09-261334475

ရွေးကောက်ပွဲအပြီး မြို့နယ်အချို့ရှိ ကန်ထရိုက်ဆောက်လုပ်မှုလုပ်ငန်းအခြေအနေများ


၂၀၁၅ နှစ်ဆန်းကာလနောက်ပိုင်း အိမ်ခြံမြေဈေးကွက် အေးစက်မှုနှင့် နှစ်ကုန်ပိုင်း ရွေးကောက်ပွဲအခြေအနေများ ဂယက်ကြောင့် ရန်ကုန်မြို့ ကန်ထရိုက်တိုက်ခန်း ဆောက်လုပ် ရောင်းဝယ်မှု ဈေးကွက်သည်လည်း အတန်ကြာ ငြိမ်သက်နေခဲ့သော်လည်း ယခု ၂၀၁၆ အစိုးရသစ် အကူးအပြောင်းကာလများတွင် လူနေစိတ်၍ ဆက်သွယ် သွားလာမှု ဖွံ့ဖြိုးကောင်းမွန်သော မြို့နယ်ရပ်ကွက်များတွင် အခန်းပေးအခန်းယူစနစ်နှင့် ကိုယ်ပိုင်ငွေ အရင်းအနှီးဖြင့် မတည်နိုင်သည့် ဆောက်လုပ်ရေးလုပ်ငန်းငယ်အချို့  လုပ်ငန်းလုပ်ကွက်ရရှိမှု အသင့်အတင့် ကောင်းမွန်လာကြောင်း Property.com.mm သတင်းမီဒီယာအဖွဲ့မှ လေ့လာစုံစမ်း သိရှိရပါသည်။

 

ရန်ကုန်မြို့တွင်းမြို့နယ်များအတွင်း တိုက်ခန်းရောင်းဝယ်ငှားရမ်းမှု ဈေးကွက်နှုန်းထားထက်စာလျှင် မြို့တွင်းနှင့် မနီး မဝေး မြို့နယ်များအတွင်း ရောင်းဝယ်ငှားရမ်းနေထိုင်မှုများက ဈေးအသင့်အတင့်နှင့် နေထိုင်ရပ်တည်ရေး ပိုမို အဆင်ပြေသောကြောင့်လည်းကောင်း တစ်နှစ်ထက်တစ်နှစ် လူဦးရေထူထပ်လာမှုနှင့်အတူ ရွှေ့ပြောင်း နေထိုင်သူများ၊ အိမ်ခန်းသစ်ရှာသူများနှင့် ရင်းနှီးမြှုပ်နှံလိုသူများ စိတ်ဝင်စားမှု ပိုမိုများပြားလာခြင်း အကြောင်း များဖြစ်သည်။

“နယ်ကလာတဲ့ ကုမ္ပဏီဝန်ထမ်းတွေ မြို့တွင်း ကျောင်း၊ ဆေးရုံ အလုပ် စသဖြင့် အချိန်နဲ့ဆက် လုပ်ရတဲ့ ၀န်ထမ်းတွေ

တချို့ကတော့ မြို့တွင်းတိုက်ခန်းလေးတွေ စုစပ်ငှားကြတာပေါ့ တော်သင့်ရုံဈေးနဲ့ အိမ်ခန်းအပိုင်ဝယ်လိုတဲ့သူတွေဆိုရင်  အပြင်မြို့နယ်တွေဘက်က ဈေးပိုသက်သာတဲ့အနေအထားလည်းရှိတယ် မြို့တွင်းနဲ့ အသွားအလာကလည်း သိပ်ပြီး ခက်ခဲတဲ့ နေရာမျိုးတွေ မဟုတ်ရင် လူတွေအများစု သဘောကျကြပါတယ် ခု သာကေတဘက်တွေဆိုရင် လမ်းမ တွေရော အတွင်း လမ်းသွယ်တွေပါ သပ်သပ်ရပ်ရပ် ကောင်းကောင်းမွန်မွန်တွေ ဖြစ်လာတော့ လူနေထိုင်မှုပုံစံ အဆင့်အတန်းအနေနဲ့ ကြည့်မယ်ဆိုလည်း ကြည့်ပျော်နေပျော်တဲ့ အခြေအနေတွေ ဖြစ်လာပါပြီ ကြိုပွိုင့် ကန်ထရိုက် တိုက်တွေ  တချို့ဆို ကြိုပွိုင့်တွေ တော်တော်များများ ရောင်းထားပြီးကြပြီ ၇ ဈေးအနီးတ၀ိုက် ဘုရားလမ်း ပတ်ဝန်းကျင်တွေ ဆိုရင်လည်း တိုက်သစ်တွေရော ဆောက်လက်စတွေပါ   တော်တော်များပါတယ် အိမ်ခြံမြေ ဈေးကွက် အရောင်းအ၀ယ် အေးနေတဲ့ကာလဆိုတော့ ၀ယ်ရောင်းအတွက် ၀ယ်မယ့်သူနည်းပေမယ့် အမှန်နေချင်တဲ့ သူတွေအနေနဲ့ ကတော့ နေရာကောင်းတယ် ဈေးတော်တယ်ဆိုရင် အရောင်းအ၀ယ်ဖြစ်ကြပါတယ် " ဟု ဒေသခံ အကျိုးဆောင် တစ်ဦးဖြစ်သူ ကိုမျိုးလွင်က ပြောကြားသည်။

 

မြို့တွင်းမြို့နယ်များသို့ အချိန်တိုအတွင်းရောက်ရှိနိုင်သည့် မြို့နယ်ရပ်ကွက်များသို့ ပြောင်းရွှေ့နေထိုင်မှု၊ ငှားရမ်း နေထိုင်မှု များပြားလာမှုနှင့်အတူ မြို့တွင်းနှင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်သော  မြို့နယ်များတွင်   ရပ်ကွက် လမ်းသွယ်များအတွင်း၌ပါ ဈေးနှုန်းသင့် ကန်ထရိုက်တိုက်သစ်များ ဆောက်လုပ်မှုများပြားလာခဲ့ကာ အိမ်ခန်း ရောင်းဝယ်ငှား ဈေးကွက်သည်လည်း လိုက်ပါဖွံ့ဖြိုးလာနေသည့် အနေအထားရှိသည်ကို တွေ့ရသည်။ 

ကန်ထရိုက်တိုက်နှင့် ၁၂ ထပ်အောက် အထပ်မြင့်တိုက်ဆောက်လုပ်ခွင့် လျှောက်ထားသူအရေအတွက်မှာ ယခုလ ပိုင်းများ အတွင်း ၄၀ ရာခိုင်နှုန်းခန့် ပြန်လည်မြင့်တက်လာခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ လည်း ထုတ်ပြန်ပြောကြားခဲ့သည်။  အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်မှုများတွင် ၁၂ ထပ်ခွဲအထိ အဆောက် အအုံ များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စိစစ်ခွင့်ပြုပေးခြင်းဖြစ်ပြီး ထိုအထပ် အရေအတွက် အထက်ရှိသော အဆောက်အအုံများ ဆောက်လုပ်ခွင့်ကိုမူ အစိုးရအဖွဲ့က စိစစ်ခွင့်ပြု ခြင်းဖြစ်သည်။

 

Property Media Team

www.Property.com.mm

Facebook comments