09-261334475

ရန်ကုန်မြို့သစ် စီမံကိန်းတွင် ပါဝင်မည့် တံတားငါးစင်းအနက် ပထမဆုံး တံတားဖြစ်သော ဗားကရာ-အလတ်ချောင်း တံတား စတင်ဆောက်လုပ်ရန် လျော်ကြေးကိစ္စညှိနှိုင်း

ရန်ကုန်မြို့သစ် စီမံကိန်းတွင် ပါဝင်မည့် တံတားငါးစင်းအနက် ပထမဆုံး တံတားဖြစ်သော ဗားကရာ-အလတ်ချောင်း တံတား စတင်ဆောက်လုပ်ရန် ပြင်ဆင်နေကြောင်း ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည်ဖော်မည့် ကုမ္ပဏီတစ်ခုဖြစ်သော ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီမှ ဒါရိုက်တာဦးခင်မောင်သန့်က ပြောကြားသည်။

အဆိုပါတံတားသည် လှိုင်မြစ်ကိုဖြတ်၍ ကြည့်မြင်တိုင် ဗားကရာမှ ကြည့်မြင်တိုင် တစ်ဖက်ကမ်းကို ဖြတ်သန်း ဆောက်လုပ်မည်ဖြစ်ပြီး အဆိုပါတံတားအား ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည်ဖော်မည့် ကုမ္ပဏီသုံးခုဖြစ်သော ရန်ကုန်အနောက်တောင် ဒေသဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ၊ Business Capital City Development Ltd နှင့် ရွှေသံလွင်ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သည့် ရွှေပုပ္ပား အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်တို့က ပူးပေါင်းဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။

တံတားတည်ဆောက်ချိန်ကို တစ်နှစ်ခွဲခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ တံတားအား ပန္နက်တင်မှုကို မူလက မတ် ၁၅ ရက်တွင် ပြုလုပ်မည်ဟု ခန့်မှန်းထားသော်လည်း လက်ရှိတွင် တံတားဆောက်မည့် နေရာတွင် ပြေးဆွဲနေသော သမ္ဗန်သမားများက တံတားတည်ဆောက်ပါက ၎င်းတို့ အလုပ်မဖြစ်တော့ ဟုဆိုကာ လျော်ကြေးများ တောင်းဆိုနေခြင်းကြောင့် ယင်းကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းနေသည်ဟု သိရသည်။

"အရင်ကတော့ မတ် ၁၅ ရက်မှာ ပန္နက်ရိုက်မယ်လို့ ပြောထားတာ။ ဒီတံတားက ရန်ကုန်မြို့သစ် စီမံကိန်းထဲက ပထမဆုံးတံတားပါ။ အခုဟာက လျော်ကြေးကိစ္စတွေလည်း ကြားမှာပါ။ သမ္ဗန်သမားတွေက လျော်ကြေး သိန်း ၄၀၀၀ တောင်းနေတယ်။ အနည်းစုပါ။ ၄၀၀၀ တောင်းတယ်။ အချို့ကလည်း ၂၀၀၀ တောင်းတယ်။ အချို့ကလည်း ၂၀၀ တောင်းတယ်။ မတူကြဘူးပေါ့။ ဒါကြောင့် ဦးတို့က သမ္ဗန်သမားတွေကိုတော့ အားလုံး တစ်ယောက် တစ်ပေါက်တော့ ပြောမနေကြနဲ့။ အားလုံးအစုအဖွဲ့ လုပ်ပြီးတော့တင်ပြ။ ကျွန်တော်တို့ ကုမ္ပဏီကိုရော အစိုးရအဖွဲ့ကိုရော တောင်းပေးမယ်လို့ ပြောထားတယ်။ ဘာပဲပြောပြော တော်တော်များများက ဒီတံတားကို ဆောက်ချင်ကြတယ်။ သမ္ဗန်သမားကလည်း တံတားဆောက်လိုက်ရင် သူတို့အလုပ် မဖြစ်တော့ဘူး။ စားဝတ်နေရေး ခက်ခဲသွားမယ်။ အဲဒါတွေကို ညှိနှိုင်းဖို့ လိုတာပေါ့" ဟု ရန်ကုန် အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီမှ ဒါရိုက်တာဦးခင်မောင်သန့်က ပြောကြားသည်။

သို့ဖြစ်ရာ ယင်းလျော်ကြေး ကိစ္စများနှင့် ပတ်သက်၍ စည်းမျဉ်းတစ်ခု ချမှတ်ကာ ၎င်းတို့တောင်းဆိုသည့် လျော်ကြေးများကို အကောင်အထည်ဖော်မည့် ကုမ္ပဏီများ၊ အစိုးရ အဖွဲ့ထံ တင်ပြသွားမည်ဟု သိရသည်။

ရန်ကုန်မြို့သစ် စီမံကိန်းကို ရန်ကုန်မြို့၏ အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းအကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေး ကားလမ်းအကြား မြေနေရာများကို လျာထားပြီး ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ တွံတေးမြို့နယ်ရှိ မြေနေရာများ ပါဝင်သည်။

ရန်ကုန်မြို့သစ် စီမံကိန်းတွင် မြစ်ကူးတံတားငါးစင်း၊ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ အငှားအိမ်ရာ စီမံကိန်းများ၊ ကျောင်းများ၊ ဘိုးဘွားရိပ်သာ၊ အဝေးပြေး ယာဉ်ရပ်နားစခန်း၊ ပြတိုက် စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့သစ် စီမံကိန်းကို ယခုနှစ်လယ်ပိုင်း စတင်မည်ဖြစ်ပြီး စီမံကိန်းမှာ ၁၀ နှစ်မှ ၁၅ နှစ်အထိ ကြာမြင့်မည် ဖြစ်သည်။

Source : Eleven Media Group

Facebook comments