဆောက်လုပ်တဲ့အခါမှာ ကားရပ်ဖို့ ပါကင်နေရာကိုပါ ပါဝင်တဲ့အခန်းအရေအတွက်ပေါ်မှုတည်ပြီး တည်ဆောက်ပေးရမှာ ဖြစ်တယ်။

‘လက်ရှိလမ်းဘေးဈေးသည်ပြဿနာက ရှင်းလို့ကိုမနိုင်ဘူး ၊ ကိုယ်ကဖမ်းသူကပြေးပြီးပြန်ရောင်းနဲ့ သံသရာလည်နေတာ ၊ တကယ်က သူတို့အတွက်နေရာသတ်မှတ်ပေး အဲဒီနေရာမှာစည်းကမ်းတကျမရောင်းမှဖမ်းဆို နည်းနည်းပိုအဆင်ပြေလာမယ်’ လို့ ရန်ကုန်မြို့တော်စည်ပင်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စီမံကိန်းအသစ်မှာ မြို့တွင်းသွားလာနေတဲ့ မော်တော်ယာဉ်တွေအတွက် ခရီးသည်တင်ယာဉ်မောင်းနှင်ရမယ့်လမ်း ၊ ကိုယ်ပိုင်ယာဉ် ၊ အငှားယာဉ်မောင်းနှင်ရမယ့်လမ်းတွေအပြင် အချို့လူကူးမျဉ်းကြားတွေကိုလည်း မြေအောက်ကနေ ဖောက်လုပ်ပေးမှာဖြစ်တယ်လို့ ယာဉ်အန္တရယ်ကင်းရှင်းစွာ သွားလာနိုင်မယ်လို့ သိရပါတယ်။

မြို့ပြစီမံကိန်းအသစ်မှာ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် မြို့တွင်းခရီးသည်တင်ကားစနစ်အပြင် မြို့ပတ်ရထားစနစ်ကိုလည်း ပိုမိုအဆင့်မြင့်အချိန်မှန်စွာ ပြေးဆွဲနိုင်ဖို့တွဲဆိုင်းနဲ့ စက်ခေါင်းအသစ်တွေကို ဂျပန်နိုင်ငံက လှူဒါန်းမယ်လို့ သိရပါတယ်။ 
ရန်ကုန်မြစ်ကြောင်းတစ်လျောက်ကိုလည်း မြို့ပတ်သင်္ဘောခရီးစဉ်အသစ် ပါဝင်လာမှာဖြစ်တယ် ။ ကမ်းနားတစ်လျှောက် သွားလာလိုသူတွေနဲ့ ကားကျပ်တာကို ရှောင်ကွင်းသွားလိုသူတွေအတွက် အဆင်ပြေစေမယ်လို့ သိရပါတယ်။

ပိုမိုကောင်းမွန်တဲ့ အမှိုက်စွန့်ပစ်စနစ်နဲ့ အမှိုက်ကန်တွေကို အဆင့်မြှင့်တင်မှာဖြစ်သလို ပြည်သူတွေအနေနဲ့လည်း စည်းကမ်းတကျအမှိုက်ပစ်ကြဖို့လိုပါတယ်။

Source: The Modern

Facebook comments