09-261334475

မြိတ်မြို့၌ ပထမဦးဆုံး နိုင်ငံတကာအဆင့်မီ အထပ် ၃ဝ ပါ Sea View Condo တည်ဆောက်မည်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ရေပုန်းနယ်မြေ ကမ်းနားလမ်း သဲကွင်း၌ မတ် ၂၅ ရက် နံနက် ၈ နာရီက မြိတ်မြို့တွင် ပထမဦးဆုံး နိုင်ငံတကာအဆင့်မီ အထပ် ၃ဝ ပါ Sea View Condo အုတ်မြစ်ချ ပန္နက်တင်မင်္ဂလာ အခမ်းအနားနှင့် နှစ်ဖက်သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပသည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကားပြောကြားပြီး ပြည်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်က ရင်းနှီးမြှုပ်နှံ၍ Hong Kong Future Group ကုမ္ပဏီလီမိတက်မှ တာဝန်ယူတည်ဆောက်သော Sea View Condo စီမံကိန်းအတွက် နှစ်ဖက်သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါ နိုင်ငံတကာအဆင့်မီ Sea View Condo စီမံကိန်းသည် မြိတ်မြို့၏ သာယာလှပသော ပင်လယ်ကမ်းခြေကို မျက်နှာပြု၍အထပ် ၃ဝ ပါ အထပ်မြင့်ကွန်ဒို စီမံကိန်းကို ပြည်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီ လီမိတက်က မြေဧက ၁၃ ဧကပေါ်တွင် အထပ် ၃ဝ ပါ အဆောက်အအုံအပါအဝင် စုစုပေါင်းအဆောက်အအုံ ၁ဝ လုံးကို အမေရိကန်ဒေါ်လာ သန်း ၁၅ဝ မတည်ရင်းနှီး၍ Hong Kong Future Group Co.,Ltd မှ နိုင်ငံတကာ အတွေ့အကြုံရှိသော ဆောက်လုပ်ရေးအင်ဂျင်နီ ယာများ၊ ဗိသုကာပညာရှင်များက ဧပြီလမှ စတင်၍ ငါးနှစ်အတွင်း တာဝန်ယူ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း Myeik Sea View Condo စီမံကိန်းတွင် ကမ္ဘာ့အဆင့်မီ ကုန်တိုက်ကြီးများ၊ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးများ၊ ခေတ်မီအားကစားခန်းမ၊ ရေကူးကန်၊ ဆေးခန်း၊ ဘဏ်လုပ်ငန်းများ၊ ဖူဆယ်ဘောလုံးကွင်းများ၊ ကလေးကစားကွင်းများ၊ အစည်းအဝေးခန်းမနှင့် မင်္ဂလာခန်းမအဖြစ် အသုံးပြုနိုင်ရန် ခန်းမကျယ်ကြီးများ ပါဝင်သောကြောင့် မြိတ်မြို့၌ ပထမဦးဆုံးသော နိုင်ငံတကာ အဆင့်မီ ကွန်ဒိုအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ပေါ်ထွက်လာမည်ဖြစ်ကြောင်း Mr. Zhang Jan (စီမံကိန်းတာဝန်ခံ)၏ ပြောကြားချက်အရ သိရသည်။

Source: MOI Webportal Myanmar

Facebook comments