09-261334475

သိမ်ဖြူကမ်းနားတွင် တည်ဆောက်မည့် ဆိပ်ခံတံတားနှင့် အဆောက်အအုံများအား ဗိုလ်တထောင်စေတီ၏ ကြံ့ခိုင်မှုကို ထိခိုက်မှု မရှိစေရန် ဦးစားပေး တည်ဆောက်မည်ဟု ဆို



သိမ်ဖြူကမ်းနားဒေသရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် မြေပေါ်တွင် တည်ဆောက်မည့် ခေတ်မီဘက်စုံသုံး ဆိပ်ခံတံတားနှင့် အဆောက်အအုံများအား ဗိုလ်တထောင် စေတီ၏ ကြံ့ခိုင်မှုကို ထိခိုက်မှု မရှိစေရန် ဦးစားပေး တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သတင်းရရှိသည်။


အဆိုပါ ခေတ်မီ ဘက်စုံသုံး ဆိပ်ခံတံတားနှင့် အဆောက်အအုံများကို ကောင်းမြန်မာအောင် သင်္ဘောကုမ္ပဏီမှ လုပ်ငန်းတည်ဆောက်ခွင့်အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုပေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဆိပ်ကမ်းတည်ဆောက်ရေး တင်ဒါအား ကောင်းမြန်မာအောင် သင်္ဘောကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့ကြောင်း သိရသည်။ ကောင်းမြန်မာအောင် သင်္ဘောကုမ္ပဏီသည် သိမ်ဖြူကမ်းနားဒေသတွင် တန်ချိန် ၁၅၀၀၀ ရှိ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာနှင့် အထွေထွေကုန်စည်တင် ရေယာဉ်ကြီး နှစ်စင်း တစ်ပြိုင်နက် ဆိုက်ကပ်နိုင်ရန် တည်ဆောက်သွားမည်ဖြစ်သည်။

ပို့ဆောင်ရေး ၀န်ကြီးဌာနမှ ဆိပ်ကမ်းတည်ဆောက်ခွင့် ရရှိရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ ခွင့်ပြုမိန့် တောင်းခံထားပြီး ၂၀၁၆ ခုနှစ် မတ် ၂၅ ရက်က မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်က ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

လုပ်ငန်းများ ဆောင်ရွက်သည့်အခါ ဗိုလ်တထောင် စေတီတော်ကြီး၏ ကြံ့ခိုင်မှုကို ထိခိုက်မှု မရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးအတွက် ဆိပ်ခံတံတား၏ အောက်ခံတိုင်များကို Bore Pile များ အသုံးပြု၍ လည်းကောင်း၊ နောက်ခံမြေပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်ခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ခွင့်ပြုချက် တောင်းခံ၍ လည်းကောင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

Source: eleven

Facebook comments