09-261334475

မိကရင် ကျေးရွာတွင် တည်ဆောက်မည့် တန် ၅၀၀၀ ဘိလပ်မြေစက်ရုံ စီမံကိန်းအား ဒေသခံများ ကန့်ကွက်မှုကြောင့် စီမံကိန်းကို လက်လျှော့လိုက်ပြီဖြစ်ကြောင်း


မတ် ၃၀ ရက် နံနက် ၁၀ နာရီက ပြုလုပ်သော စက်ရုံ စီမံကိန်း အချက်အလက် ချပြခြင်း အစီအစဉ်တွင် မိကရင် ကျေးရွာအတွင်း ယူနန်ပြည်နယ် အစိုးရအဖွဲ့နှင့် ပူးပေါင်း တည်ဆောက်မည့် တန် ၅၀၀၀ ဘိလပ်မြေစက်ရုံ စီမံကိန်းကို လက်လျှော့လိုက်ပြီဖြစ်ကြောင်း ချစ်လင်းမြိုင် ကုမ္ပဏီပိုင်ရှင် နယ်ခြားစောင့်တပ် ဗဟိုအကြံပေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက ဒေသခံများနှင့် တွေ့ဆုံမှု အပြီးတွင် တရားဝင် ပြောကြားသည်။

“ကျွန်တော့် အနေနဲ့ ဒေသခံတွေရဲ့ သဘောထားကို တိကျ ပြတ်သားစွာ သိရှိလိုတဲ့အတွက် အကြိုညှိနှိုင်း ဆွေးနွေးပွဲကို ပြုလုပ်ပြီး ယခုလို စက်ရုံစီမံကိန်း အချက်အလက် ဆိုင်ရာကို ဒေသခံတွေ ပွင့်လင်းမြင်သာ သိရှိစေဖို့ ရည်ရွယ်ပြီး လာရောက်ရှင်းလင်းရခြင်း ဖြစ်ပါတယ်။ ဒေသခံတွေ သဘောမတူညီရင် ဒီစီမံကိန်းကို ယူနန်ပြည်နယ် အစိုးရအဖွဲ့ကို တင်ပြပြီး ဖျက်သိမ်းပေးမယ်လို့ ကနဦးကတည်းက ကျွန်တော် ပြောဆိုထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီစီမံကိန်းကို ကျွန်တော် လက်လျော့လိုက်တဲ့အကြောင်း ဒေသခံတွေကို ကျွန်တော် တရားဝင် ပြောကြားပါတယ်” ဟု ဗိုလ်မှူးကြီး စောချစ်သူက ထပ်မံပြောကြားသည်။

ကော့ဖျံတောင် အပါအ၀င် ထုံးကျောက်တောင်များ ၀န်းရံလျက်ရှိသည့် မိကရင်ဒေသသို့ လွန်ခဲ့သည့် ၂၀၁၃-၂၀၁၄ ခုနှစ်များအတွင်း ဘိလပ်မြေစက်ရုံ စီမံကိန်း တည်ဆောက်ရန် (Myanmar Cement Mineral Production) ကုမ္ပဏီနှင့် (Myanmar Ji Dong Cement) ကုမ္ပဏီတို့ လာရောက် ကြိုးပမ်းမှု ရှိခဲ့ပြီး ယခုကဲ့သို့ ဒေသခံများ ကန့်ကွက်မှုကြောင့် ပျက်ပြယ်မှု ရှိခဲ့ကြောင်း မိကရင်ကျေးရွာ ဒေသခံ စောဉာဏ်ဝင်း၏ ပြောကြားချက်အရ သိရသည်။

ယင်းနေ့ မတိုင်မီ မတ် ၂၉ ရက်က မိကရင် ကျေးရွာ၊ ကော့ဖျံတောင်ခြေ၊ ကျားဂူတွင် ဒေသခံများ စုပေါင်းပြီး စံမံကိန်း တည်ဆောက်ခြင်း မပြုလုပ်နိုင်ရန် အန္တရာယ်ကင်း ပရိတ် ရွတ်ဖတ်ခြင်းနှင့် ဆုတောင်းပွဲကို ပြုလုပ်ခဲ့ပြီး မိကရင်ကျေးရွာအုပ်စု အတွင်းရှိ သစ်ဝါး၊ ကော့ဖျံ၊ မိကရင်၊ ကြာအင်း၊ မုက္ကတိ၊ကမ်းကြီး၊ ကမ်းလေး၊ ၀င်းဒရယ်၊ ကျောက်တလုံး၊ ကော့ကူးကျေးရွာများရှိ ဒေသခံ ၁၀၀၀ ကျော်က အထိမ်းအမှတ် ကျောက်တိုင် စိုက်ထူခြင်း၊ ကော့ဖျံတောင်ပတ်လည်တွင် ဘိလပ်မြေစက်ရုံ စီမံကိန်း အလိုမရှိ ဗွီနိုင်းဆိုင်းဘုတ်များ ကပ်ချိတ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ KNLA လက်နက်ကိုင် အဖွဲ့အစည်းမှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောဂျော်နီမှလည်း မိမိတို့ KNLA အနေဖြင့် ပြည်သူ မကြိုက်လျှင် ဘာမှ မလုပ်ခြင်းက အကောင်းဆုံးဖြစ်ပြီး ပြည်သူ လက်ခံမှသာ အကောင်းဆုံး ပြုလုပ်သင့်ကြောင်း၊ မိမိတို့ KNLA အနေဖြင့် ပြည်သူ့ဘက်မှသာ အမြဲတမ်း ရပ်တည်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

Source: eleven

Facebook comments