09-261334475

အိမ်ခြံမြေဈေးကွက်ပြန်ကောင်းနိုင်တယ် ဆိုတာ

အိမ်ခြံမြေဈေးကွက် ပြန်ကောင်းလာနိုင်တယ်ဆိုတာက ဈေးနှုန်းတွေ ပြန်မြင့်တက်လာတာမျိုးမဟုတ်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ဈေးကွက်ပုံမှန်လည်ပတ်လာနိုင်တာကိုပြောတာဖြစ်တယ်လို့ အကျိုးဆောင်တချို့နဲ့ ကျွမ်းကျင်သူတချို့ထံက သိရပါတယ်။

နိုင်ငံရေးအပြောင်းအလဲတည်ငြိမ်ပြီး နောက်ပိုင်းမှာ အိမ်ခြံမြေဈေးကွက်ပြန်ကောင်းလာနိုင်မယ်လို့ ကျွမ်းကျင်သူတချို့က ခန့်မှန်းထားကြတာပါ ။ တချို့ကဈေးကွက်ပြန်ကောင်းလာနိုင်တယ်ဆိုတာကို အရင်ကလို ဈေးနှုန်းတွေမြင့်တက်ပြီး ဈေးအဆမတန်ပြန်တက်လာမယ်လို့ ထင်ကြတဲ့သူတွေလည်းရှိပါတယ်။ အိမ်ခြံမြေဈေးကွက်က ပြန်ကောင်းလာနိုင်ပေမဲ့ ဈေးတက်တာမျိုးမဟုတ်ဘဲ ပုံမှန်ဈေးကွက်နဲ့ ပြန်လည်ပတ်လာနိုင်ပြီး ဈေးကွက်တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ကောင်းလာနိုင်တာကို ဆိုလိုတာဖြစ်တယ်လို့ ပြောပါတယ်။

စီးပွားရေးပညာရှင်တစ်ဦးက ‘ဈေးကွက်ပုံမှန်ပြန်လည်ပတ်နိုင်ဖို့ကလဲ အစိုးရသစ်ရဲ့ ချမှတ်မယ့် မှုဝါဒ အပြောင်းအလဲတွေပေါ် မှုတည်နေတယ် ၊ မြေယာနဲ့ပတ်သတ်တဲ့ မှုဝါဒတွေ တည်ငြိမ်နေပြီး ချမှတ်ထားတဲ့ စည်းမျဉ်းတွေကလဲ တကယ်အသက်ဝင်မယ် ၊ ထိရောက်မှုတွေရှိလာမယ်ဆို ဈေးနှုန်းလှုပ်ခတ်မှုတွေမများနိုင်တော့ဘူး’ လို့ပြောပါတယ်။

လက်ရှိ အိမ်ခြံမြေဈေးကွက်မှာ မြေဈေးကျနေတယ်လို့ ပြောကြပေမဲ့ ဈေးကွက်ထဲမှာတော့ ဈေးချရောင်းတဲ့သူနည်းပါတယ်။ အရောင်းအဝယ်အေးနေတာက အဝယ်ဈေးကွက်ပျက်နေတာကြောင့်လို့ အကျိုးဆောက်တချို့က ဆိုပါတယ်။

ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က ‘ဈေးကွက်ပျက်နေတော့ မဝယ်ရဲကြတာပါ ၊ ဈေးက မတန်တာမဟုတ်ဘူး တန်တယ် ၊ မဝယ်ရဲကြတာ ၊ ဝယ်ပြီးပြန်ရောင်းဖို့ မလွယ်တာတွေကြောင့် မဝယ်ထားရဲကြတာ’ လို့ပြောပါတယ်။

အရင်ဈေးကွက်ကောင်းချိန်တုန်းက ရောင်းမယ်ဆိုရင် တစ်ရက် နှစ်ရက် အတွင်း အရောင်းထွက်တာရှိသလို တချို့ဆို တစ်နေ့တည်းကို ဈေးနှုန်းပြောင်းပြီး လက်ဆင့်ကမ်းရောင်းထွက်ပြီး ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဈေးကွက်က ဝယ်လက်ပျောက်နေတဲ့ ဈေးကွက်ဖြစ်နေတာလို့ သိရပါတယ်။

ဈေးလျှော့ရောင်းတဲ့ အကွက်တွေရှိပေမဲ့ တကယ့်နေရာကောင်းပြီး လမ်းမတန်းတွေမှာ လျှော့ရောင်းတာမျိုးမရှိဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ဆင်ခြေဖုံးမြို့သစ်တွေမှာပဲ တချို့ဈေးလျော့ရောင်းတာတွေရှိတယ်လို့ သိရတယ်။

ဝယ်ရောင်းမကျိုးဆောင် မကေသီက ‘အရင်က ဝယ်ရောင်းသမားတွေ ဈေးဝင်ကစားတဲ့ ဒဂုံမြို့နယ်တွေကလဲ ဈေးကွက်ပျက်နေတယ် ၊ မြို့သစ်တွေကလဲ တခဏပဲ ဈေးကွက်ဖြစ်ပြီး ပြန်ငြိမ်နေတော့ အရောင်းအဝယ်ဈေးကွက်က မရှိသလောက်ဖြစ်နေတာ’ လို့ပြောပါတယ်။

တချို့ကလည်း ဈေးထပ်ကျနိုင်တယ်လို့ ပြောကြတာရှိသလို အများစုကတော့ ဈေးကွက်ငြိမ်ပြီး ပုံမှန်ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြတာပါ။ တချို့ကတော့ လာမယ့်မိုးဦးကာလမှာ ဈေးကွက်အပြောင်းအလဲက နှစ်တိုင်းနီးပါးဖြစ်တတ်တာကြောင့် စောင့်ကြည့်ရမှာပဲလို့ ပြောကြပါတယ်။
Source: The Kumudra

Facebook comments