09-261334475

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ရင်းနှီးငွေလိုအပ်ချက်ကြောင့် ကွန်ဒိုအဆောက်အအုံစီမံကိန်းအချို့ယာယီရပ်တန့်သွားနိုင်သည့်၊အလားအလာရှိဟု ကျွမ်းကျင်သူများ ခန့်မှန်းထား

ရန်ကုန်ရှိ ကွန်ဒိုတိုက်ခန်းများ ကြိုပွိုင့်စနစ်ဖြင့် ရောင်းချခြင်းများသည် သုံးနှစ်ခန့် အရောင်းအဝယ်ကောင်းခဲ့ပြီးနောက် ယခုနှစ်တွင် အရောင်းအေးလျက်ရှိရာ ဆောက်လုပ်ရေးကုမ္ပဏီအချို့မှာ အဆောက်အအုံများကို ဆက်လက်ဆောက်
လုပ်ရန် ငွေမလုံလောက်သည့် အနေအထားကြုံရဖွယ်ရှိပြီး ၎င်းတို့၏ စီမံကိန်းများကို အပြီးသတ်မဆောက်လုပ်နိုင်ဘဲ ရပ်တန့်ထားရသည့်အခြေအနေတွင် ရောက်ရှိကာ ဈးကွက်အတွင်း ယုံကြည်မှုမရှိနိုင်သည့် အနေအထားသို့ရောက်
လာနိုင်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်သည်။ “ဆောက်လုပ်ခွင့်ရထားတဲ့ စီမံကိန်း ၁၀၀ ကျော်လောက်က ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းလောက်ပဲ ဆောက်လုပ်နိုင်သေးပြီး လာမယ့်သုံးနှစ်အတွင်းမှာ အဆောက်အအုံတွေကို အပြီးသတ်ဆောက်လုပ်နိုင်ဖွယ်ရာရှိပါတယ်” ဟု Meinhardt အုပ်ချုပ်မှု ဒါရိုက်တာ John Anderson က ပြောသည်။ “စီမံကိန်း နည်းနည်းလေးလောက်ပဲ ဆောက်လုပ်ရေးကို တကယ်ဆက်ပြီးလုပ်နေကြတာပါ။ စီမံကိန်းတော်တော်များများမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဟာ သူတို့စီမံကိန်းရဲ့ ကုန်ကျစရိတ်ကို လျှော့တွက်ထားပါတယ်။ တစ်ခါတလေ ၁၀၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ယေဘုယျအားဖြင့် ဒီဇိုင်း တွေက ကောင်းပါတယ်။ ဒါပေမဲ့ အထပ်မြင့်အဆောက်အအုံကို
ပေးထားတဲ့ ဘတ်ဂျတ် အတွင်း ဆောက်ပေးနိုင်တဲ့ ကန်ထရိုက်တာမျိုး၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်မျိုး မတွေ့ကြသေးပါဘူး” ဟု ၎င်းက ပြောသည်။ ထိုအခြေအနေကို ပိုမိုဆိုးဝါးစေသည့်အချက်မှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်အတော်များများဘတ်ဂျက်မှာ ၎င်းတို့ခန့်မှန်းထားသည့် ပမာဏထက် နည်းနေခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကွန်ဒိုတိုက်ခန်း ဆောက်လုပ်ရေးစီမံကိန်း အများစုကို ကြိုပွိုင့် စနစ်ဖြင့်ရောင်းချပြီး ဆောက်လုပ်ရေး လုပ်ငန်းအတွက် ငွေကြေးရင်းနှီးမြှုပ်နှံ
