09-261334475

၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန်အထိ နိုင်ငံတကာ အဆင့်မီ စက်မှုလယ်ယာ ဧက ငါးသောင်းကျော် ဖော်ထုတ်နိုင်ခဲ့

၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန်အထိ နိုင်ငံတကာ အဆင့်မီ အင်္ဂါရပ်များဖြင့် ပြီးပြည့်စုံသောစက်မှုလယ်ယာဧကငါးသောင်းကျော် ဖော်
ထုတ်နိုင်ခဲ့ပြီးယခင်ကာလထက် နှစ်ဆကျော် များပြားခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ယခု-စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန) ၏ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

စက်မှုလယ်ယာမြေစနစ် ဖော်ထုတ်ရာတွင် ယခင် တပ်မတော်အစိုးရလက်ထက်က ၂၄၆၃၂ ဧက ဖော်ထုတ်နိုင်ခဲ့သော်လည်း အများအားဖြင့် ကုန်ထုတ်လမ်း၊ ရေသွင်းမြောင်း၊ ရေနုတ်မြောင်းများ ပါဝင်ခြင်းမရှိဘဲ ထောင့်မှန်စတုဂံပုံ လယ်ကွက်များအဖြစ်သာ ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

စက်မှုလယ်ယာမြေ ဖော်ထုတ်နိုင်မှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၈၁၃၂ ဧက၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၉၃၇၇ ဧက၊ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်တွင် ၇၂၅၀ ဧက၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၁၀၅၉၇ ဧက၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၁၄၈၅၉ ဧက ရှိပြီး စုစုပေါင်း ၅၀၂၁၅ ဧက ဖြစ်သည်။

လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရာတွင် မဖြစ်မနေ ဆောင်ရွက်ကြရမည့် အခြေခံကျသော အချက်တစ်ချက်မှာ စက်ကိရိယာများ စက်စွမ်းအားပြည့် လုပ်ငန်းဆောင်ရွက်နိုင်မည့် စနစ်ကျသော ဧက ကွက်၊ ဟက်တာကွက်များ ဖော်ထုတ်ခြင်း လုပ်ငန်းဖြစ်ကြောင်း သိရသည်။

စက်မှုလယ်ယာစနစ်ကျ လယ်ကွက်ဖော်ထုတ်ရာတွင် ပြည်ထောင်စုရန်ပုံငွေ၊ 
တိုင်းဒေသကြီး/ပြည်နယ် ရန်ပုံငွေ၊ ဌာန၏ ရန်ပုံငွေဖြင့် ဖော်ထုတ်ဆောင်ရွက်ခဲ့သော ဧကများမှာ ၃၆၂၆၂ ဧကဖြစ်ပြီး ကျန် ၁၃၉၅၃ ဧကမှာ စိုက်ပျိုးရေးအထူးပြု ကုမ္ပဏီများမှ ဖော်ထုတ်ခြင်း၊ တောင်သူလယ်သမားများမှ ကုန်ကျစရိတ်ခံပြီး ဖော်ထုတ်ခြင်းနှင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ဂျပန် JICA ၏ အကူအညီဖြင့် ၃၄၆ ဧက၊ ကိုရီးယား KOICA ၏ အကူအညီဖြင့် ၃၄၄ ဒသမ ၅၃ ဧက၊ ဂျပန် JOIID ၏ အကူအညီဖြင့် ၁၀၃ ဧက ဖော်ထုတ်ခြင်းတို့ ပါဝင်ခဲ့သည်။

စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းမှုနည်းတူ ဦးသိန်းစိန်အစိုးရ ငါးနှစ်တာ ကာလအတွင်း တောင်သူများသို့ လယ်ယာသုံး စက်ကိရိယာများကို အရစ်ကျစနစ်ဖြင့် ထွန်စက်ကြီး ၃၈၁ စီး၊ လက်တွန်းထွန်စက် ၂၇၀၄၉ စီး၊ တမန်းလှေ ၃၄၂ စီး၊ စပါးခြွေလှေ့စက် ၁၆၀၅ လုံး ဖြန့်ဖြူးနိုင်ခဲ့သည်။

ထို့ပြင် ၀န်ကြီးဌာန၏ အငှားဝန်ဆောင်မှုစနစ်ဖြင့် မြေယာပြုပြင်ခြင်း ၁၈၁၀၄၇၉ ဧက၊ ရိတ်သိမ်းခြွေလှေ့ခြင်းအတွက် ၂၀၄၈၅ ဧက ဆောင်ရွက်နိုင်ခဲ့ပြီး စိုက်ပျိုးမြေ ရှားပါးခက်ခဲသော တောင်ပေါ် ဒေသများတွင် လှေကားထစ် လယ်ယာမြေဖော်ထုတ်ခြင်းကို ရှမ်းပြည်နယ် လားရှိုးမြို့၊ ကျိုင်းတုံ၊ တောင်ကြီးမြို့နှင့် ချင်းပြည်နယ် ဟားခါးမြို့တို့တွင် ကုန်းမြင့်စီမံကိန်းရုံး လေးရုံးဖွင့်လှစ်ပြီး ၂၆၀၇ ဧက ဖော်ထုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

Source: Eleven Media Group

Facebook comments