မန္တလေးမြို့ရဲ့ အိမ်ခြံမြေအကွက်အကွင်းတွေထဲမှာ မြို့အရှေ့ဖျားကျနေတဲ့ ဧရိယာတွေဟာဒီနှစ်ထဲမှာ အရင်ကထက် လူနေသိပ်သည်းမှုပိုလာပြီး မြို့ပြဆိုင်ရာအကွက်အကွင်း ပိုမိုပီပြင်လာမှာဖြစ်ကြောင်း မြို့သစ်အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။ မြို့ရဲ့အရှေ့တောင်ဖျားကျတဲ့ အဲဒီမြို့ကွက်သစ်ဧရိယာတွေဟာ အခုအခါ လွန်ခဲ့တဲ့ငါးနှစ်တာကာလနဲ့ နှိုင်းယှဉ်ကြည့်ရင်ပဲ အနေအထားတွေဟာ သိသိသာသာကွာခြားခဲ့ပြီဖြစ်သလို အခုအခါမှာ တန်ဖိုးနည်းအိမ်ရာတွေမှာပါ အခြေချနေထိုင်သူတွေ ရှိလာတော့မှာဖြစ်တာကြောင့် အိမ်မြေအကွက်အကွင်း ဖွံ့ဖြိုးမှုမှာအခြေခံအကျဆုံးဖြစ်တဲ့ လူနေထိုင်မှုများလာခြင်းဆိုတဲ့ အချက်ဟာ ပိုပြည့်စုံလာတော့မှာဖြစ်ပါတယ်။ မြို့တော်စည်ပင်သာယာကနေ မကြာသေးခင်ကမှ မြို့ကွက်သစ်က တန်ဖိုးနည်း အိမ်ရာတွေကို မဲဖောက်ရောင်းချပေးခဲ့ပြီး အိမ်ထောင်စုထောင်ပေါင်းများစွာဟာ တစ်စစနဲ့ပြောင်းရွှေ့နေထိုင်လာကြတော့မှာပါ။ အဲဒီအချိန်မတိုင်မီကတည်းက မြို့ကွက်သစ်တွေမှာ ကြားဧရိယာတွေမှာပါ
လူနေခပ်စိပ်စိပ်တွေ့လာရတာ၊ လမ်းတွေကောင်းမွန်လာတာ၊ တချို့နေရာတွေမှာ လူဦးရေနဲ့အဆောက်အအုံကောင်းတွေ ထူထပ်နေတာတွေရှိခဲ့ပြီးဖြစ်ပါတယ်။ အိမ်ခြံမြေဈေးကွက်မှာ လက်ရှိအရောင်းအဝယ်ဟာ နှေးကွေးနေတယ်
ဆိုပေမယ့် မြို့ကွက်သစ်ဧရိယာတွေကတော့ မန္တလေးမြို့ ့ဈေးနှုန်းတန်းမှာ အနိမ့်မှာရှိနေတယ်ဆိုတဲ့ အချက်တစ်ခုရှိနေပါတယ်။ ဈေးနှုန်းတန်းအနိမ့်မှာရှိနေတာဟာ လူအများစု အရောင်းအဝယ်လုပ်ဖို့ စိတ်ကူးနိုင်တယ်ဆိုတဲ့ အားသာချက်ရှိနေပြီး သွက်သွက်လက်လက် လှုပ်ရှားရောင်းဝယ်နိုင်တဲ့ အားသာချက်ကိုလည်းဖြစ်စေတယ်လို့ အိမ်မြေအကျိုးဆောင်တွေက ဆိုပါတယ်။ အထူးသဖြင့် အတွင်းပိုင်းကျတဲ့ကြားကွက်ဧရိယာတွေဟာ လက်ရှိမှာ ကျပ်သိန်း ၁,၀၀၀
ပတ်ချာလည်လောက်ပဲ ဈေးလိုက်ချင်သူတွေ အလေးထားစဉ်းစားသင့်တဲ့နေရာတွေဖြစ်ကြောင်းလည်း အကျိုးဆောင်တချို့ ကပြောပါတယ်။ အိမ်မြေအကွက်အကွင်းမှာ ဈေးနှုန်းနည်းတဲ့ မြို့အရှေ့မြောက်ဖျားဖြစ်တဲ့ ပုသိမ်ကြီးမြို့နယ်တစ်ဝိုက်က အိမ်မြေနဲ့ မြို့အရှေ့တောင်ဖျားဖြစ်တဲ့ မြို့ကွက်သစ်တစ်ဝိုက်က အိမ်မြေတွေကို နှိုင်းယှဉ်ရင်တောင် အကွက်အကွင်းတွေအပေါ် မျက်စိကျတာ မတူပါဘူး။ အလားအလာနဲ့ မြို့ပြဆိုင်ရာပြယုဂ်တွေအရ မြို့ကွက်သစ်တွေက အားသာချက်များနေပြီး ဒီလိုဈေးကွက် ငြိမ်နေချိန်မှာ အခွင့်ကောင်းရှာတတ်သူတွေအနေနဲ့ ရင်းနှီးမြှုပ်နှံသင့်တဲ့ အကွက်အကွင်းဖြစ်ကြောင်း အတွေ့အကြုံရှိတဲ့ အကျိုးဆောင်တချို့က သုံးသပ်ကြပါတယ်။ှ
Source:The Myanmar Times