ကြသော်လည်း စီမံကိန်းအများစုမှာ စီစဉ်ထားသည့်အတိုင်းဖြစ်မလာကြောင်း VDB Loi က အစုစပ် ပါတနာတစ်ဦးဖြစ်သူ Edwin Vanderbruggen ကပြောသည်။ “ဆောက်လုပ်ရေးလုပ်ငန်းရှင် တော်တော်များများဟာ ဆောက်လုပ်ရေး စီမံကိန်းကို အပြီးသတ်ဆောက်လုပ်နိုင်ဖို့ ငွေကြေးအလုံ အလောက်မရှိပါဘူး။ သူတို့ဟာ အဆောက်အအုံမဆောက်ခင်မှာ အခန်းတွေကို ကြိုပွိုင့်စနစ်နဲ့ရောင်းချပြီး ရရှိလာမယ့် ရင်းနှီးမြှုပ်နှံငွေကိုမျှော်ကိုးပြီး စွန့်စားဆောင်ရွက်နေကြတာပါ” ဟု ၎င်းကပြောသည်။ “၂၀၁၂ ခုနှစ်မှာတော့ ကြိုပွိုင့်စနစ်နဲ့အခန်းတွေကြိုရောင်းပြီး အဆောက်အအုံတွေကိုဆောက်တာ အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၄ ခုနှစ်မှာတော့ ဆောက်လုပ်ရေး စီမံကိန်းတွေ အပြိုင်အဆိုင်ထွက်ပေါ်လာတာကြောင့် ဝယ်လိုအားနည်းသွားပါတယ်။ တကယ်လို့ ရောင်းအားတွေကျနေပြီးကောလာဟလလည်း ပျံ့သွားမယ်ဆိုရင် တော့ အဲဒီစီမံကိန်းတော့သွားပြီ။ လူတွေလည်း မျက်ကလူးဆန်ပြာဖြစ်ကုန်ရော” ဟု ၎င်းကပြောသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ဝယ်လက်အများစုသည် အိမ်ခန်းများကို နေထိုင်ရန်အတွက် မဟုတ်ဘဲ အိမ်ခြံမြေဈေးကစားရန် ဝယ်ယူကြခြင်းဖြစ်ကြောင်း Green Vision က ဦးဆောင်ညွှန်ကြားရေးမှူး ဦးဉာဏ်မင်းထွဋ် ကပြောသည်။ “တကယ်ဝယ်လိုအားလည်းမရှိဘဲနဲ့ အိမ် ဈေးတွေ ထိုးတက်သွားပါတယ်။မြန်မာနိုင်ငံမှာ ရွှေ၊ ငွေကြေးနဲ့ ကားတွေကို ဈေးကစားကြတဲ့ အစဉ်အလာရှိပါတယ် ။ရွှေဈေးတို့၊ ဒေါ်လာ ဈေးတို့ကို စံသတ်မှတ်ဈေးနှုန်းချမှတ်လိုက်တဲ့အခါ ကွန်ဒိုတိုက်ခန်းတွေဟာငွေမြန်မြန်ရစေတဲ့ လူကြိုက်အများဆုံးနည်းလမ်းတစ်ခုဖြစ်လာခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။ “၂၀၁၂ ခုနှစ်မှာတော့ လူတော်တော်များများဟာ ကွန်ဒို တိုက်ခန်းတစ်ခန်းကို အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ နဲ့ မဝယ်နိုင်ကြပါဘူး။ 
ဒါပေမဲ့ နောက်နှစ်နှစ်လောက်ကြာတဲ့အခါမှာ ကွန်ဒိုခန်းတချို့ကို ဒေါ်လာတစ်သန်းလောက်နဲ့ ရောင်းချနေကြပါတယ်။ ၂၀၁၄ ခုနှစ်အတွင်းမှာ ကွန်ဒိုတိုက်ခန်းဈေးနှုန်းဟာ နှစ်ဆကနေသုံးဆအထိ မြင့်သွားခဲ့ပါတယ်” ဟု ၎င်းကပြောသည်။ ကုန်ကျစရိတ်များ မြင့်တက်လာခြင်း ယခုအခါတွင် ဈေးကစားသူများသည် ကွန်ဒိုတိုက်ခန်းဝယ်ခြင်းအား ရပ်လိုက်ကြပြီ ဖြစ်သည်။ “တကယ်နေထိုင်ဖို့အတွက် ဝယ်ကြတဲ့ဈေးကွက်မှာ ကျွန်တော့်အထင် အခန်းတွေရဲ့ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလောက်အထိပဲ ရောင်းထွက်ထားတာပါ” ဟု ရန်ကုန်အခြေစိုက် အိမ်ခြံမြေအတိုင်ပင်ခံလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ အမှန်တကယ်နေထိုင်ရန်ဝယ်ယူသည့် ကွန်ဒိုတိုက်ခန်းအရေအတွက်မှာ ကွန်ဒိုတိုက်ခန်း
စုပေါင်း၏ ၄၀ မှ ၅၀ ရာခိုင်နှုန်းအထိဖြစ်နိုင်ဖွယ်ရာရှိကြောင်း အခြားသူများက ခန့်မှန်းထားပြီး အဆိုပါနှုန်းထားသည် ဆောက်လုပ် ရေး လုပ်ငန်းရှင်များက မျှော်မှန်းထားသည့် အရေအတွက်ထက် နည်းနေသေးသည်ဟု ၎င်းတို့က ပြောည်။
 ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် စတင်ခဲ့သည့် ရောင်းအားကျဆင်းခြင်းနှင့် ပတ်သက်၍ အထင်အမြင်အမျိုးမျိုးပေးနေကြရာ ယခုနှစ် နိုဝင်ဘာလတွင်ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီကာလတွင် မသေမချာမရေရာသည့်
အကြောင်းတရားများကြောင့်လည်း ဖြစ်နိုင်ကြောင်း အများစုက ပြောသည်။ ရွှေတိဂုံစေတီတော်အနီးရှိ စီမံကိန်းငါးခုကိုရပ်ဆိုင်းပြီး ဖျက်သိမ်းလိုက်သည့်အတွက် ယုံကြည်မှု များ ကျဆင်းသွားသည်ဟု Bouygues Batiment International က မြန်မာနိုင်ငံဆိုင်ရာ ဌာနေမန်နေဂျာ Julien Esch က ပြောသည်။ “ဒဂုံစီးတီးလိုစီမံကိန်းကြီးတောင် ရပ်ဆိုင်းလိုက်ရတယ်ဆိုရင် သူတို့ဝယ်ချင်နေတဲ့ ကွန်ဒိုစီမံကိန်းသေးသေးလေးတွေရဲ့ အနာဂတ်ကလည်း မသေချာလောက်ဘူးလို့ လူတွေကတွေးကြပါတယ်” ဟု ၎င်းက ပြောသည်။ ဆာက်လုပ်ရေးစီမံကိန်းကြီးများကြောင့် ရန်ကုန်မြို့၏ အထင်ကရပြယုဂ်ဖြစ်သည့် ရွှေတိဂုံစေတီတော် မြင်ကွင်းကို အနှောင့်အယှက်ဖြစ်စေနိုင်သည်ဟုဝေဖန်သူများက ကန့်ကွက်ခဲ့ကြသည့်အတွက် ဇူလိုင်လတွင် စီမံကိန်းကြီး ငါးခုကို ဖျက်သိမ်းခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို နစ်နာကြေးပေးမည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။ ငွေကြေးရင်းနှီးမြှုပ်နှံရန် ရွးချယ်စရာမရှိခြင်းသည် ဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့် ဝယ်လက်နှစ်ဦးစလုံးအတွက် အဓိက ပြဿoနာဖြစ်သည်ဟု Mr.Esch ကပြောသည်။ လက်ရှိအခြေအနေမှာ ရောင်းလိုအားပိုလျှံ နေသည့် အလားအလာတွင်ရှိနေသည်ဟုလည်း ၎င်းကပြောသည်။ Yoma Strategic Holdings က အိမ်ခြံမြေ ဆိုင်ရာဌာနမှူး Cyrus Pun ကဆောက်လုပ်ရေးလုပ်ငန်းများတွင် ဆုံးဖြတ်ချက်ချခြင်းသာ အရေးပါကြောင်း ပြောသည်။ “လူတွေက စိတ်ဝင်စားမှုတော့ ရှိနေတုန်းပါပဲ။ ဒါပေမဲ့ သူတို့အချိန်ယူနေကြပါတယ်။ လူတော်တော်များများဟာငွေကြေနဲ့ပတ်သက်ပြီး စိုးရိမ်မှုရှိကြပါတယ်။ အခုတစ်လော ဝယ်ရခက်နေတဲ့ဒေါ်လာကို သူတို့မသုံးချင်ကြပါဘူး” ဟု ၎င်းက ပြောသည်။ အမေရိကန်ဒေါ်လာတွေဟာ ရွေးကောက်ပွဲ မတိုင်ခင်အထိ ‘စုဆောင်းသင့်သည့် ပိုင်ဆိုင်မှု’ အဖြစ်
လက်ခံထားကြဖွယ်ဖြစ်ကြောင်း အများစုက ယူဆထားကြသည်။ “လူတွေဟာ ပိုင်ဆိုင်မှုတွေကိုရောင်းချပြီး ငွေသားတွေ အထူးသဖြင့် ဒေါ်လာတွေနဲ့ ရွှေတွေကို သိမ်းထားကြပါတယ်။ ကွန်ဒိုအခန်းပိုတွေကို အငှားချထားဖို့ ဝယ်ထားတဲ့သူတွေဟာ သူတို့ရဲ့ရှိနှင့်နေပြီးသား ရင်းနှီး မြှုပ်နှံမှုနဲ့ပတ်သက်ပြီး စဉ်းစားကောင်းစဉ်းစားကြမှာပါ” ဟု မြန်မာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုက ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။ အဆိုပါအချိန်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၏ ကုန်ကျစရိတ်မှာမြင့်တက်လာသည်ဟု RHLB Myanmar ဦးဆောင် ညွှန်ကြားရေးမှူး Lilian Fork ကပြောသည်။ “ကန်ထရိုက်တာငှားရမ်းစရိတ်ကလည်း မြင့်တက်နေပါတယ်” ဟု ၎င်းကပြောသည်။ “ဒေသခံအလုပ်သမားတွေကို လစာတိုးပေးတာနဲ့ နိုင်ငံခြားသားကန်ထရိုက်တာ တွေက မြန်မာနိုင်ငံရဲ့ ကုန်ထုတ်စွမ်းအားနဲ ကျွမ်းကျင်မှုအဆင့်အတန်းက နိမ့်ကျနေတာရယ်၊ နောက်ကျကြေးမပေးချင်တာရယ် ကြောင့် ပြည်ပကကျွမ်းကျင်လုပ်သားငှားရမ်းရတာတွေကို ထည့်တွက်မထားရင်တောင် အလုပ်သမားစရိတ်မြင့်တက်နေတာလည်း ကန်ထရိုက်တာတွေအတွက် ကုန်ကျစရိတ်မြင့်တက်လာနေတဲ့ အချက်တစ်ချက်ပါ။ ပြီးတော့ ဆောက်လုပ်ရေးလုပ်ငန်းရှင်က ချက်ချင်းကန်ထရိုက်မပေးနိုင်ဘူးလို ့ ယုံကြည်ထားရင် ကန်ထရိုက်တာဟာ တင်ဒါဈေး အမြင့်ကြီးပေးရလေ့ရှိပါတယ်” ဟု ၎င်းက ပြောသည်။ စီမံကိန်းပြီးအောင် ဆောင်ရွက်ပေးနိုင် ခြေမရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် အများစုမှာမြေပိုင်မဟုတ်သည့်သူများ ဖြစ်သည်။ သို့သော် ၎င်းတို့၏ဝင်ငွေမှာ ၎င်းတို့ ညှိနှိုင်းထားသည့်ဈေးနှုန်းထက် နည်းသော်လည်း ငှားရမ်းခ ကုန်ကျစရိတ်ကို ကာမိစေရန်လုံလောက်သည်ဟု Mr.Anderson က ပြောသည်။ လွယ်လွယ်ရသည့်ငွေ လွယ်လွယ်ကုန်ခြင်း တစ်ချိန်တည်းမှာပင် ဝယ်လက်များသည် စီမံကိန်းနှင့်ပတ်သက်ပြီး တိုးတက်မှု တစ်စုံတစ်ရာမရှိသေးကြောင်းမြင်နေကြသော်လည်း လစဉ် အရစ်ကျပေးသွင်းငွေကို ဆက်ပေးသွင်းနေကြဆဲဖြစ်သည်။ “အရစ်ကျပေးသွင်းငွေတွေကို သူတို့ပေးရမှာပါ။ ဒါမှမဟုတ်ရင် သူတို့အခွင့်ရေးတွေ လက်လွတ်ဆုံးရှုံးသွားမှာပါ။ သူတို့တွေ အခက်တွေ့နေကြရတယ်” ဟု မြန်မာရင်းနှီး မြှုပ်နှံရေးကုမ္ပဏီ ဒါရိုက်တာက ပြောသည်။

Facebook comments